အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ နှီးနှောဖလှယ်ပွဲ
အံ့ဘုန်းမြတ် ၂၂ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10643
အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ နှီးနှောဖလှယ်ပွဲတခုကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပပြုလုပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုများ နှီးနှောဖလှယ်ပွဲကို ဧပြီလ ၂၁ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှားဌာနခွဲ) ကနေ ဦးစီး ကျင်းပနေတာပါ။ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ မလေးရှား၊ ကနေဒါ၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ် ကွန်ယက်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇွန်မီအမျိုးသားကွန်ဂယက်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ အဖွဲ့အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်း ၁၀ ခု လောက် တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ) ဥက္ကကိုကျော်ကျော်က အခုလိုပြောပါတယ်။

“အဓိကထားတာကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွင်းမှာ ကျနော်တို့ စစ်အစိုးရကို ဘယ်လို ရင်ဆိုင်မလဲ။ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုမျိုး တားဆီးနိုင်မလဲ။ ဒီနှစ်ခုကိုပဲ အဓိကထား ဆွေးနွေးဖို့ အစီအစဉ် လုပ် ထားတယ်။”
ဒီဆွေးနွေးပွဲမှာ နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြို ကာလနဲ့ ရွေးကောက်ပွဲ ကာလတွေမှာ ပြည်သူတွေကို နိုင်ငံရေးစိတ်ဓာတ်နိုးကြားလာအောင် ပညာပေးပြီး ပြည်သူတရပ်လုံး ပါဝင်လာမယ့် လူထုလှုပ်ရှားမှုအသွင် ဆောင်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့လည်း ကိုကျော်ကျော်က ဆိုပါတယ်။
“ရွေးကောက်ပွဲ ပြီးတာနဲ့ ပြည်သူပြည်သားတွေ အကုန်လုံးသည် စစ်ကျွန်ဘ၀ကို ကျရောက် သွားပြီဆိုတဲ့ အကြောင်းတွေ၊ နောက်တခုက ကျနော်တို့က ရွေးကောက်ပွဲကို ဘယ်လို တားဆီးနိုင်မလဲ။ ဘယ်လိုတားဆီးရမလဲ။ နောက်တခုက ဒီရွေးကောက်ပွဲသည် ကျနော်တို့ ပြည်သူတွေနဲ့ သက်ဆိုင်လား မသက်ဆိုင်ဘူးလား နောက်တခုက ဒီစစ်အစိုးရကို တော်လှန်ခြင်းသည် ပြည်သူတွေအတွက် ဘယ်လောက်အထိ ဘုံရည်မှန်းချက်တွေ တူညီနေမလဲ။ ဘယ်လောက်အထိ အကျိုးအမြတ်တွေ ရလာနိုင်မလဲ။ ဒီလိုပညာပေးမှုတွေကို ဆက်လက်လုပ်ဆောင်ပေးမယ်။ အဲဒီပညာပေးမှုတွေကတဆင့် လူထုတိုက်ပွဲ တခုကို ၂၀၁၀ ရွေးကောက်ပွဲကို မစခင်အထိ လုပ်နိုင်ဖို့ကို ကျနော်တို့ ဒီကနေ အစီအစဉ် ချသွားဖို့ ရှိပါတယ်။”
ဒီဆွေးနွေးပွဲကနေ နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ကန့်ကွက်ဖို့၊ ပြည်သူလူထုတွေကနေ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အသိပညာပေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ဖိတ်ခေါ်ကျင်းပဖို့တွေကို ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ အလားတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာလည်း ဒီလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
ကိုကြီးရေးတာတွေ အားပေးပါတယ်… မြန်မာနိုင်ငံကို ဘယ်တော့ ပြန်လာမလဲ
LikeLike