ဖွဲ့စည်ပုံအခြေခံဥပဒေ အခြေခံကိုမှ မသိရင် မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ်မရှိဟု
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
အံ့ဘုန်းမြတ် ၂၅ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10667
(၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)
မဲဆန္ဒရှင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကိုမှမသိရင် မဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း အဓိပ္ပါယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြားလိုက်တယ်လို့ သိရပါတယ်။ နေအိမ်တွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေ အမှုလျှောက်လွှဲချက် ကိစ္စသွားရောက်ဆွေးနွေးစဉ် အခုလိုပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။
“မနေ့က ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတခုက အခုရွေးကောက်ပွဲဆိုတာကို လုပ်ကြတော့မယ်တဲ့။ အဲ့တော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပေါ်ပေါက်လာတာ။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အခုရွေးကောက်ပွဲ နဲ့ ပတ်သတ်တဲ့ ဥပဒေတွေထုတ်တယ်။ အဲ့တော့ မဲဆန္ဒရှင်တယောက်က အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတို့ ဘယ်လောက်သိသလဲဆိုတာ ဥပဒေတရပ်ကို ဥပဒေပညာရှင်လို နားလည်ဖို့ မဟုတ်ဘူး။ အခြေခံလောက်ကို သိသလား၊ မြင်ဖူးသလား၊ တွေ့ဖူးသလား။ တကယ်လို့ မဲဆန္ဒရှင်တယောက်က အဲ့ဒါတွေ ဘာမှ မသိဘူးဆိုရင် အဲ့ဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုကလည်း ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး။ အဲ့ဒီလို မှတ်ချက်ပေး ပြောကြားတာရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေစဉ် နအဖစစ်အစိုးရ အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုစဉ်ကလည်း ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးခွင့်ရခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့တဲ့ နအဖစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီရဲ့ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအဖြစ် ထပ်မံသက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ပါတီဝင်အားလုံး ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပါတီရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကိုလည်း ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ပြန်ပြောပြပါတယ်။
“သင်္ကြန်မတိုင်ခင် ၇ ရက်နေ့တွေ့တုန်းကတည်းက သူပြောလိုက်တာ၊ မှာလိုက်တာတွေ ရှိတယ်။ ဒါက မတရားတဲ့လုပ်ရပ်ပဲ၊ ဒီမတရားတာကို သူလက်မခံဘူး။ အဲ့တော့ ပါတီမရှိ တော့ဘူးဆိုလည်း မရှိဘူးပေါ့။ ပါတီဆိုင်းပုဒ်နဲ့ အလံကတော့ ကိုယ်ဟာကိုယ် မချဘူး၊ အဲ့ဒါပါ။”
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့ပြီး အထူးအယူခံအနေနဲ့ ထပ်မံတင်သွင်းဖို့ ရှိနေပါတယ်။ ဗဟို တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခဲ့စဉ်က ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ရှေ့နေဦးဥာဏ်ဝင်းက ခုလို ပြောပါတယ်။
“အဓိက ပယ်ချလိုက်တာက ၁၉၇၄ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ယူပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်ခဲ့တယ်။ ကျနော်တို့က ပြောတာက ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီလိုသုံးခွင့်မရှိတော့ဘူး။ သူက သေနေတဲ့ ဥပဒေပဲလို့ ပြောတယ်။ တရားရုံးက ဘယ်လို သုံးသပ်လဲဆိုတော့ အဲ့ဒီလို ပုဒ်မတွေကို သုံးတာဟာ သူတို့လေးလေးနက်နက် သုံးတာမဟုတ်ဘူး၊ သာမန် သုံးလိုက်တာတဲ့။ ဒါစဉ်းစားစရာ မလိုဘူးတဲ့၊ အဲ့ဒီလိုပြောတယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ အကျိုးအကြောင်း ဖော်ပြချက်မပါတဲ့ ပယ်နည်းပေါ့၊ အဲ့ဒါပါပဲ။”
Leave a Reply