ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုစတင်ပြုလုပ်
အံ့ဘုန်းမြတ် ၂၈ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10418
ပြည်သူလူထုရဲ့ ထောင်ခံမှုမရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားမျှတမှုမရှိတဲ့ နအဖစစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ ကြဖို့အတွက် လှုပ်ရှားမှုတွေ မြန်မာနိုင်ငံတွင်း ဒေသအချို့မှာ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက မြောက်ဥက္ကလာ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွေမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေ ပြုလုပ်နေကြတာပါ။ ဒီလှုပ်ရှားမှုမှာတော့ ကြက်ခြေခတ်နဲ့ အင်္ဂလိပ်စာလုံး “နို” ပါ စာရွက်တွေကို ပြည်သူလူထုကြား တော်လှန်ရေးနေ့က စတင်ဖြန့်ဝေခဲ့တာလည်း ဖြစ်ပါတယ်လို့ ဦးဆောင် ပြုလုပ်နေသူတွေက ပြောပါတယ်။ ဘာကြောင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ရတယ်ဆိုတာကိုလည်း ဦးဆောင် ပြုလုပ်နေသူတဦးဖြစ်တဲ့သူကပြောပါတယ်။
“အားလုံး ကြားသိတဲ့အတိုင်းပဲလေ၊ ဒီဟာတွေဟာ အားလုံး လက်ခံနိုင်စရာမရှိတဲ့ ဥပဒေတွေပေါ့။ ဒီဥပဒေတွေဟာ တဦးတယောက်ကို ရည်ညွှန်းပြီးတော့ ဆောင်ရွက်တယ်။ ရေးသားထားတယ်လို့ ပြောစရာရှိသလို နိုင်ငံရေးအင်အားစုတွေ ဖက်က ၀င်နိုင်တဲ့အနေ အထားကိုလည်းပဲ ဘယ်လိုနည်းနဲ့မှ အဆင်ပြေအောင်လို့ လုပ်ဆောင်ထားတဲ့ ဥပဒေမျိုးမဟုတ်ဘူးပေါ့။ အဆင့်ဆင့် အခက်အခဲပေါင်း မြောက်များစွာနဲ့ အခက်အခဲမရှိတာကို အခက်အခဲရှိအောင် ရေးသားထားတဲ့ဥပဒေလို ဖြစ်နေတဲ့အတွက် ကျနော်တို့ သာမန်အများပြည်သူလူထုအတွက် ဒီရွေးကောက်ပွဲနဲ့ ဒီဥပဒေတွေဟာ အကျိုးဖြစ် ထွန်းဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။”
အများပြည်သူတွေ လိုလားတောင့်တနေတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဟာ တပ်မတော်အစိုးရနဲ့ နိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးမှုကသာ ပေါ်ပေါက်လာမှာဖြစ်ပြီး အခုပြဌာန်းထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ပြည် သူလူထုဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတာ မဟုတ်တာကြောင့် အခုလို ဆန့်ကျင်ရေး လှုပ်ရှားရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ တတိယလမ်းစဉ် ဒီမိုကရေစီလမ်းစဉ် နိုင်ငံရေး အင်အားစုဝင် ပုဂ္ဂိုလ်တွေလည်း သူက အခုလို ဝေဖန်လိုက်ပါတယ်။
“၀င်ဖို့ စဉ်းစားထားတဲ့ လူတွေက ဒီလွတ်တော်ထဲမှာပဲ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ် စသည်ဖြင့်ပေါ့နော်။ သူတို့ အမျိုးမျိုးတွေးတောပြီးတော့ ၀င်ဖို့ပြင်ဆင် ကြတယ်၊ စသဖြင့် ပြောကြတယ်၊ ဒါပေမဲ့ တကယ့်တကယ်လက်တွေ့မှာ ဒီမီဒီယာတွေမှာပဲ သူတို့ ကိုယ်တိုင်တက်လာပြီးတော့ အင်တာဗျူးတွေလုပ်တဲ့အထဲမှာ ကျနော်တို့ နားထောင်နေရတာ ကြားတာဘာလဲဆိုတော့ သူတို့ စဘော်တင်တဲ့ ကိစ္စတွေစသဖြင့် ဒီဘဏ္ဍာရေးဆိုင်ရာ ငွေရေးကြေးရေးတွေမှာ သူတို့အများကြီး အခက်အခဲ အကျပ်အတည်းရှိနေတယ်။”
“အဲဒီဥစ္စာတွေက ငွေဝိတ်နဲ့ဖြည့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမယ့် အခြေအနေမျိုးတွေလို ဖြစ်လာတဲ့အခါကျတော့ သူတို့ရဲ့ အမတ်အင်အားတွေ အများကြီးရနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ကြောင်းကို သူတို့ပြောနေတဲ့ အင်တာဗျူးတွေထဲကအစ ကျနော်တို့ အဲလိုနားလည်လိုက်ရတော့ သူတို့အနည်း ဆုံး ၃ နေရာဝင်မယ်ဖြစ်စေ၊ လွတ်တော်ထဲမှာ ၅၀၀ လောက်ဖြစ်နေတဲ့ အင်အားတွေထဲမှာ သူတို့ ၃ ယောက်တည်းနဲ့ သူတို့ ဘယ်လိုသွားပြီးတော့ ပြုပြင်နိုင်မလဲဆိုတာ သူတို့ကိုယ်တိုင် ပြန်ပြီးတော့ အခြေအနေ စဉ်းစားကြစေချင်တယ်။ ဒီမိတ်ဆွေတွေကို ကျနော်တို့ ဒီလိုပဲပြောချင်ပါတယ်။”
ရွေးကောက်ပွဲ ဆန့်ကျင်ရေး (နိုး) လှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ ပါဝင်လှုပ်ရှားပြီး နအဖစစ်အစိုးရရဲ့ နောက်ဆုံး စစ်ကျွန်ဇာတ်အဖြစ် အသွတ်သွင်း မခံရဖို့နဲ့ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့ တိုက်ပွဲဝင်စေချင်လို့ (နိုး) လှုပ်ရှားမှု ပြုလုပ်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့က ဆိုပါတယ်။
Leave a Reply