၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ၀တ္ထုစာအုပ် ထုတ်ဝေမည်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ၀တ္ထုစာအုပ် ထုတ်ဝေမည်

အံ့ဘုန်းမြတ် ၈ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10535

(၂၀၁၀ ခုနှစ်၊ ဧပြီလ ၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရေးသားတဲ့ ၀တ္ထု စာအုပ်ကို  ဧပြီလထဲမှာ အလင်းအိမ်မဂ္ဂဇင်း က ထုတ်ဝေဖို့ ရှိပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု (ဗဟုလွင်ပြင်) ကလောင်နဲ့ ရေးသားထားတဲ့ “၀ဲသြဃမှာ တေးသံပြိုင်လို့” ၀တ္ထုစာအုပ်ကို ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ အလင်းအိမ်မဂ္ဂဇင်း က ထုတ်ဝေဖို့ ပြင်ဆင်နေတာပါ။ ဒီစာအုပ်ကို ကိုဂျင်မီနဲ့ သက်ရက်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းတို့ရဲ့ ရင်သွေးလေးဖြစ်တဲ့ မဖြူနေခြည်မင်းယုရဲ့ ဧပြီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၃ နှစ်ပြည့် မွေးနေ့မှာ စတင်ဖြန့်ချီမှာ ဖြစ်တယ်လို့ အလင်းအိမ်မဂ္ဂဇင်း အယ်ဒီတာ ကိုမင်းမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်ထဲက မတရားမှုတွေအပေါ်မှာ တစိတ်တဒေသပေါ့။ ၈၈ ကျောင်းသားတွေ မှတ်တမ်းတွေ ထုတ်ဝေခြင်းအားဖြင့်၊ အဓိကကတော့ အတွင်းက စာဖတ်ပရိတ်သတ်တွေ အတွက်လည်း ပါပါတယ်။ ပြည်ပကဟာတွေရောပေါ့။ ၅ လပိုင်းက စပြီး ဒီစာအုပ်ကို အကုန်လုံးအတိုင်းအတာနဲ့ ဖတ်လို့ရအောင် ကျနော်တို့ အင်တာနက်ကနေ တင်ပါမယ်။”

“၀ဲသြဃမှာ တေးသံပြိုင်လို့” ၀တ္ထုစာအုပ်ကို ဆရာမောင်စွမ်းရည်၊ ရဲဘော် ဖိုးသံချောင်း၊ ဇွန်မှိုင်းစတဲ့ စာပေပညာရှင်တွေ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက အမှာစကားရေးသားပေးထား ကြတယ်လို့လည်း ကိုမင်းမင်းသိန်းက ပြောပါတယ်။ အခုလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ စာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကိုလည်း ကိုမင်းမင်းသိန်းက ပြောပါတယ်။

“သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို မှတ်တမ်းတင်ဖို့ ဆိုပြီး အဲဒီ အစီအစဉ်နဲ့ လုပ်ဖြစ်သွားတာပါ။ သူတို့ရဲ့ အင်းမေ့ခ်ျ (ပုံရိပ်) ကို အတတ်နိုင်ဆုံး မှတ်တမ်းတင်နိုင်ဖို့ စီစဉ်ထားတာပါ။ ဒီစာအုပ်က ရောက်တာတော့ ကြာပြီ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကျနော်တို့ဆီ ရောက်နေတာ ကျနော်တို့ အကြောင်းကြောင်းတွေကြောင့် မထုတ်ဖြစ်ဘူးပေါ့နော်။ အခုဟာက ဘာပဲဖြစ်ဖြစ် နောက်ဆုံးထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု (ဗဟုလွင်ပြင်) ကို ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အဖ ဦးတင်ယု၊ အမိဒေါ်အမာညွန့်တို့က မွေးဖွားခဲ့ပြီး ၁၉၈၆ ခုနှစ် မှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှာ ရူပဗေဒအဓိကနဲ့ ပညာသင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ်၊ မတ် ၁၃ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ပစ်သက်ခံခဲ့ရပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ကိုဂျင်မီ-မနီလာသိန်း မိသားစု

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ဦးဆောင် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး ဦးဆောင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုမိုးသီးဇွန်နဲ့အတူ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေပါ ပါဝင်ခဲ့ကာ ၁၉၈၉ ခုနှစ် သြဂုတ်လမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်တွင် ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှု၊ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားများ အခွင့်အရေးကာကွယ်မှုကော်မတီကို ဦးဆောင် ဖွဲ့စည်းခဲ့တာကြောင့် ထောင်ဒဏ် ၂၂ နှစ် ထပ်မံချမှတ်ခြင်း ခံခဲ့ရပါတယ်။ အင်းစိန်ထောင်နဲ့ သာယာဝတီ ထောင်တွေမှာ ထောင်ဒဏ် ၁၆ နှစ် ကျခံ အပြီး ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်ချိန်က စတင်ပြီး အခုအချိန်အထိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဦးဆောင်ကာ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ် ရှားမှုများကို လှုပ်ရှားဆောင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်ဆာဆီ ကုန်ဈေးနှုန်းကျဆင်းရေး ၈၈ မျိုးဆက်ကျောင်းသားတဦးအနေနဲ့ ဦးဆောင်ပါဝင်ခဲ့တာကြောင့် နအဖစစ်အစိုးရ အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: