လုပ်ခလစာတွေ တိုးမြှင့်သတ်မှတ်ပေးရန် မြန်မာနိုင်ငံလယ်သမား အလုပ်သမား
သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်က တောင်းဆို
အံ့ဘုန်းမြတ် ၁ မေ ၂၀၁၀
http://burmese.dvb.no/news.php?id=10733
နိုင်ငံတကာအလုပ်သမားနေ့မှာ မြန်မာနိုင်ငံက အလုပ်သမားတွေက လက်ရှိကုန်ဈေးနှုန်းနဲ့ ကာမိစေဖို့ လုပ်ခလစာတွေ တိုးမြှင့်သတ်မှတ်ပေးဖို့အပါအ၀င် အလုပ်သမားအခွင့်ရေး တောင်းဆိုချက်လေးရပ်ကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ဒီတောင်းဆိုချက်ထဲမှာ ပါဝင်တဲ့အချက်ကို လယ်သမား၊ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်က တာဝန်ခံ အလုပ်သမား ခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။

“အလုပ်သမားအခွင့်အရေးများကို နိုင်ငံတကာစံနှုန်းများနဲ့အညီ ပြဌာန်းပြီး လက်တွေ့ကျင့်သုံးမှုပြုလုပ်ရန် အလုပ်သမားသမဂ္ဂဖွဲ့စည်းပေးရန်၊ ကုန်ဈေးနှုန်းနဲ့အညီ ကာမိစေဖို့ လစာငွေများ သတ်မှတ်ပေးရန်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုနဲ့ တိုင်ပင်ညှိုနှိုင်းပြီး အလုပ်သမားထုကြီးရဲ့ဘ၀ လိုအပ်ချက်ကို အပြည့်အ၀ ဖြည့်ဆည်းပေးရန်တို့ဖြစ်ပါတယ်။”
ဒါအပြင် ဒီတောင်းဆိုချက်တွေပါတဲ့ မေဒေးနေ့ ကြေညာချက်ကို ရန်ကုန်တိုင်းထဲက မြို့နယ် ခြောက်ခုမှာ ဖြန့်ဝေခဲ့တယ်လို့လည်း တာဝန်ခံအလုပ် အလုပ်သမားခေါင်းဆောင်က ဆိုပါတယ်။ ကြေညာချက် ထုတ်ပြန်ရတာနဲ့ပတ်သက်ပြီးတော့လည်း သူက အခုလို ဆက်ပြောပါတယ်။
“အလုပ်သမားကြေညာချက်ကတော့ နိုင်ငံတကာအလုပ်သမားတွေက သူတို့ရဲ့ရပိုင်ခွင့်တွေကို လိုအပ်ချက်တွေကို ညှိနှိင်းတာပဲဖြစ်ဖြစ် ဆန္ဒပြတောင်းဆိုလို့ပဲဖြစ်ဖြစ် ရတယ် ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာကတော့ ဒီနေ့အထိ အောင်ပွဲမရသေးဘူး။ ဒါကို ၂၀၁၀ ဖေဖော်ဝါရီလနဲ့ မတ်လ စက်မှုဇုန်အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲက သက်သေပါပဲ။ တောင်းဆိုတဲ့ အချက်တွေကို နအဖစစ်အစိုးရဒီနေ့အထိ တာဝန်ယူဖြေရှင်းပေးခြင်း မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံအလုပ်သမား၊ လယ်သမားသွေး စည်းညီညွတ်ရေးအဖွဲ့ချုပ်က အလုပ်သမားထု အခွင့်အရေးကို နိုင်ငံတကာစံနှုန်းနဲ့အညီရဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ဒီနေ့ မေဒေးနေ့မှာ ကြေညာချက်ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”
ဒါအပြင် လယ်သမားအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ အွန်လိုင်းဂျာနယ်တစောင်ကိုလည်း ထုတ်ဝေဖို့ ရှိတယ်လို့လည်း သိရပါတယ်။
Leave a Reply