ရာသီဥတု, သတင်း, သဘာဝပတ်ဝန်းကျင်

မြန်မာနိုင်ငံဒေသတချို့ နေ့အပူချိန်မြင့်မားသဖြင့် သောက်သုံးရေရှားပါး


မြန်မာနိုင်ငံဒေသတချို့ နေ့အပူချိန်မြင့်မားသဖြင့် သောက်သုံးရေရှားပါး

အံ့ဘုန်းမြတ် ၈ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10539

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ အပါအ၀င် ဒေသအတော်များများမှာ နေ့အပူချိန်တွေ မြင့်တက်လျှက် ရှိနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီလို အပူချိန်တွေ မြင့်မားနေတာကြောင့် ဒေသတချို့မှာ သောက်သုံးရေ ပြဿနာနဲ့အတူ အပူကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတချို့ ခံစားနေကြရပါတယ်။ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းတွေက ဒေသတွေမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေတာပါ။ လာမယ့် သတင်းပတ်အထိ ဒီဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေမရှိဘဲ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်နယ် အနီးတ၀ိုက်တွေမှာသာ မိုးရွာသွန်းနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မိုးလေ၀သနဲ့ဇလဗေဒပညာရှင် ဦးထွန်းလွင်က ရှင်းပြပါတယ်။

“ပူတာကတော့ ရှေ့လျှောက်တော့ ပိုပြီးတော့ ပူနိုင်သေးတာပေါ့လေ။ အခုမှ ဧပရယ်လရှိသေးတော့ မေလဆန်း၊ မေလကုန်လောက်အထိတော့ အပူချိန်က တက်နိုင်တဲ့ သဘာဝ ရှိတာပေါ့နော်။ တက်နိုင်ပေမယ့်လည်း လွန်လွန်ကျွံကျွံကြီး စံချိန်တင် လောက်အောင်တော့ ဖြစ်ဖို့ဆိုတာကတော့ အခြေအနေတရပ် လိုနေသေးတယ်။ ဒါကတော့ အန်နီညိုထပ်ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ တော်တော်လေး ပိုပူနိုင်တာပေါ့။ အခုလောလောဆယ်တော့ သူကထပ်ဖြစ်မှာက ပြောလို့မရသေးဘူး။ ကျ နော်တို့က မေလထဲလောက်မှ ပြောလို့ရမယ်။ အခုတော့ ပူတော့ပူမယ် စံချိန်ချိုး အောင်ပူမယ်။ မပူဘူး ဆိုတာကတော့ ပြောလို့ မရသေးပါဘူး။”

ဒီလိုရာသီဥတု ပူပြင်းပြီး နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေတာကြောင့် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကျောက်ပန်းတောင်းမြို့ခံတဦးက ပြောပြပါတယ်။

“မြို့ပေါ်ကတော့ ပုပ္ပါးကရေတွေ ပေးတယ်။ ပုပ္ပါးက ရေပုံမှန်ပေးတဲ့ ရက်တွေကိုလည်း မပေးနိုင်ဘူးပေါ့လေ။ ပုံမှန်ပေးတာထက်ကို တော်တော်လျှော့ပေးတယ်။ အနီးအနားရွာတွေက ဒီရွာသုံးရွာကို ကန်အကြီးကြီးတကန်တို့ပေါ့နော်။ အဲဒီ လိုမျိုးပေါ့နော်။ နီးစပ်ရာကန်တွေကို သွားခပ်ရတာ အခုကန်တွေက ရေတော်တော်ကိုနည်းနေပြီ။”

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ရေးရှားပါးမှုတွေ ဖြစ်ပေါ်နေတာကြောင့် မြို့ပေါ်က သွားပြီး ရေလှူဒါန်းမှုတွေ လုပ်နေကြရတယ်လို့လည်း နယ်ခံတဦးက ပြောပြပါတယ်။

“စစ်ကိုင်းက ပြဿနာမရှိဘူး။ မြစ်နားနီးနေတော့လေ။ ရွာတွေမှာ ရေရှားတယ်။ ရေရှားတော့ အခုရေဝေတဲ့ အလုပ်တွေ လုပ်နေရတယ် စစ်ကိုင်းနယ်မှာပေါ့၊ စကျင်တို့၊ ရေခါးတိုဏ္ဍ။ ကျောက်တာတိုဏ္ဍပေါ့။ ကျောက်တာက အခုနည်းနည်းတော် သေးတယ်။ ရေခါးတို့မှာအခု ရေလုံးဝပြတ်သွားပြီ။ ရေအလှူတွေက မြို့ပေါ်က စေတနာရှိတဲ့လူတွေ လုပ်နေတာပါပဲ။ ရေဘောက်စာနဲ့ ဒီကနေ သယ်ကြပြုကြပေါ့လေ။ ဘုန်းကြီးကနေ အကျိုးဆောင်ပေးဖို့ ဆိုပြီးတော့ ငွေလှူထားခဲ့ ပြီးတော့ တစီးကို ၂ သောင်းကျတယ်။ ဂါလံ ၁၆၀၀ ဆန့်ပေါ့နော်။”

စစ်ကိုင်းမြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ၀က်လက်၊ မြင်းမူ၊ ယင်းမာပင်စတဲ့ မြို့နယ်တွေက ကျေးရွာတွေနဲ့ မကွေးတိုင်းထဲက ချောက်၊ ရေနံချောင်းစတဲ့မြို့နယ်တွေမှာလည်း ရေအခက်အခဲ ကြုံတွေ့နေရပြီး ၀မ်းပျက်ဝမ်းလျှော၊ မျက်စိနာ ရောဂါစတဲ့ အပူကြောင့်ဖြစ်တဲ့ ရောဂါတချို့ ဖြစ်ပေါ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒီလို အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှားမှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း အာဏာပိုင်တွေ ဘက်ကတော့ ဘာတခုမှ ဂရုတစိုက် ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ထူးခြားတဲ့ နေ့အပူချိန်တွေ အနေနဲ့ကတော့ မကွေးတိုင်းချောက်မြို့မှာ ၄၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်၊ မင်းဘူးမြို့မှာတော့ ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မုံရွာ-မန္တလေး၊ မြင်းခြံ၊ ညောင်ဦး၊ အောင်လံစတဲ့ စတဲ့မြို့တွေမှာတော့ ၄၄ ဒီဂရီစင်တီဂရိတ် အသီးသီးရှိနေကြပါတယ်။ ဒီလို အပူချိန်မြင့်မားနေချိန်မှာ ပြည်သူထုတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးမှာကြားပါတယ်။

“အပူဒဏ်ခံရတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်တွေ ရေဘုယျတော့ ကျန်းမာရေး ဌာနကလည်း အမြဲတမ်း ပြောပါတယ်။ အဲဒါတော့ သတိထားဖို့ လိုတာပေါ့နော်။ ပူလွန်းလို့ ရေချိုးတာတို့၊ အပူဒဏ်ကို ဂရုမစိုက်ဘဲနဲ့ ခန္ဓာကိုယ် ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်တာတို့၊ ဒါမျိုးတွေကတော့ လိုက်လျောညီထွေ နေတက်ဖို့တာပေါ့။”

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: