ကလေးစစ်သားဟောင်းများ ဘ၀ပြန်လည်ထူထောင်နိုင်ရေး
ယူနီဆက်သင်တန်းပေးမည်
အံ့ဘုန်းမြတ် ၂၇ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10407
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ပြန်လွတ်လာတဲ့ တပ်ထွက်က လေးစစ်သားဟောင်းတွေ ဘ၀ပြန်လည်ထူထောင် နိုင်ဖို့ အတွက် အသက် မွေးဝမ်းကြောင်း ပညာတွေကို ယူနီဆက်က သင်ကြားပို့ချပေးဖို့ အစီအစဉ် တွေရှိနေတယ်လို့ သိရပါတယ်။ ကလေးစစ်သားဟောင်းတွေ ဘ၀ပြန်လည် ထူထောင်နိုင်ရေး အတွက် အသက်မွေးဝမ်းကြောင်းပညာတွေကို နီးစပ်ရာဒေသတွေ မှာ သင်ကြားပေးမယ့် ယူနီဆက် (ကုလသမဂ္ဂကလေးများရံပုံ) ရဲ့ အစီအစဉ်မှာ လျှောက်ထားကြရမှာပါ။ ဒီလိုလျှောက်ထားရာမှာ ကလေးစစ်သားဟောင်းတွေ အနေနဲ့ တပ်ထွက်လက်မှတ်၊ သက်သေခံအထောက်အထား စာရွက်စာတမ်းတွေနဲ့ နီးစပ်ရာ (အပြည်အပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) အိုင်အယ်လ်အိုရုံးခွဲ တွေနဲ့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ အစည်းနဲ့ လူပုဂ္ဂိုလ်တွေဆီ အမြန်ဆုံးပေးပို့ ဆက်သွယ်ကြဖို့ လိုအပ်နေတယ်လို့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေး နေတဲ့ လမ်းပြကြယ် ဦးအေးမြင့်က ဆိုပါတယ်။
“အန်ကယ်တို့ လမ်းပြကျယ်အနေနဲ့က အန်ကယ်တို့နဲ ဆက်သွယ်တဲ့လူရော၊ အခြားအဖွဲ့နဲ့ ဆက်သွယ်ပြီး ရောက်ရှိတဲ့ ကလေးမိဘတွေ ဗမာတပြည်လုံးမှာရှိတဲ့ ကလေးစစ်သား မိဘရင်ခွင် ပြန်ရောက်တဲ့ ကလေးမိဘတွေ သိစေချင်တယ်။ တပ်ထွက်လက်မှတ် လေးတွေနဲ့ အိုင်အယ်လ်အို (သို့မဟုတ်) နီးစပ်ရာ ကိုယ့်ကိုယ် ကူညီပေးနေတဲ့ လူတွေဆီ ကို မိတ္တူလေးတွေပို့ကြပါ။ ဒီကလေးတွေရဲ့ စာရင်းတွေနဲ့ ကလေးတွေကို ကူညီနိုင်ဖို့ အတွက်ပေါ့။”
ဒီအစီအစဉ်ထဲမှာတော့ ကလေးစစ်သားဟောင်းတွေအနေနဲ့ ကိုယ်ဝါသနာပါရာ ပညာရပ်တွေကို သင်ကြားနိုင်ဖို့ ယူနီဆက်က စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အိုင်အယ်လ်အို (အပြည်အပြည်ဆိုင်ရာအလုပ်သမားအဖွဲ့) က ပြောရေးဆိုခွင့်ရှိသူ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ခုလိုရှင်းပြပါတယ်။
“တပ်ထွက်လက်မှတ် ရောက်လာပြီဆိုလို့ရှိရင် တပ်ထွက်လက်မှတ်ကလေးတွေနဲ့ အသက်မပြည့်တဲ့ ကလေးတွေ၊ စစ်သားစုဆောင်း ခံရတဲ့အခါကျတော့ ဘယ်လိုနည်းနဲ့ စုဆောင်းခံရသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူ့သဘောနဲ့ ၀င်သည်ဖြစ်စေ၊ ပြန်ထွက်လာတဲ့အခါမှာ စစ်ထဲမှာ ၁ နှစ် ၂ နှစ် ၃ နှစ်တန်သည် နေခဲ့တော့ နဂို ၇ တန်း ၈ တန်းလောက်က စုဆောင်းခံရတဲ့ ကလေးဟာ ၃ နှစ်နေမယ်ဆိုရင် ၁၀ တန်းအောင်မှ ပြန်ထွက်လာရော၊ ကျောင်းသွားလို့ရှိရင်လည်း ကျောင်းလည်း မနေချင်၊ ဘ၀အသက်ဝမ်းကြောင်းလုပ်ဖို့အတွက်ကို သင်တန်း ဒါမှမဟုတ်ရင်လည်း တခုခုပေါ့ အဲ့ဒါလေးတွေပေးဖို့အတွက် နဂိုကတည်းက ယူနီဆက်က ဒါတွေလုပ်နေကျပါ။ လမ်းလေလွင့်ကလေးတွေ၊ အမျိုးသမီး အမျိုးသားလေးတွေကို ခေါ်ပြီးတော့ နိုင်ငံတော်မှာရှိတဲ့ လူမှုဖူလုံရေး ကယ်ဆယ်ရေးအသင်း အဖွဲ့တွေမှာလည်း ထည့်ပေးတယ်။ သူတို့က ငွေကြေးကုန်ကျခံပြီးတော့ ဝေါရှော့တွေ၊ မော်တော်ဘုတ်ပြင်တဲ့ စက်ရုံတွေမှာ ကလေးတွေ ထည့်ပြီးတော့ သင်တန်းပေးတာပါ။”
ကလေးစစ်သားအဖြစ်စုဆောင်းခြင်းခံရပြီး ပြန်မလွတ်သေးပဲ ပဲခူးတိုင်း ရေနီလေ့ကျင့်ရေး စခန်းတွင်းမှာ ရောက်ရှိနေတဲ့ ကလေးစစ်သား မောင်သူဇင်ဦး ဦးလေးကလည်း အခု အစီအစဉ်နဲ့ ပတ်သက်ပြီး ခုလို ပြောပြပါတယ်။
“ကျနော်တို့ကတော့ ၀မ်းသာရမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က တောသူတောင်သားတွေလည်း ဖြစ်တယ်ဆိုတော့ မိသားစုလည်း မပြေလည်ဘူးလေ။ မပြေလည်တဲ့အခါကျတော့ ဒီလေးရဲ့ လုပ်အားခနဲ့ ကျနော်တို့က လုပ်ကိုင်စားနေရတာလေ။ ကလေးအဲ့လိုဖြစ်တော့ မိသားစုအနေနဲ့ တော်တော်ကို ဒုက္ခရောက်ပါတယ်။ အခက်အခဲလည်း အများကြီးကြုံရပါတယ်။ ကြုံတာကို အခုကလေးပြန်ရလိုရငြား ဆိုတဲ့ပုံစံနဲ့ပဲ ကျနော်တို့ ထပ်ပြီးတော့ သွားတွေ့တယ်၊ လိုက်ခေါ်တယ်။ လိုက်သွားတာ အခုတွေ့ခွင့်တောင်မရ ခဲ့တော့ အခုနောက်ဆုံး သေလားရှင်လားတောင် မသိရဘူးဆိုတဲ့ ပုံစံမျိုးနဲ့တောင် ကျနော်တို့ခံစားရပါတယ်။”
၂၀၀၉ ခုနှစ်အတွင်း အိုင်အယ်အိုကို တိုင်းကြားခဲ့တဲ့ ကလေးစစ်သားအမှု (၇၈) မှုရှိပြီး ကလေးစစ်သား (၅၁) ဦး ပြန်လည်လွတ်မြောက်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမြို့မြို့အနယ်နယ်က စစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးစခန်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ အများအပြာင်းကျန်ရှိနေသေးတယ်လို့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသူအချို့က ပြောပါတယ်။
Leave a Reply