စာရေးဆရာ သတင်းစာဆရာကြီး သာဂဒိုး ကွယ်လွန်
အံ့ဘုန်းမြတ် ၂၄ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10663
(၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)
နိုင်ငံကျော်စာရေး၊ သတင်းစာဆရာကြီး တစ်ဦးဖြစ်တဲ့ ဆရာသာဂဒိုး ၈၅ နှစ်ဟာ ဒီနေ့ နံနက် ၆ နာရီအချိန် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ ဆရာကြီးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဆရာကြီး ကွယ်လွန်ခဲ့တာပတ်ပြီး ဆရာကြီးရဲ့ သားဖြစ်သူ ဦးအေးမင်းက

“ဧပြီ ၇ ရက်နေ့လေ နေပြည်တော်ကိုသွားတာပါ။ အလုပ်ကိစ္စနဲ့ နေ့ချင်းပြန် ၁၂ နာရီ တိတိမှာထွက်လာတာခင်ဗျ။ နေကတော့ အရမ်းပူတာပေါ့ဗျာ။ လူကြီးဆိုတော့လေ မခံနိုင်တဲ့အခါမှာ အဲဒီမှာ သတိမေ့သလိုဖြစ်တယ်။ အပူကြီးတာပေါ့။ အပူကဘယ်လောက် ဖြစ်သလဲဆိုရင် ၁၆၀ ဖြစ်နေတယ်။ ဆေးရုံကြီးသွားပို့တော့ အဲယားကွန်းအခန်းမှာ ထားပြီးတော့ တခါတည်း အပူကျအောင်ရေပတ်တွေဘာတွေတိုက်ချ။ အခုကျသွားပြီးတော့ ၁၀ ရက်လောက်ကြာတဲ့အခါမှာ ရောဂါရှာနေတုန်းပဲ နှာခေါင်းပိုက်တွေဘာတွေ ဖြုတ်ခိုင်းလိုက်တယ်။ နှာခေါင်းပိုက်ကနေ စရင်းသွင်းတဲ့ ဥစ္စာတွေ အဲဒီမှာကျနော်တို့ ဆန်ပြုတ်ကျွေးပါဆိုတော့ ကျွေးပါတယ်။ ချောင်းတွေဘာတွေ ဆိုးတယ်လေ။ နောက်နေ့ကျတော့ အဖျားတက်တယ်။ သူ့ကို ဆရာဝန်တွေကပြောတယ် သီးများ သီးသွားလား။ အဲဒါတော့မသိဘူး။ ချောင်းတော့ဆိုးတာပဲလို့ အခုက တက်တာ ရက် ၂၀ ပေါ့နော်။ ၁၀ ရက်လောက်မြောက်မှာ အဲဒီနောက်ပိုင်းမှာတခါ တဖြည်းဖြည်းဖျားလိုက် ကျလိုက်နဲ့ မနေ့ကမှအဖြေနောက်ဆုံးသိတယ်။ ကြားမှာ ကျနော်တို့ စီပိုး ဘီပိုး၊ ဘာပိုး ညာပိုးတွေရှာ ကြတာပေါ့လေ။ ဘာလဲဆိုတော့ အဆုတ်ထဲကို အစာလေးရောက်သွား တယ်တဲ့။ အစာလေးရောက်သွားတော့ ဒါပေမဲ့ အချိန်လေး နောက်ကျသွားတယ်။ ဒီနေ့ မနက် ၆ နာရီလောက်ဆုံးသွားပါတယ်။”
ဆရာကြီးကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဆရာဟိန်းလတ်က အခုလို ၀မ်းနည်းစကားဆိုပါတယ်။

“ကျနော်အင်မတန် အမှတ်ရတယ်။ ဆရာသာဂဒိုးက စာမရေးတာကြာပြီ။ အကြောင်း ကြောင်းကြောင့် စာမရေးတာဖြစ်ဘူးပေါ့နော်။ အဲလိုနေတုန်းမှာ ကျနော်ကဆရာ သာဂဒိုးဆောင်း ပါးကို လွန်ခဲ့သော ၆ နှစ်လောက်က ကျနော်ကစပြီးတော့ ပြန်ထည့်တာ ပြန်ထည့်ကတည်းက ဆရာပြန်ပြီး စိတ်ပါသွားတယ်။ စိတ်ပါသွားတော့ ဒုတိယအကြိမ်ပြန်ရေးတာကိုး စာစောင်တိုင်းမှာ သူမပါရင် မဖြစ်သလောက် သူရေးသွားတယ်။”
“ကျနော်ကိုအမြဲ ကျေးဇူးတင်တယ်လို့ပြောတယ်။ အဲတော့ ဆရာလုပ်လိုက်လို့ ကျနော်ပြန်စာရေး ဖြစ်သွားတာ ဆိုပြီးတော့ အဲလိုတွေဖြစ်ပါတယ်။ အခုလည်း နိုင်ငံရေး ဆောင်းပါးတွေရေးမယ် ဆိုပြီးတော့ ရေးနေပြီ။ ကျနော်တို့ဆီမှာတောင် ဖဆပလ အကွဲပြဲတို့ ဦးဘိုဘို သခင်အကြောင်းတို့ ရေးထားတယ်။ ၂ ပုဒ်ပါလာပြီးပြီပေါ့။ နောက် ကျနော့်ကို ပို့ထားတာ ၇ ပုဒ်ကျန်ပါသေးတယ်။ မထည့်ရသေးဘူး၊ အဲတော့ မြန်မာစာပေလောကအတွက်၊ သတင်းစာလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတခုပါပဲ။”
ဆရာကြီး သာဂဒိုးကို ၁၉၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အဖ ဦးဆိုင်၊ အမိဒေါ်မေညွန့် တို့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဒါးကမြို့အနီးရှိ ဖျာတန်းကျေးရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်ကနေစတင်ပြီး ရန်ကုန်သတင်းစာ၊ အိုးဝေသတင်းစာတို့မှာ ကာတွန်းများရေးဆွဲပြီး ကာတွန်းဆရာအဖြစ် စာနယ်ဇင်းလောကကို ၀င်ရောက်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ် သူရိယသတင်းစာ စတင်ထွက်ရှိချိန်မှာပင် မတော်လှန်ရဲသူတို့ . တော်လှန်ရဲသူကြီး ဆောင်းပါးအပါအ၀င် ကိုယ်တွေ့ အပေါ်အခြေခံတဲ့ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဒါအပြင် သတင်းစာတွေမှာ ကော်လံစား စာရေးဆရာအဖြစ် ဆောင်းပါးများစွာ ရေးသားခဲ့ပြီး တပ်နီလမ်းစစာအုပ် ပထမဆုံးထွက်ရှိခဲ့ပါတယ်။ ထိုနောက် ၁၉၄၆ ခုနှစ်တွင် ရှုမ၀မဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်းတဲ့ မဂ္ဂဇင်းတွေမှာ ၀တ္ထုတို၊ ၀တ္ထုရှည်များကိုရေးသားခဲ့ပြီး ဆရာကြီးလက်ရာ ၀တ္ထုတွေဟာ ဟာသရသမြောက် လှသဖြင့် ဟာသစာရေးဆရာအဖြစ် သတ်မှတ်တာ ကိုလည်း ခံခဲ့ရပါတယ်။
၁၉၅၂ တွင် ရန်ကုန်တက္ကသိုလ်မှာ သတင်းစာဒီပလိုမာသင်တန်းတက်ရောက်ခဲ့ပြီး သြစတေးလျ၊ နယူးဇီလန်စတဲ့နိုင်ငံတွေမှာ သတင်းစာပညာတွေကို လေ့လာခဲ့ပါတယ်။ ၁၉၈၄ မှ ၁၉၈၈ ခုနှစ်အထိ ကြေးမုံသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီး အငြိမ်းစာယူခဲ့ပြီး ၂၀၀၄ ခုနှစ်မှ စတင်ကာ စာများကို ပြန်လည်ရေးသားခွင့်ရရှိခဲ့ကာ စူလာနဖာနှင့် ဆေးနည်းဆေးပင်များ စာအုပ်ထွက်ရှိခဲ့ပြီး များစွာအောင်မြင်မှုရရှိခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တာကြောင့် စာပေဖတ်ရှုရင်း ဘယဆေးပင်များအကြောင်း လေ့လာမှုတွေ ပြုလုပ်နေရင်း ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။ ဆရာကြီး ကွယ်လွန်ချိန်မှာ ဦးသိဒ္ဓိ၊ ဦးစံလူ၊ ဦးအေးမင်းစတဲ့ သားသုံးယောက်၊ မြေးခြောက်ဦးနဲ့ မြစ် ၂ ဦးတို့ ကျန်ရှိခဲ့ပါတယ်။ ဆရာကြီးရဲ့ ကျွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ဒီလ ၂၆ ရက်၊ တနင်္လာနေ့ နံနက် ၈ နာရီခွဲမှာ ရေဝေးသုသန်ကို ပို့ဆောင်မီးသဂြိုလ်မယ်လို့သိရပါတယ်။
Leave a Reply