ဒေသတချို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ်
အံ့ဘုန်းမြတ် ၃၀ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10711
လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ အထက်ပိုင်းဒေသတချို့နဲ့ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေထဲက ဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ ရှိခဲ့တာပါ။ မနေ့ညကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း မိုးသက်လေပြင်းကျပြီး စာသင်ကျောင်းတချို့ အပါအ၀င် ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကားလမ်းအပေါ်မှာ ဘယ်ယာဉ်မှ မမောင်းရဲတော့ဘူး။ နောက်တခါ မိုးသီးတွေပါ ကြွေတာ။ တော်တော်ကို ပြင်းပြင်းထန်ထန် အလုံးကြီးကြီးတွေ ကြွေတာ။ ကားလမ်းဘေး တဖက်တချက်မှာရှိတဲ့ သစ်ပင်တွေ ကိုင်းအကြီးကြီးတွေ ကျိုးကျ ကုန်တယ်၊ ဓာတ်တိုင်တွေ လဲကုန်တယ်။ အားလုံး လေပြင်းကျတဲ့ အချိန်က မိနစ် ၂၀ ကျော်လောက် ရှိတယ်။ ကျနော်တို့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး မြို့တွင်းမှာ ဆိုလို့ရှိရင် ဘေလ်ဘုတ်တွေ။ ဈေးရဲ့အရှေ့ဘက် လမ်းမှာရှိတဲ့ တော်တော်များများလည်း ကျိုးကျပြီးတော့အောက်မှာ ဈေးရောင်းနေတဲ့ ဆိုင်တွေ အားလုံးကိုသွားပိတယ်။”
ဒါ့အပြင် ညောင်လေးပင်မြို့နယ်ထဲက မဒေါက်ကျေးရွာမှာလည်း မနေ့ကပဲ မိုးကြိုးပစ်မှုကြောင့် လယ်စောင့်တဦး ဒဏ်ရာရပြီး မဒေါက်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့လည်း ရွာခံတွေက ပြောပါတယ်။ နွား ၄ ကောင်လည်း သေဆုံး သွားတယ်လို့ သိရပါတယ်။ မကွေးတိုင်း အောင်လံမြို့နယ်ဘက်က အခြေအနေတွေကိုလည်း အောင်လံ ဒေသခံတဦးက
“မြို့ပေါ်မှာတော့ လေပြင်းမတိုက်ဘူး။ အောင်လံတောင်ဘက်ခြမ်းလို့ ပြောလို့ရတဲ့ မပြင်းတို့၊ ကျည်းအာကုန်းတို့ ရွာတွေဘက်မှာ သူတို့က မြစ်ကမ်းနားတော့ နည်းနည်းနီးတယ်။ ကျော်စွာ ဘာညာ။ အဲဒီဘက်မှာ နောက်ဓာတ်မြေသြဇာစက်ရုံတွေဘက်မှာ နည်းနည်းပါးပါး အပျက်အဆီးတွေ ရှိတယ်လို့ ပြောတယ်။”
အစိုးရအာဘော်ထုတ် သတင်းစာတွေမှာတော့ ဧပြီ ၂၃ ကနေ ၂၆ ရက်နေ့အထိ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ချင်းပြည်နယ် နန်းယွန်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်း နေပြည်တော်၊ တပ်ကုန်းနဲ့ စစ်ကိုင်းတိုင်း ကသာ၊ ၀န်းသို၊ ကော်လင်း၊ ဘုတလင် စတဲ့မြို့နယ်တွေမှာလည်း လေပြင်းတိုက်ခက်မှုကြောင့် အဆောက်အအုံတွေ အမိုးလန်ခြင်း၊ လျှပ်စစ်ဓာတ်မီးတိုင်တွေနဲ့ သစ်ပင်တချို့ ပြိုလဲခြင်း၊ လူနေအိမ်တချို့ပျက်စီးခြင်း၊ လမ်းပိတ်ဆို့ခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို မိုးသည်းထန်ပြီး လေပြင်းတိုက်ခက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က အခုလို မှတ်ချက်ပေးပါတယ်။
“အင်္ဂလိပ်လို အနောက်မြောက်လေ။ မြန်မာလိုတော့ ရာဟုက တိုက်တဲ့လေ။ ဒေသအခေါ် အညာကတော့ လေနီကြမ်း ခေါ်ကြတာပေါ့။ မိုးလေ၀သဌာနကလည်း မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ မိုးတိမ်တောင်ဆိုတာ ရာသီ ဥတု ၁၀ မျိုးလောက် သတ်မှတ်ထားပါတယ်။ အဲဒီပေးတဲ့ အထဲမှာ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ ဒါ မိုးတိမ်တောင်က ပေးပါတယ်။ မိုးတိမ်တောင်က အားကောင်းလာရင် အဲဒါတွေအပြင် လေဆင်နှာမောင်းလည်း တိုက်တတ်တယ်။ ဆိုင်ကလုန်းမုန်တိုင်းလည်း တိုက်တတ်တယ်။ မိုးသီးကြွေတတ်တယ်။ မိုးကြိုးပစ်တတ်တယ်။ တွဲပါလာတတ်တယ်။ local weather ခေါ်ပါတယ်။ ၁၀ မိုင် ပတ်ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။ မုတ်သုန်ပုံမှန်အတိုင်း ဆက်ရှိမယ် အားကောင်းမယ်ဆိုရင် မိုးတိမ်တောင်က မုတ်သုန်ကာလမှာ မဖြစ်တော့ပါဘူး။ မုတ်သုန်က သိသိသာသာ အားပျော့မယ်ဆိုရင် ရံဖန်ရံခါ မိုးတိမ်တောင်က ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုးတွေက ပူတဲ့အချိန်မှာ အဖြစ်များပါတယ်။”
ဒီနှစ်အတွက် မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မေလ ဒု တိယပတ်အတွင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို မေလကုန်ပိုင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို ဇွန်လဆန်းပိုင်းမှာ ၀င်ရောက်နိုင်တယ်လို့လည်း မိုးဇလဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ထူးခြားတဲ့ နေအပူအချိန်တွေမှာ သာယာဝတီမြို့မှာ ၄၂ ဒသမ ၂ ဒီဂရီ စင် တီဂရိတ်၊ နေပြည်တော် (ပျဉ်းမနား)၊ အောင်လံနဲ့ မကွေးမြို့တွေမှာ ၄၂ စင်တီဂရိတ် အသီးသီး ရှိနေကြပါတယ်။
Leave a Reply