ပဲထဲမှာရောတဲ့ ခဲ ပြုလုပ်သူများကို အာဏာပိုင်များက ဖမ်းဆီး အရေးယူ
အံ့ဘုန်းမြတ် ၃၁ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10438
ပြည်ပနိုင်ငံတွေကို ရောင်းချတဲ့ ပဲမျိုးစုံမှာမှာ ရောဖို့အတွက် (ခဲ) ပြုလုပ်သူတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးခြိမ်းခြောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းက (ခဲ) ပြုလုပ်သူ အယောက် ၂၀ ကျော်ကို အာဏာပိုင်တွေ ဖမ်းဆီးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဒီအကြောင်းကို ဟင်္သာတမြို့က ပဲလုပ်ငန်း ကျွမ်းကျင်သူတဦးက ရှင်းပြပါတယ်။
“ကျနော်တို့ ဟင်္သာတမြို့နယ် ရွာသာ၊ လက်ခုပ်ပင်၊ အိုးဘိုကုန်းဆိုတဲ့ ရွာတွေမှာ ဒီ ခဲဆိုတာကို အကြီးအကျယ် ထုတ်တယ်။ တနေ့ကို တန်ချိန် ၁၀ တန်၊ ၁၅ တန် လောက် ထုတ်တယ်၊ ပဲထဲကို ရောဖို့ ခဲတွေကိုလေ။ ခဲလုပ်တဲ့သူတွေကို ဖမ်းတယ်ပေါ့။ ဒူးယားမှာ ၁ ဦးဖမ်းတယ်၊ ရွာသာလက်ခုပ်ပင်ဆိုတဲ့ နေရာ မှာ ၁၇ ဦး ဖမ်းတယ်။ အဲဒီလူတွေကို လောလောဆယ် ခဲလုပ်မှုတွေကို ရပ်တန့်သွားအောင်၊ ပဲထဲမှာ ခဲမထိုးအောင်သာ သူတို့က ဖမ်းထားပြီးတော့ လောလောဆယ် စခန်းမှာ စစ်တမ်းယူထားတယ်။ တရားဥပဒေအရ အရေးယူတာမျိုး မရှိသေးဘူး။ ခြိမ်းခြောက်တာကတော့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်တယ်ဆိုတဲ့ အမှုနဲ့ ဆွဲမယ်လို့လည်း သူတို့ဘက်က လေသံပြစ်ထားတယ်။”
ပဲမျိုးစုံ ပြည်ပတင်ပို့ရာမှာ နအဖအစိုးရ ထိပ်ပိုင်းအကြီးအကဲတွေနဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကပဲ လုပ်ကိုင်နေကြတာဖြစ်သလို ဒီလိုပဲထဲမှာ ရောတဲ့ (ခဲ) ကိုလည်း အဲ့ဒီကုမ္ပဏီတွေကပဲ ၀ယ်ယူနေတာလို့လည်း ဆိုပါတယ်။ “ပဲအရောင်းအ၀ယ်လုပ်တဲ့သူတွေက ခဲကို ပဲထဲမှာ ထိုးတာပေါ့။ ပဲထဲမှာ ထိုးတဲ့အခါကျတော့ အခုလက်ရှိပဲကို ၀န်ကြီးအသိုင်းအ၀ိုင်းတွေ ကနေပြီးတော့ ဒီသွင်းကုန်ထုတ်ကုန်တွေကို တာဝန်ယူ လုပ်ကိုင်နေကြတာလေ။ စာချုပ်တွေ လုပ်ကိုင်ထားတာဆိုတော့ လုပ်တဲ့သူတွေက ကြားမှာ ပွဲစားတွေ၊ ကုန်သည်တွေ ထားတယ်၊ အဲဒီပွဲစားတွေ ကုန်သည်တွေက အဲဒီပဲထဲမှာ ခဲရောတယ်ပေါ့။”
ဟင်္သာတခရိုင်အပြင် အခြားမြို့နယ်တချို့မှာလည်း ကုမ္ပဏီတွေက ပဲထဲ ရောဖို့ (ခဲ) အော်ဒါမှာတာမျိုးတွေတောင် ရှိတယ်လို့လည်း အခြားပဲလောက ကျွမ်းကျင်သူတဦးက ဆိုပါတယ်။ အရင်က ဒါမျိုး ခဲလုပ်ပြီး ရောင်းတာမျိုးတွေ မရှိပေမယ့် ပဲ ပြည်ပဈေးကွက် ဖြစ်ထွန်းလာတာရယ် ကုမ္ပဏီတွေက ပဲတွေကို ဈေးနှိုမ်ဝယ်ယူတာတွေကြောင့် အခုလို ပြုလုပ်လာကြတာ ဖြစ်နိုင်တယ်လို့လည်း ပဲလောကသားတချို့က သုံးသပ်ကြပါတယ်။ ဒီလို ပဲထဲကိုရောတဲ့ ခဲ အဆင့်ဆင့် ပြုလုပ်ပုံကိုလည်း ပဲလုပ်ငန်းကျွမ်းကျင်သူ ကပဲ အခုရှင်းပြ ပြန်ပါတယ်။
“မြေကျင်း ခဲတနေရာ တလွှာတူးဖို့အတွက်ကို ၁၀ ပေပတ်လည် ၁ ပေထု တူးဖို့အတွက်ကို ၅၀၀၀ ကျပ် ပေးရတယ်။ အဲဒါတူးပြီးလို့ရှိရင် ဒီခဲကို မောင်းထဲမှာ ထည့်ပြီးထောင်းရတယ်။ အဲဒီ ပဲနဲ့ ရွယ်တူခဲလေးတွေ ဖြစ်လာပြီဆိုတော့မှ ဓာတ်ခဲထဲမှာ ရှိနေတဲ့ အနက်ရောင်ဆေးရယ်။ နောက် ဆပ်ပြာမှုန့်ရယ်ကို ဖျော်ထားတဲ့ရေနဲ့ အဲဒီ ခဲလေးတွေကို ပတ်ပတ်၊ ပတ်ပတ်ပြီး မောင်းနဲ့ ထောင်းတဲ့အခါကျတော့ အဲဒီ ခဲလုံးလေးတွေက မဲပြီးပြောင်ပြီးတော့ ပဲနဲ့ ရွယ်တူလေးတွေ ဖြစ်နေတယ်။ အဲဒါမျိုးကို ပွဲစားကုန်သည်တွေက ၀ယ်ပြီးတော့ ဒီပဲထဲမှာ ထိုးပြီးတော့ ရောင်းတာပေါ။”
ဒီလို လုပ်ထားတဲ့ ခဲတွေဟာ ပဲနဲ့ဆင်တူ ဖြစ်နေတာကြောင့် ခွဲခြားဖို့ ခက်သလို စားသုံးသူတွေအတွက်လည်း အန္တရာယ်ဖြစ်စေတယ်လို့လည်း သူကဆိုပါတယ်။ ခဲပြုလုပ်သူတွေဟာ မှာယူတဲ့ ဈေးကွက်ရှိနေတာနဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ပြုလုပ်နေကြတာသာဖြစ်ပြီး အမှန်တကယ် အရေးယူသင့်တာဟာ ခဲ ၀ယ်ယူပြီးရောနေတဲ့ ကုန်သည်ပွဲစားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေသာ ဖြစ်တယ်လို့ အခြား ပဲ လောသားတချို့က သုံးသပ်ကြပါတယ်။
အမှန်တကယ် အရေးယူသင့်တာဟာ ခဲ ၀ယ်ယူပြီးရောနေတဲ့ ကုန်သည်ပွဲစားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေသာ ဖြစ်တယ်
LikeLike