လျှောက်လွှာတင် နိုင်ငံရေးပါတီများ ခွင့်ပြုချက်စောင့်ဆိုင်းနေ
အံ့ဘုန်းမြတ် ၁၉ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10622
နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ဖို့အတွက် နိုင်ငံရေးပါတီအဖြစ် လျှောက်လွှာတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ ခွင့်ပြုချက် စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီအဖြစ် ထူထောင်ဖို့ နအဖစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို လျှောက်လွှာတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ ကြတာပါ။ မေလ ဒုတိယပတ်ထဲလောက်မှာ ကော်မရှင်ရဲ့ ခွင့်ပြုချက် ပြန်ကျနိုင်တယ်လို့ ရွေးကောက်ပွဲ ၀င်နိုင်ငံရေး အင်အားစုတွေကြား ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းကို နိုင်ငံရေးပါတီအဖြစ် လျှောက်လွှာတင်ထားတဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ဆက်သွယ်ရေးတာဝန်ခံ ဦးအုန်းလွင်က အခုလို ပြောပါတယ်။
“သူတို့နဲနဲစုံအောင် စောင့်နေတဲ့ သဘောမှာရှိတယ်။ ကျနော်တို့ ခန့်မှန်းကြည့်တာတော့ မေလဒုတိယအပတ်လောက် ခန့်မှန်းတယ်။ ကျနော်တို့ကတော့ အခု အဆိုပြုလိုက်ပြီဆိုထဲက သူတို့ဆီက အကြောင်းကြားမယ့်ဟာကို စောင့်နေတာ၊ အဲဒီကြားထဲမှာ စာတမ်းထုတ်တာတို့ လှုပ်ရှားတာတို့ မလုပ်သေးဘူးလေ။ လုပ်ရင်တော့ ကျနော်တို့က ကျွံသလို ဖြစ်နေမှာဆိုးလို့။”
ဒီလို နိုင်ငံရေးပါတီထူထောင်ဖို့ ခွင့်ပြုချက်စောင့်နေချိန်မှာ အာဏာပိုင်တွေဘက်က ပါတီထူထောင်ခွင့်မှာ ဖြည့်စွက်ထားတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၁၅) ဦးကို နောက်ကြောင်း ရာဇ၀င်စုံစမ်းမှုတွေရှိတယ်လို့ ပထမဆုံး ကော်မရှင်မှာ လျှောက်လွှာ တင်ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဦးအေးလွင်က ဆိုပါတယ်။
“အဲဒါက အခုပါဝင်တဲ့ ပုဂ္ဂိုလ် ၂၇ ယောက်၊ ၂၈ ယောက်လောက်ကို နောက်ကြောင်း အချက်အလက်တွေ သူတို့လိုက်စုဆောင်းပြီးယူတယ်၊ တရားဝင်လေ။ အဲဒါတွေတော့ သူတို့လုပ်နေပြီ။ အဲဒီလှုပ်ရှားမှုကိုတော့ ကျနော်တို့ သိနေရပြီ။”
နအဖ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လ ၁၇ ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးပါတီသစ် ၁၆ ခု လျှောက်လွှာတင်ထားပါတယ်။
နိုင်ငံရေးပါတီဟောင်းတွေထဲက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်ထောင်စု ကရင်အမျိုး သားများအဖွဲ့ချုပ်၊ မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ စတဲ့ပါတီ ၃ ခု ပြန်လည် သက်တမ်းတိုး လျှောက်ထားကြပါတယ်။ ဒါအပြင် ယခင်က ပသီလူမျိုး၊ ရိုဟင်ဂျာလူမျိုးအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ မြန်မာ-မွတ်စလင်လူမျိုး ခေါင်းဆောင်အချို့လည်း မွတ်စလင်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ မြို့နယ်တွေကနေ ကိုယ်စားလှယ်တွေအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုတွေရှိနေတယ်လို့ နိုင်ငံရေးအသိုင်း အ၀ိုင်းက ပုဂ္ဂိုလ်တွေက ပြောပါတယ်။ ၁၉၉၀ ပြည်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နအဖစစ်အစိုးရပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတာကြောင့် ပါတီအဖြစ် သက်တမ်းမတိုးဘူးလို့ ကြေညာထားပါတယ်။
Leave a Reply