ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ သတင်းများ
အံ့ဘုန်းမြတ် ၂၀ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10631
မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး အတာသင်္ကြန်အကြတ်နေ့ နေလယ်ပိုင်း ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ X2O မဏ္ဍပ်အနီးမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၇၀ ခန့် ရှိတယ်လို့ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။ ဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖော်ထုတ် သတင်းပေးနိုင်ရင် ဆုငွေ ချီးမြှင့်မယ်လို့ ပြည်တွင်းမီဒီယာအချို့မှာ ကြောညာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်က သတင်းသမားတစ်ဦးက
“ချက်ချင်းဆုငွေချီးမြှင့်မယ်တို့ဘာတို့ညာတို့ ကြေညာထား တယ်။ ဒါပေမယ့် တခါမှလည်း မိတာမှ မရှိတာ။ သူတို့က ဒီဟာကို ချက်ချင်း ဖော်ထုတ်နိုင်တယ်ဆိုလို့ရှိရင် အချိန်မရွေး ဘယ်သူဖြစ်ဖြစ် တင်ပြနိုင်မယ် ဘာညာဆိုရင် ထိုက်ထိုက်တန်တန် ဆုငွေလည်း ပေးမယ်ပေါ့။ ၀ရမ်းထုတ်တဲ့ သဘောပါပဲ။ သတင်းထဲမှာ စပြီး ကြေညာကတည်းက အဲဒါတွေ ပါတယ်လေ။”
ဗုံးပေါက်ကွဲမှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဂရက်ဖစ်ဒီဇိုင်းနာ ဆရာမောင်မောင်ဇေယျနဲ့ သားဖြစ်သူ ကိုစည်သူတို့ကိုလည်း ပြည်ပသတင်းဌာနတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက သိရပါတယ်။ ရန်ကုန်အခြေစိုက် ပြည်ပသတင်းဌာနအချို့က သတင်းထောက်တွေလည်း မှတ်တမ်းတင် ဓာတ်ပုံရိုက်တာကြောင့် ကင်မရာ မန်မိုရီကဒ် သိမ်းဆည်းခံရမှုတွေ ရှိတယ်လို့လည်း သတင်းထောက် အသိုင်းအ၀ိုင်းက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီကတော့ ဗုံး ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသူ သုံးဦးရှိပြီး မသက်ဆိုင်သူတွေကို အရေးမယူစေချင်ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေ့က နအဖစစ်အစိုးရခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးတော်စပ်သူ နေရွှေသွေးအောင်လည်း X2O မဏ္ဍပ်ကို ရောက်လာခဲ့ပြီး သူပြန်သွားပြီးမှ ပေါက်ကွဲမှုဖြစ်တာလို့ အဲ့ဒီမဏ္ဍပ်မှာ ရေကစားခဲ့တဲ့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက အခုလို ပြောပါတယ်။
“အဲဒီ ဗုံးပေါက်တဲ့နေ့ကတော့ ဟိုတယောက်ရှိတယ်။ အဲဒီတယောက် အဲဒီကို လာလည်တဲ့အချိန် လူတွေ ရှုတ်ရှုတ်တောင် ဖြစ်သွားသေးတယ်။ အဲဒီမှာ ပြန်ခေါ်သွားတယ်။ အဲဒီမဏ္ဍပ်မှာ ထိုင်တာလေ။ ရှေ့မှာပဲ ဖြစ်ကြတာ လမ်းမမှာ ဖြစ်တာ။ တလုံး ပေါက်တုန်းက လူကအဲဒီလောက် မထိသေးဘူး။ ဒုတိယတလုံးကျမှ လူတွေက အကုန်လုံး ပိုးလို့ပတ်လက်တွေ လန်ပြီး ဦးနှောက်တွေပါ ပွင့်ကုန်တာ။”
ဒါအပြင် ရန်ကုန်မြို့ခံ သတင်းသမားကလည်း အဲ့ဒီ မဏ္ဍပ်ရှေ့ အခြေအနေကို အခုလို ဆိုပြန်ပါတယ်။
“မဏ္ဍပ်က ရေမပတ်ရသေးဘူး။ အဲဒီမှာ မီးသတ်ကားတွေရော ဘာတွေရော အဲဒီမှာ လာစောင့်နေတဲ့အခါကျတော့ အဲဒီကလေးတွေအဖေက ကြည့်ပြီးတော့ ဒါကြီးက ဘာလဲပေါ့နော်။ မီးသတ်တို့ ဘာတို့ဆိုတာ လာစောင့်စရာမှ မလိုတဲ့ဟာကြီး သူတို့ ကွပ်ကဲရေးစခန်းတွေမှာနေရမှာ အဲဒီမဏ္ဍပ်နားမှာလာနေနေတာ။ လာနေတဲ့ အခါကျတော့ အချို့ကလည်း သံသယဖြစ်တာပေါ့ ဘာလဲပေါ့နော်။ အဲဒီတော့ သူ့ကလေးတွေကို မလွှတ်တော့ဘူး။ မသွားနဲ့တော့ ဘာညာပြောပြီးတော့။ ကလေးတွေနဲ့ သူနဲ့တောင် စကားများသေးတယ်။ အဲဒါကို တို့အသိထဲကပါပဲ။ နောက်နေ့ကျတော့ ပေါက်တာပဲလေ။ နောက်ထပ် ၂ လုံးထပ်တွေ့တယ် မပေါက်သေးတဲ့ဟာ။”
စစ်ဘက် သတင်းရပ်ကွက်ရဲ့ အဆိုအရ အခုလို ဖေါက်ခွဲခဲ့တဲ့ ဗုံးတွေဟာ တယ်လီဖုန်းဟန်းဆက်တွေနဲ့ ပြုလုပ်ထားတဲ့ ဖျက်အားပြင်း အဆင့်မြင့်ဗုံးတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုဗုံးတွေမှာသုံးတဲ့ အားပြင်း ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေဟာ စစ်တပ်ထဲမှာပဲ ရှိနိုင်ပြီး သာမန်ပြည်သူတွေကြားမှာ မရှိနိုင်ဘူးလို့ စစ်ရေးကျွမ်းကျင်ပုဂ္ဂိုလ်တချို့က ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ် ခင်ရီက ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပေမယ့် ရက်ပြောင်းရွှေ့ထားပါတယ်။ ဒီလို ဗုံးပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာ ရရှိခဲ့တာတွေနဲ့ ပတ်သက်ပြီး နအဖ အစိုးရက ပြည်ပအခြေစိုက် နိုင်ငံရေးအင်အားစုတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစိုးရအာဘော်ထုတ် သတင်းစာတွေမှာ စွပ်စွဲရေးသားမှုတွေလည်း ရှိနေပါတယ်။
Leave a Reply