Archive for

ဒေသတချို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ်


ဒေသတချို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ်

အံ့ဘုန်းမြတ် ၃၀ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10711

လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ အထက်ပိုင်းဒေသတချို့နဲ့ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေထဲက ဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ ရှိခဲ့တာပါ။ မနေ့ညကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း မိုးသက်လေပြင်းကျပြီး စာသင်ကျောင်းတချို့ အပါအ၀င် ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကားလမ်းအပေါ်မှာ ဘယ်ယာဉ်မှ မမောင်းရဲတော့ဘူး။ နောက်တခါ မိုးသီးတွေပါ ကြွေတာ။ တော်တော်ကို ပြင်းပြင်းထန်ထန် အလုံးကြီးကြီးတွေ ကြွေတာ။ ကားလမ်းဘေး တဖက်တချက်မှာရှိတဲ့ သစ်ပင်တွေ ကိုင်းအကြီးကြီးတွေ ကျိုးကျ ကုန်တယ်၊ ဓာတ်တိုင်တွေ လဲကုန်တယ်။ အားလုံး လေပြင်းကျတဲ့ အချိန်က မိနစ် ၂၀ ကျော်လောက် ရှိတယ်။ ကျနော်တို့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး မြို့တွင်းမှာ ဆိုလို့ရှိရင် ဘေလ်ဘုတ်တွေ။ ဈေးရဲ့အရှေ့ဘက် လမ်းမှာရှိတဲ့ တော်တော်များများလည်း ကျိုးကျပြီးတော့အောက်မှာ ဈေးရောင်းနေတဲ့ ဆိုင်တွေ အားလုံးကိုသွားပိတယ်။”

ဒါ့အပြင် ညောင်လေးပင်မြို့နယ်ထဲက မဒေါက်ကျေးရွာမှာလည်း မနေ့ကပဲ မိုးကြိုးပစ်မှုကြောင့် လယ်စောင့်တဦး ဒဏ်ရာရပြီး မဒေါက်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့လည်း ရွာခံတွေက ပြောပါတယ်။ နွား ၄ ကောင်လည်း သေဆုံး သွားတယ်လို့ သိရပါတယ်။ မကွေးတိုင်း အောင်လံမြို့နယ်ဘက်က အခြေအနေတွေကိုလည်း အောင်လံ ဒေသခံတဦးက

“မြို့ပေါ်မှာတော့ လေပြင်းမတိုက်ဘူး။ အောင်လံတောင်ဘက်ခြမ်းလို့ ပြောလို့ရတဲ့ မပြင်းတို့၊ ကျည်းအာကုန်းတို့ ရွာတွေဘက်မှာ သူတို့က မြစ်ကမ်းနားတော့ နည်းနည်းနီးတယ်။ ကျော်စွာ ဘာညာ။ အဲဒီဘက်မှာ နောက်ဓာတ်မြေသြဇာစက်ရုံတွေဘက်မှာ နည်းနည်းပါးပါး အပျက်အဆီးတွေ ရှိတယ်လို့ ပြောတယ်။”

အစိုးရအာဘော်ထုတ် သတင်းစာတွေမှာတော့ ဧပြီ ၂၃ ကနေ ၂၆ ရက်နေ့အထိ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ချင်းပြည်နယ် နန်းယွန်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်း နေပြည်တော်၊ တပ်ကုန်းနဲ့ စစ်ကိုင်းတိုင်း ကသာ၊ ၀န်းသို၊ ကော်လင်း၊ ဘုတလင် စတဲ့မြို့နယ်တွေမှာလည်း လေပြင်းတိုက်ခက်မှုကြောင့် အဆောက်အအုံတွေ အမိုးလန်ခြင်း၊ လျှပ်စစ်ဓာတ်မီးတိုင်တွေနဲ့ သစ်ပင်တချို့ ပြိုလဲခြင်း၊ လူနေအိမ်တချို့ပျက်စီးခြင်း၊ လမ်းပိတ်ဆို့ခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို မိုးသည်းထန်ပြီး လေပြင်းတိုက်ခက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က အခုလို မှတ်ချက်ပေးပါတယ်။

“အင်္ဂလိပ်လို အနောက်မြောက်လေ။ မြန်မာလိုတော့ ရာဟုက တိုက်တဲ့လေ။ ဒေသအခေါ် အညာကတော့ လေနီကြမ်း ခေါ်ကြတာပေါ့။ မိုးလေ၀သဌာနကလည်း မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ မိုးတိမ်တောင်ဆိုတာ ရာသီ ဥတု ၁၀ မျိုးလောက် သတ်မှတ်ထားပါတယ်။ အဲဒီပေးတဲ့ အထဲမှာ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ ဒါ မိုးတိမ်တောင်က ပေးပါတယ်။ မိုးတိမ်တောင်က အားကောင်းလာရင် အဲဒါတွေအပြင် လေဆင်နှာမောင်းလည်း တိုက်တတ်တယ်။ ဆိုင်ကလုန်းမုန်တိုင်းလည်း တိုက်တတ်တယ်။ မိုးသီးကြွေတတ်တယ်။ မိုးကြိုးပစ်တတ်တယ်။ တွဲပါလာတတ်တယ်။  local weather  ခေါ်ပါတယ်။ ၁၀ မိုင် ပတ်ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။ မုတ်သုန်ပုံမှန်အတိုင်း ဆက်ရှိမယ် အားကောင်းမယ်ဆိုရင် မိုးတိမ်တောင်က မုတ်သုန်ကာလမှာ မဖြစ်တော့ပါဘူး။ မုတ်သုန်က သိသိသာသာ အားပျော့မယ်ဆိုရင် ရံဖန်ရံခါ မိုးတိမ်တောင်က ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုးတွေက ပူတဲ့အချိန်မှာ အဖြစ်များပါတယ်။”

ဒီနှစ်အတွက် မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မေလ ဒု တိယပတ်အတွင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို မေလကုန်ပိုင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို ဇွန်လဆန်းပိုင်းမှာ ၀င်ရောက်နိုင်တယ်လို့လည်း မိုးဇလဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ထူးခြားတဲ့ နေအပူအချိန်တွေမှာ သာယာဝတီမြို့မှာ ၄၂ ဒသမ ၂ ဒီဂရီ စင် တီဂရိတ်၊ နေပြည်တော် (ပျဉ်းမနား)၊ အောင်လံနဲ့ မကွေးမြို့တွေမှာ ၄၂ စင်တီဂရိတ် အသီးသီး ရှိနေကြပါတယ်။

Advertisements

သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး မသင်္ကာမှုဖြင့် ဖမ်းစီစစ်ဆေးမှုများရှိနေ


သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး မသင်္ကာမှုဖြင့် ဖမ်းစီစစ်ဆေးမှုများရှိနေ

အံ့ဘုန်းမြတ် ၂၉ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10709

ပြီးခဲ့တဲ့ သင်္ကြန်အကြတ်နေ့ X2O မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက မသင်္ကာမှုနဲ့ မသက်ဆိုင်သူတွေကို ဆက်လက်ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သင်္ကြန်အကြတ်နေ့ X2O မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ်၊ အလုံနဲ့ လှိုင်သာမြို့နယ်တွေအတွင်းမှာ အာဏာပိုင်တွေက မသင်္ကာသူတွေကို လိုက်လံဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ လှိုင်သာမြို့နယ်က အသက် ၂၂ အရွယ် ကိုကျော်သူလင်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူ့မိခင်က ပြောပါတယ်။

“မေးစရာရှိလို့ဆိုပြီးတော့ အိမ်ကိုလာတယ်။ အဲဒီအချိန်မှာ ကျမသားက မရှိဘူး၊ အလုပ်သွားတယ်။ သူတို့က အလုပ်ကို ဘယ်မှာလဲတဲ့ အလုပ်ထဲအထိ သူတို့က လိုက်ချင်တာ။ ကျမသားလုပ်တဲ့နေရာကို မြို့ထဲသာပြောတယ်၊ ကျမသားလုပ်တဲ့နေရာ ဘယ်နေရာဆိုတာ ကျမ မသိဘူး။ အဲဒါနဲ့ အလုပ်သွားတယ်လို့ပဲ ပြောလိုက်တယ်။ အဲဒါနဲ့ သူတို့က အလုပ်အပြန်ကျတော့ အိမ်တောင် မရောက်ဘူး။ လမ်းကနေပြီးတော့ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ အဲဒါပဲ။”

ကိုကျော်သူလင်းရဲ့ ဖင်ခင်ဖြစ်သူကလည်း

“ဘယ်လိုမှ မဖြစ်နိုင်ပါဘူး အဲဒါကတော့။ ဘာဖြစ်လို့လဲဆိုတော့ သူ့တောင်မှ ဒီမှာ ကျနော်တို့ မိဘနှစ်ပါးကို ကပ်ပြီး ကူညီညာပြီး စားသောက်နေရတဲ့ဟာ။ အခု သူကိုယ်တိုင် အလုပ်ဆင်းနေတဲ့အချိန်မှာ ဒီလို ခဏဆိုပြီး လာခေါ်သွားတာပေါ့။ ပြီးတော့ မေးမြန်းစုံစမ်း ချင်လို့ပါ ဆိုပြီးတော့ ၂ ရက်နေ ၃ ရက်။ ၃ ရက်ကနေ ၃ ညအိပ်ပြီးပြီဆိုတော့ နည်းနည်း ဖြစ်သင့်တဲ့ဟာတွေတော့ အကျိုးလေးအကြောင်းလောက်တော့ လာပြီး အသိပေးစေချင်တာပေါ့လေ။ သူတို့ကလည်း ဒါတွေ မလေ့လာပါနဲ့ဆိုလို့ ရက်ကလေး နည်းနည်းကြာဦးမယ်ဆိုလို့ပြောတော့ ကျနော်တို့က ဒီက မိဘဆိုတော့ နည်းနည်း စိတ်ပူတာပေါ့လေ။ ဘာမှန်းမှသိတော့။”

အလားတူ သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇိုင်နာဆရာ မောင်မောင်ဇေယျနဲ့ သားဖြစ်သူ စည်သူဇေယျတို့ကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အနုပညာ ကျောင်းဆင်းတဦးဖြစ်တဲ့ ကိုစည်းသူဇေယျ သင်္ကြန်အတွင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် သွားရောက်စဉ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပြီး နောက်ရက်မှာ ဖခင်ဖြစ်သူ ဒီဇိုင်နာဆရာ မောင်မောင်ဇေယျကို အာဏာပိုင်တွေက နေအိမ်ကိုလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင် တဦးက ပြောပါတယ်။

“နှစ်ဆန်း ၁ ရက်နေ့က အဖေကို ခေါ်တယ်။ ဒီအတိုင်းပဲ လာခေါ်သွားတယ်။ လူဆယ်ယောက်က လာခေါ်သွားတာ။ အဖေက အေးအေးဆေးဆေး လိုက်သွားတယ်။ ဒီနေ့ည မိုးချုပ်မယ်လို့တော့ မှာသွားတယ်၊ အဲဒီနေ့က တော့။ ဖေဖေက အဲဒီနေ့က ခေါ်သွားခံ ရတာပေါ့နော်။ မောင်စည်သူက ဓါတ်ပုံရိုက်နေတုန်း ပါသွားတာ။ နောက်လာပြီးတော့ ဖေဖေကို ခေါ်သွားတာ ပြောတယ်။ ကွန်ပြူ တာ ပစ္စည်းတွေ ဘာတွေ သိမ်းသွားတယ် ကင်မရာရယ်၊ နောက်နေ့ ဟန်းဖုန်းလာ သိမ်းတယ်။ နောက်တခါ လတ်တော့လာသိမ်းသွားတယ်။”

ဒီဇိုင်နာဆရာ မောင်မောင်ဇေယျဟာ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားကြီးတဦးလည်း ဖြစ်ပါတယ်။ မိသားစုတွေအနေနဲ့ သူတို့နှစ်ဦး ဘယ်မှာရောက်နေတယ်ဆိုတာ မသိရသေးဘဲ အသည်းအဆီဖုံးရောဂါရှိတဲ့ အသက် ၅၇ နှစ်အရွယ် ဆရာမောင်မောင်ဇေယျရဲ့ ကျန်းမာရေးအခြေအနေကို အထူးစိုးရိမ်နေတယ်လို့လည်း အဲဒီ မိသားစုဝင်ကပဲ ပြောပါတယ်။

“အဖေကတော့ ကျန်မာရေး သိပ်မကောင်းဘူးလေ။ နဂိုကတည်းက အသည်းဆီဖုံးပြီးတော့ ဆေးသောက်နေရတယ်ဆိုတော့ အဖေ့ကို စိတ်ပူတယ်။ ညဖက် မှာ စစ်တာတို့။ ကျန်းမာရေး ကောင်းတယ် အဲဒီလောက်တော့ ကြားတယ်။ ကျန်တာတော့ ကျနော်တို့လည်း မသိရဘူး။”
လက်ရှိအခြေအနေမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံရသူတွေ အများအပြားရှိနေပြီး မသက်ဆိုင်သူတွေ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မပြုလုပ်စေချင်ဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက သတင်းထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။   ။ ဓာတ်ပုံများကို ညီလင်းဆက်ဘလော့ခ် မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)

နအဖ စစ်အစိုးရ ၀န်ကြီးချုပ်အပါအ၀င် စစ်တပ်အရာရှိအချို့ အရပ်ဘက်ပြောင်းလဲ


နအဖ စစ်အစိုးရ  ၀န်ကြီးချုပ်အပါအ၀င် စစ်တပ်အရာရှိအချို့ အရပ်ဘက်ပြောင်းလဲ

အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10698

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်အပါအ၀င် နအဖစစ်အစိုးရ ၀န်ကြီးတွေနဲ့ ဒု-၀န်ကြီး စုစုပေါင်း နှစ်ဒါဇင်နီးပါး ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်နေ တယ်လို့ မနေ့က သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်ပိုင်း ဒီရာထူး အပြောင်းအလဲတွေထဲမှာ ပါဝင်တဲ့ ဗိုလ်ချုပ်တွေရဲ့ စာရင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဦးသိန်းစိန် (၀န်ကြီးချုပ်)

စစ်ဗိုလ်ချုပ် နှစ်ဒါဇင်နီးပါး ရာထူးအပြောင်းအရွှေ့တွေမှာ နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ဆက်သွယ်ရေး ၀န်ကြီး ဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဇော်အပါအ၀င် ၀န်ကြီးဌာန ၉ ခုက ၀န်ကြီး ၉ ဦး၊ နောက်ပြီး ၀န်ကြီးဌာန ၃ ခုက ဒု-၀န်ကြီး ဗိုလ်မှူးချုပ် အဆင့်ရှိ အရာရှိ ၃ ဦး။ နအဖစစ်အစိုးရ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် သန့်ရှင်းအပါအ၀င် ၂ ဦး၊ ရွေးကောက်ပွဲကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဗိုလ်မှူးကြီး ၀င်းကို၊ မန္တလေးမြို့ တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်နဲ့ ဗဟိုဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးမှ ဗိုလ်ချုပ် ၄ ဦးတို့ ပါဝင်တယ်လို့ စစ်ဘက်သတင်းရပ်ကွက်တွေက ဆိုပါတယ်။ ဒါ့အပြင် ဒီစစ်ဘက်အရာရှိတွေ ဟာ လက်ရှိတာဝန်တွေကိုလည်း ထမ်းဆောင်နေဆဲဖြစ်ပြီး နောက်အရပ်သားအစိုးရသစ် အထိ ဒီတာဝန်တွေ ဆက်ယူသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာတွေနဲ့ မနေ့ညက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား သတင်းတွေမှာလည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်လို့ မဖော်ပြတော့ပဲ ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ စတင်ဖော်ပြလာပြီး အခြားဗိုလ်ချုပ်တွေကိုလည်း အမည်နာမတွေရှေ့မှာလည်း ဦးထည့်ပြီး ခေါ်ဝေါ်သုံးစွဲ လာတာကို တွေ့ရပါတယ်။

အခုလို စစ်ဗိုလ်ချုပ်တွေကို အရပ်ဘက် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းအတွက် ရည်ရွယ်ပြောင်းရွှေ့တာမျိုးမဟုတ်ဘဲ ကျန်ရှိတဲ့ အရပ်သားအမတ် ၇၅ ရာခိုင်နှုန်းစာ နေရာတွေကို ထက်မံရယူဖို့ဖြစ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပညာပေးလုပ်ငန်းတွေကို တသီးပုဂ္ဂလအနေနဲ့လုပ်မယ့် အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင်က ခုလိုခန့်မှန်းပါတယ်။

အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင်

“ကျနော်ထင်တာကတော့ အခုဟာက တရားဝင်သတင်းတော့ မဟုတ်ဘူး ပေါ့နော်။ သို့သော်လည်းပဲ ဒီလိုပြောင်းခြင်းဟာ ဒီ ၂၅ ရာခိုင်နှုန်းထဲမှာ ပါတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ၂၅ ရာခိုင်နှုန်းဆိုတာက အစောကတည်းက သတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက် ဒီလို အရပ်ဖက်ကို သူတို့ ပြောင်းဖို့ မလိုဘူး။ အဲဒီတော့အခု အရပ်ဖက်ကို ပြောင်းမယ်ဆိုတဲ့ ပုဂ္ဂိုလ်များသည် တကယ်လို့ ပြောင်းမယ်ဆိုလို့ရှိရင် သူတို့ ဒီရွေးကောက်ပွဲကို ၀င်ပြီးတော့ နောက်ထပ် ၇၅ ရာခိုင်နှုန်းထဲမှာ အမတ်နေရာ ထပ်ပြီးတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့သာ ဖြစ်တယ်လို့ ကျနော် သုံးသပ်ချင်ပါတယ်။”

ဒါအပြင် ရွေးကောက်ပွဲ နိုင်ငံရေးအင်အားစုအချို့ကတော့ အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမ၀င်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အကွက်ပြောင်းတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုအချို့ရှိနေကြပါတယ်။ အခုလို ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်အပါအ၀င် အရပ်ဝတ်အရပ်သားအဖြစ် ပြောင်းလဲခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း။ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီ (တစည) စတဲ့ ပါတီတွေကနေ အမတ်အဖြစ် ၀င်ရောက်လာနိုင်ဖွယ်ရှိတယ်လို့လည်း အကဲခတ်အချို့က ဆိုပါတယ်။ ဒီလို စစ်ဗိုလ်ချုပ်တွေ အရပ်ဘက် ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ရဲ့ ဆက်သွယ်ရေး တာဝန်ခံ ဦးအုန်းလွင်က

“ကျနော်တို့က လိုချင်တာက ဒီနိုင်ငံရေးအခင်းအကျင်း ပြောင်းသွားတာကို လိုချင်တာ။ သူတို့ ပါချင်ပါပါစေ၊ ယူနီဖောင်းချွတ်လိုက်ရင် ကျနော်တို့နဲ့ တန်းတူဖြစ်လာမှာ။ ကျနော်တို့နဲ့ တန်းတူဖြစ်လာရင် ကျနော်တို့နဲ့ ပြောနိုင်ဆိုနိုင် ဝေဖန်နိုင်လာမယ်။ အရင်တုန်းက မပြောရဲဘူးဗျာ။ သူတို့က လွှမ်းမိုးထားတာကိုး အခုကျနော်တို့ ပြောနိုင်လာမယ်၊ အဲဒါအမြတ်ပဲ။ ကျနော်တို့က အဲဒီလို မြင်တယ်။ ဒါ နိုင်ရေးကိုးဗျ။ နိုင်ငံရေးသမားဆိုတာက တယောက်နဲ့တယောက် ဂွင်ထဲမှာ တွေ့ပြီဆိုရင် ငြင်းကြ ခုန်ကြ၊ ဆွေးနွေးကြတာကတော့ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်းပဲ။ အဲဒီတော့ သူတို့ ယူနီဖောင်း ချွတ်လိုက်ခြင်းအားဖြင့် ကျနော်တို့ကတော့ အဲဒီဟာ အမြတ်ရတယ်လို့ ဆိုလို ချင်တာပဲ။”

ပြည်သူလူထုတွေအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ဘယ်သူက ပိုပြီးလုပ်ဆောင် ပေးနိုင်မယ်ဆိုတာ ပိုသိတယ်လို့လည်း ဦးအုန်းလွင်က ပြောပါတယ်။

“သူတို့ပဲ ၀င်လာဝင်လာ အဆုံးအဖြတ်ပေးမှာကတော့ ပြည်သူလူထုပဲ။ ပြည်သူလူထုက သူတို့နယ်ထဲမှာ သဘောက ဦးသိန်းစိန် ၀င်ပြိုင်တယ်ဗျာ။ ဦးသိန်းစိန်ကို သူတို့ ကြိုက်မကြိုက်ဆိုတာ သူတို့ ဆုံးဖြတ်သွားလိမ့်မယ်။ ဦးသိန်းစိန်က ဘယ်လို အသွင်ပြောင်းလာတယ်။ သူတို့ အကျိုးပြုလုပ်ငန်းကို လုပ်နိုင်မလား။ အဲဒီအပေါ်မှာ ပြည်သူက ဦးသိန်းစိန် ၀င်ရွေးတဲ့နေရာမှာ ဦးသိန်းစိန်ကို သူတို့ ဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့ ဒီမိုကရေစီဆိုတာ ပြည်သူရဲ့ အဆုံးအဖြတ် အခန်းပဲဗျာ။ စစ်တပ်က လာတဲ့လူဖြစ်ဖြစ်၊ ကျနော်တို့ အရပ်ကလာတဲ့သူဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ပြည်သူက သူတို့အကျိုးစီးပွားကို လုပ်နိုင်တဲ့သူ ဟုတ်သလား မဟုတ်သလား ဆိုတာ သူတို့ ဆုံးဖြတ် မှာပဲ။”

သီးခြားအတည်ပြုလို့ မရသေးတဲ့ စစ်ဘက်သတင်းတွေအရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ သမ၀ါယမ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်တင်ထွဋ် စတဲ့ စစ်ဗိုလ်ချုပ်တွေလည်း အရပ်ဘက်ပြောင်းဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ နအဖစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ ပါတီထူထောင်ခွင့် လျှောက်ထားထားတဲ့ နိုင်ငံရေးပါတီ ၂၂ ပါတီ ရှိပြီဖြစ်ပြီး အဲ့ဒီထဲ က ၅ ခုကို ခွင့်ပြုချက် ချပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီဟောင်းတွေထဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အပါအ၀င် ပါတီ ၄ ခု ပြန်လည် သက်တမ်းတိုးထားကြပါတယ်။ ဒါ့အပြင် အမျိုးသားဖွံ့ဖြိုး တိုးတက်သောဒီမိုကရက်တစ်ပါတီ (NDFD) ဆိုတဲ့ အမည်နဲ့ ပါတီသစ်တခု မှတ်ပုံတင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဖွဲ့စည်ပုံအခြေခံဥပဒေ အခြေခံကိုမှ မသိရင် မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဖွဲ့စည်ပုံအခြေခံဥပဒေ အခြေခံကိုမှ မသိရင် မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ်မရှိဟု

ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အံ့ဘုန်းမြတ် ၂၅ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10667

(၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)

မဲဆန္ဒရှင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကိုမှမသိရင် မဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း အဓိပ္ပါယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြားလိုက်တယ်လို့ သိရပါတယ်။ နေအိမ်တွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေ အမှုလျှောက်လွှဲချက် ကိစ္စသွားရောက်ဆွေးနွေးစဉ် အခုလိုပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“မနေ့က ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတခုက အခုရွေးကောက်ပွဲဆိုတာကို လုပ်ကြတော့မယ်တဲ့။ အဲ့တော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပေါ်ပေါက်လာတာ။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အခုရွေးကောက်ပွဲ နဲ့ ပတ်သတ်တဲ့ ဥပဒေတွေထုတ်တယ်။ အဲ့တော့ မဲဆန္ဒရှင်တယောက်က အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတို့ ဘယ်လောက်သိသလဲဆိုတာ ဥပဒေတရပ်ကို ဥပဒေပညာရှင်လို နားလည်ဖို့ မဟုတ်ဘူး။ အခြေခံလောက်ကို သိသလား၊ မြင်ဖူးသလား၊ တွေ့ဖူးသလား။ တကယ်လို့ မဲဆန္ဒရှင်တယောက်က အဲ့ဒါတွေ ဘာမှ မသိဘူးဆိုရင် အဲ့ဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုကလည်း ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး။ အဲ့ဒီလို မှတ်ချက်ပေး ပြောကြားတာရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေစဉ် နအဖစစ်အစိုးရ အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုစဉ်ကလည်း ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးခွင့်ရခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့တဲ့ နအဖစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီရဲ့ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအဖြစ် ထပ်မံသက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ပါတီဝင်အားလုံး ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပါတီရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကိုလည်း ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ပြန်ပြောပြပါတယ်။

“သင်္ကြန်မတိုင်ခင် ၇ ရက်နေ့တွေ့တုန်းကတည်းက သူပြောလိုက်တာ၊ မှာလိုက်တာတွေ ရှိတယ်။ ဒါက မတရားတဲ့လုပ်ရပ်ပဲ၊ ဒီမတရားတာကို သူလက်မခံဘူး။ အဲ့တော့ ပါတီမရှိ တော့ဘူးဆိုလည်း မရှိဘူးပေါ့။ ပါတီဆိုင်းပုဒ်နဲ့ အလံကတော့ ကိုယ်ဟာကိုယ် မချဘူး၊ အဲ့ဒါပါ။”

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့ပြီး အထူးအယူခံအနေနဲ့ ထပ်မံတင်သွင်းဖို့ ရှိနေပါတယ်။ ဗဟို တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခဲ့စဉ်က ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ရှေ့နေဦးဥာဏ်ဝင်းက ခုလို ပြောပါတယ်။

“အဓိက ပယ်ချလိုက်တာက ၁၉၇၄ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ယူပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်ခဲ့တယ်။ ကျနော်တို့က ပြောတာက ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီလိုသုံးခွင့်မရှိတော့ဘူး။ သူက သေနေတဲ့ ဥပဒေပဲလို့ ပြောတယ်။ တရားရုံးက ဘယ်လို သုံးသပ်လဲဆိုတော့ အဲ့ဒီလို ပုဒ်မတွေကို သုံးတာဟာ သူတို့လေးလေးနက်နက် သုံးတာမဟုတ်ဘူး၊ သာမန် သုံးလိုက်တာတဲ့။ ဒါစဉ်းစားစရာ မလိုဘူးတဲ့၊ အဲ့ဒီလိုပြောတယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ အကျိုးအကြောင်း ဖော်ပြချက်မပါတဲ့ ပယ်နည်းပေါ့၊ အဲ့ဒါပါပဲ။”

နိုင်ငံရေးပါတီသုံးခု ထပ်မံခွင့်ပြု၊ တိုင်းရင်းသားသုံးခု ထပ်မံလျှောက်ထား


နိုင်ငံရေးပါတီသုံးခု ထပ်မံခွင့်ပြု၊ တိုင်းရင်းသားသုံးခု ထပ်မံလျှောက်ထား

အံ့ဘုန်းမြတ် ၂၄ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10662

၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)

နအဖ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီထူထောင်ခွင့် လျှောက်ထားတဲ့ ပါတီအချို့ကို ထူထောင်ခွင့် ထက်မံခွင့်ပြုလိုက်သလို ပါတီအချို့လည်း ထက်မံလျှောက်ထားထားကြတယ်လို့သိရပါတယ်။ နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေထဲက ၃ ခုကို ဧပြီလ ၂၃ ရက်နေ့က ထပ်မံခွင့်ပြုလိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရအာဘော်ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီသစ်အဖြစ် ထူထောင်ဖို့ ခွင့်ပြုချက်ရရှိတဲ့ နိုင်ငံရေးပါတီတွေကတော့ ပအိုင်အမျိုးသားအဖွဲ့ချုပ် (PNO)၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ၀ံသာနု (NLD) တို့ပဲဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိထားတဲ့ ၀ံသာနု (NLD) က အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဦးရဲမင်းက အခုလိုပြောပါတယ်။

“၉ ရက် ၄ လ ၂၀၁၀ ကတင်တာကိုး ဆိုတော့ ၂၃ ရက် ၄ လ ၂၀၁၀ မှာကျနော် တို့ ဒီနေ့ခွင့်ပြုချက်ပြန်ကျလာပါတယ်။ ကော်မရှင်ဥပဒေတွေထဲမှာ ကျနော်တို့အပိုင်းလိုက် တွေပါ ပါတယ်။ အခုလိုတင်ပြီးတာနဲ့ တပြိုင်တည်း ခွင့်ပြုတာနဲ့တပြိုင်တည်းဆိုသလို ရက်ပေါင်း ၃၀ အတွင်းမှာ ပါတီခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ကျနော်တို့ရွေးချယ် တင်ပြရမှာပါ။ တင်လိုက်ပြီ အဲဒါကို ခွင့်ပြုပြီဆိုတဲ့အခါကျမှ ကျနော်တို့က ပါတီမှတ်ပုံတင် ကြေးတို့ဘာတို့ပေးရမှာပါ။ အားလုံးခွင့်ပြုမှသာ ကျနော်တို့ စည်းရုံးရေး လှုပ်ရှားမှုတွေ လုပ်ရမှာပါ။”

ဒီကနေ့ ခွင့်ပြုချက် ရရှိခဲ့တဲ့နိုင်ငံရေးပါတီတွေဟာ ပြည်နယ်နှင့်တိုင်းကိုယ်စားပြု အနေနဲ့ လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီတွေဖြစ်ပြီး ၀ံသာနု (NLD) အနေနဲ့ မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၃၀ ခန့်မှာ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဦးရဲမင်းက ဆိုပါတယ်။ ၀ံသာနု (NLD) အနေနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ရတာနဲ့ပတ်သက်ပြီးတော့ ဦးရဲမင်းက

“ကြိုးစားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ၇၅ ယောက်နဲ့ ၂၅ ယောက်ဆိုရင် ဘာပဲပြောပြော အင်အားအနေနဲ့ဆိုတော့ များတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးသဘောတရား၊ နိုင်ငံရေးအယူအဆအပိုင်းတွေမှာ ကျနော်တို့တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တယ်ဆိုလို့ ရှိရင်လည်း ဒီ ၇၅ ယောက်ဆိုတဲ့ အခွင့်အရေးလေးက တော်တော်ရပါတယ်။”

ဒေါ်နန်းရွှေကြာ အလှည့်ကျဥက္ကဌ (၀ံသာနု NLD၊ မန္တလေးတိုင်း)

“နောက်ပြီး တဖြည်းဖြည်းနဲ့ပဲ ပြောင်းလဲသွားဖို့ပဲ ကျနော်တို့စိတ်ထဲမှာ အချိန်ပြည့် ရှိပါတယ်။ အခု နိုင်ငံရေးပါတီတွေပေါ့လေ၊ ရွေးကောက်ပွဲဝင်ကြတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ သဘောထားကလည်း အတူတူပါပဲ။ ကျနော်တို့တိုင်းပြည်ကို ကြမ်းကြမ်းတမ်းတမ်းကြီး အပြောင်းအလဲဖြစ်ဖို့ဆို မလွယ်ပါဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရတဲ့ အခွင့်အရေးလေးနဲ့ ရတဲ့အပေါက်ကပဲ တိုးပြီး ဖြည်းဖြည်းချင်းတော့ လုပ်ယူရင်ရနိုင်တယ်လို့ပဲ ယုံကြည်ပါတယ်။”

ပါတီရဲ့ ရည်ရွယ်ချက်တွေမှာတော့ ပြည်သူလူထုအကျိုးအတွက် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးတို့ကို စည်းကမ်းတကျ ဖော်ဆောင် နိုင်ရန်၊ အမျိုးသားရေးအကျိုးစီးပွားတွေကို ဆောင်ရွက်သယ်ပိုးရန်၊ တမျိုးသားလုံးရဲ့ နိုင်ငံရေး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး၊ လုံခြုံရေး၊ စစ်ရေးကိစ္စတို့ ခေတ်မီဖွံ့ဖြိုးတိုးရန် စတဲ့အချက်တွေ ပါဝင်တယ်လို့လည်း ဦးရဲမင်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာပဲ နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပ ရေးကော်မရှင်က လျှောက်လွှာတင်ထားတဲ့ နိုင်ငံရေးပါတီ ၅ ခုကို ခွင့်ပြုပြီးဖြစ်သလို ထပ်မံ ခွင့်ပြုဖို့လည်း ရှိနေပါတယ်။ ဒါအပြင် တိုင်းရင်းသားပါတီသစ် ၃ ခုဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီနဲ့ ချင်းတိုးတက် ရေးပါတီတို့ ထက်မံလျှောက် ထားကြသလို နိုင်ငံရေးပါတီဟောင်းတွေထဲက လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီလည်း ဧပြီလ ၂၃ ရက်နေ့က သက်တမ်းပြန်တိုးထားတယ်လို့ အစိုးရအာဘော်ထုတ် သတင်းစာတွေက ဆိုပါတယ်။

နအဖ စစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေးကော်မတီမှာ ပါတီသစ်အဖြစ် လျှောက်ထားတဲ့ ပါတီစုစုပေါင်း ၂၂ ပါတီရှိပြီး အဲ့ဒီထဲမှာ တိုင်းရင်းသားပါတီ ၁၂ ပါတီ ပါဝင်နေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန်နိုင်ငံရေးပါတီတွေထဲက တစညအပါအ၀င် တိုင်းရင်း သားပါတီ ၃ ခု၊ စုစုပေါင်း ၄ ခုက ပြန်လည် သက်တမ်းတိုးထားကြပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီအများစုကတော့ နအဖစစ်အစိုးရ ရေးဆွဲအတည်ပြုပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝမရှိတာကြောင့် ပါတီမှတ်ပုံတင် မပြုလုပ်ကြသေးပါဘူး။

Categories

%d bloggers like this: