နိုင်ငံရေးပါတီနှစ်ခု ပါတီထူထောင်ခွင့် စတင်ရရှိ


နိုင်ငံရေးပါတီနှစ်ခု ပါတီထူထောင်ခွင့် စတင်ရရှိ

အံ့ဘုန်းမြတ် ၂၃ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10658

နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီနှစ်ခုကို ခွင့်ပြုချက် ချပေးလိုက်ပြီလို့ သိရပါတယ်။ ပါတီထူထောင်ခွင့် ရရှိတဲ့ နိုင်ငံရေးပါတီနှစ်ခုကတော့ ကိုရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နဲ့ ကိုအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။ ဒီပါတီ နှစ်ခုကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကကိုအေးလွင်က ပြောပါတယ်။

ကိုအေးလွင် (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)

“ဒီနေ့သတင်းစာထဲမှာ ပါတယ်။ ညကလည်း ရုပ်မြင်သံကြား အစီအစဉ်ကနေ ထည့်ပြီးထုတ်လွှင့် သွားတယ်။ ကျတော်တို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရယ်၊ နောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ရယ် ကျနော်တို့ ထူထောင်ခွင့် တင်ထားတာကို သူတို့ ခွင့်ပြု လိုက်ပြီဆိုတဲ့ ဟာပါ။”

ပါတီထူထောင်ခွင့် ရရှိထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်နဲ့ပတ်သက်တဲ့ လွတ်လပ်မှု ၅ ရပ်၊ နိုင်ငံသား လွတ်လပ် မှု ၂ ရပ်ကို အခြေခံအချက်တွေကို ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကိုအေးလွင်က ဆိုပါတယ်။

“နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဟာကတော့ ကျနော်တို့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ဆိုတဲ့ အခွင့်အရေးတွေဟာ အခြေခံကျတယ်။ အဲဒီအပေါ်မှာမှ မူတည် အခြေခံပြီးတော့ ပေါက်ပွားလာတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်တို့၊ လွတ်လပ်စွာ ရေးသားပုံနှိပ် ဖြန့်ဝေပိုင်ခွင့်တို့၊ ထုတ်ဝေပိုင်ခွင့်တို့၊ စီတန်းလမ်းလျှောက် ခွင့်တို့၊ အဖွဲ့အစည်းတွေ ထူထောင်ခွင့်တို့၊ အစည်းအဝေးတွေ ပြုလုပ်ခွင့်တို့၊ အစရှိ သည်ဖြင့်ပေါ့။ ဒါကျနော်တို့ အများပြည်သူနဲ့ ပတ်သက်တဲ့ လွတ်လပ်ခွင့်တွေပေါ့။ ဒါတွေဟာ ဒီမိုကရေစီ အခွင့်အရေးတွေလို့ ပြောလို့ရမယ်။ အဲတော့ အဲဒီအခွင့်အရေးတွေ အမြဲရှင်သန်နေဖို့ဆိုပြီး ဒီအချက်နှစ်ချက်ပေါ့နော်။ အဲဒီဟာတွေကို အဓိကထားပြီး ကျနော်တို့က ဦးတည်ပြီး ဆောင်ရွက်သွားမှာပါ။”

နိုင်ငံတော်နဲ့ပတ်သက်တဲ့ လွတ်လပ်မှု ၅ ရပ်မှာတော့ နိုင်ငံရေးလွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ စစ်ရေးနဲ့ ကာကွယ်ရေးလွတ်လပ်မှု၊ ဥပဒေပြုလုပ်ရေး လွတ်လပ်မှုနဲ့ အုပ်ချုပ်ရေး လွတ်လပ်မှုစတဲ့ အချက်တွေကို ပြည်ပသြဇာခံမှုက လွတ်လပ် မှုရှိအောင် ကြိုးပမ်းဖော်ဆောင်မှာ ဖြစ်တယ်လို့လည်း ကိုအေးလွင်က ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကနေ ထပ်မံခွင့်ပြုဖို့ ရှိတယ်လို့လည်း အခြားရွေးကောက်ပွဲ နိုင်ငံရေးပါတီဝင် တချို့က ပြောပါတယ်။

အခုလို ပါတီထူထောင်ခွင့် ခွင့်ပြုချက်ရရှိပြီး ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်နဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ အရ ထူထောင်မယ့်ပါတီဝင်တွေက ပါတီခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်ကို ရွေးချယ်ပြီး အတည်ပြု တင်ပြကြရမှာ ဖြစ် သလို ပါတီမူဝါဒ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ မှတ်ပုံတင်ကြေး သုံးသိန်းပေးသွင်းပြီး ပါတီမှတ်ပုံတင် ပြုလုပ်ကြ ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှ တိုင်းပြည်ကိုယ်စားပြုပါတီ အတွက် ပါဝင်ဦးရေ တထောင်၊ တိုင်းနဲ့ပြည်နယ် ကိုယ်စားပြု ပါတီအတွက် ပါတီဝင်ဦးရေ ငါးရာ စသည်ဖြင့် တင်ပြပြီး ပါတီ အတည်ပြုချက်ကို ရယူကြရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီအဖြစ် အသိမှတ်ပြုကြောင်း အထောက် အထားရရှိမှ ပါတီပုံနှိုပ်ထုတ် ဝေရေး အတွက် ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ကြေးတသိန်း၊ အာမခံငွေ ငါးသိန်းပေးသွင်းပြီး ပုံနှိုပ်ထုတ်ဝေခွင့် ထပ်မံ လျှောက်ထား ကြရမှာဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသာပါတီအများစုကတော့ နအဖစစ်အစိုးရ ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါဝအင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရား မျှတမှုလုံးမ၀ မရှိတာကြောင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံသက်တမ်းတိုးခြင်း မရှိသေးပါဘူး။ ဒီအခြေအနေမှာပဲ ကုလသမဂ္ဂအပါအ၀င် ကမ္ဘာနိုင်ငံအသီးသီးက တရားမျှတပြီး အားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ နအဖစစ်အစိုးရကို တိုက်တွန်းထားကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: