စာနယ်ဇင်း, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

စာပေစိစစ်ရေးခွင့်ပြုမှ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေခွင့်ရမည်


စာပေစိစစ်ရေးခွင့်ပြုမှ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေခွင့်ရမည်

အံ့ဘုန်းမြတ် ၂၅ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10391

နအဖစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ဖို့ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ အသင်းအဖွဲ့တွေ ပုံနှိပ်ထုတ်ဝေရာမှာ စာပေစိစစ်ရေးကို တင်ပြပြီးမှ ပုံနှိပ်ထုတ်ဝေခွင့် ရှိမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဦးစီးဌာနက မတ် ၁၇ ရက်စွဲနဲ့ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေရာမှာ လိုက်နာရမယ့်စည်းကမ်းတွေကို ထုတ်ပြန်လိုက်တာပါ။ ဒီကြေညာချက်ကို ဂျာနယ်အသီးသီးက တာဝန်ရှိသူတွေကို စာပေစိစစ်ရေးရုံးက ဒီနေ့ ပေးလိုက်တယ်လို့ သတင်းဂျာနယ် အယ်ဒီတာတချို့က ပြောပါတယ်။

နိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသူများဥပဒေအရ ပုံနှိပ်ထုတ်ဝေခွင့် မှတ်ပုံတင် ကြေး ကျပ်တသိန်း၊ အာမခံ ကျပ်ငါးသိန်းတင်ပြီး မှတ်ပုံတင် လျှောက်ထားရ မှာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပုံနှိပ်ထုတ်ဝေရာမှာလည်း ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများဥပဒေ ညွှန်ကြားချက်တွေ၊ စာပေစိစစ်ရေး ဆိုင်ရာမူဝါဒတွေ၊ စာပေစိစစ်နှင့် မှတ်ပုံတင်ကြီးကြပ်မှု ဗဟိုဌာနက ထုတ်ပြန် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျူးလွန်ဖောက်ဖျက်ရေးသားခြင်းမပြုရ၊ နအဖအစိုးရအဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရတို့အား မဆန့်ကျင်ရ၊ တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲခြင်း မပြုရ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိပါးစေရန် သွေးထိုးလှုံဆော်မှု မပြုရ၊ လိုအပ်ချက်အရ ထုတ်ပြန်ထားသော အမိန့်များကို မဆန့်ကျင်ရလို့ ပြဌာန်းထားပါတယ်။

ဒီစည်းကမ်းတွေကို ဖောက်ဖျက်ရင် အာမခံငွေအကုန်လုံးကိုဖြစ်စေ။ တစိတ်တပိုင်းကိုဖြစ်စေ စာပေစိစစ်ရေးက သိမ်းယူမှာဖြစ်ပြီး အာမခံငွေအသိမ်းခံရသူဟာ လျော့သွားတဲ့ပမာဏကို ထည့်ဖြည့်ရမှာပါ။ မှတ်ပုံတင်ကတ်ကိုပြန်အပ်မှ အာမခံငွေကို ပြန်ရမှာလည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက ပုံနှိပ်ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးကို အရင်တင်ပြကြရမှာဖြစ်ပြီး ခွင့်ပြုပြီးမှ ပုံနှိပ်ဖြန့်ဝေခွင့်ရှိသလို ပုံနှိပ်ပြီး စာရွက်စာတမ်း တွေကိုလည်း စာပေစိစစ်ရေးကို ပြန်ပြီးတင်ပြ ကြရဦးမှာပါ။ အဲဒီနောက်မှ အင်တာနက်ဝက်ဘ်ဆိုက်ပေါ် တင်ခွင့်ရှိတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက ၁၉၉၀ ရွေး ကောက်ပွဲနဲ့ နှိုင်းယှဉ်ပြီး အခုလို သုံးသပ်ပါတယ်။

ဦးသု့ဝေ (ဥက္ကဌ) ဒီမိုကရက်တစ်ပါတီ

“အရင်ရွေးကောက်ပွဲတုန်းကတော့ ကျနော်တို့တွေ စိစစ်ရေးမတင်ရဘူး။ ကျနော်တို့ကို (နသ) ဆိုတဲ့ ထုတ်ဝေခွင့်ဆိုပြီးတော့ ထုတ်ပေးထားတယ်။ အခုတော့ စိစစ်ရေးတင်ရမယ်။ နောက်ပြီးတော့ ပိုက်ဆံလည်းတင်ရမယ်ဆိုတော့ အခုဟာက ပိုခက်ခဲသွားပြီ။”

ကြေညာချက်ပါ ပြဌာန်းချက်၊ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း

“ကျနော်တို့ကတော့ တမင်ပုတ်ခတ်တာတို့ဘာတို့ ရေးမှာတော့မဟုတ်ဘူး။ သို့သော်လည်း အချက်အလက်တွေ၊ ဥပမာအားဖြင့် ချို့ယွင်းချက် တွေကိုတော့ ကျနော်တို့က ထောက်ပြရမယ်။ ပြင်ဖို့လိုတာတွေကို တင်ပြရမယ်။ ဒါမျိုးတွေကျတော့ ခွင့်ပြုချင်ကြမယ်လို့ ကျနော်တို့ ထင်တာပေါ့။ နိုင်ငံရေးပါတီဆိုတာလည်း အဲဒီလိုချို့ယွင်းချက်တွေကို ထောက်ပြချင်လို့ လုပ်တာပဲလေ။ အဲဒါတွေကိုမှ မရေးရဘူး ဆိုတော့ ဘယ်လိုလုပ်မလဲ။”

ကိုဖြိုးမင်းသိန်း (လူထုဒီမိုကရေစီပါတီ)

လူထုဒီမိုကရေစီပါတီအဖြစ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဦးဖြိုးမင်းသိန်းကတော့ ပါတီ လှုပ်ရှားခွင့်ကာလ နည်းလွန်းတဲ့အတွက် ဖင့်နှေးကြန့်ကြာလွန်းရင်တော့ အခက်တွေ့မယ်လို့ သုံးသပ်ပါတယ်။

“စိစစ်ရေးကိုတင်ထားပါဆိုပြီး စိစစ်ရေးကိုတင်ထားပြီးတော့ နောက် လေးငါးခြောက်ရက်နဲ့လည်း မထွက်နိုင်၊ ၁၀ ရက်နဲ့လည်းမထွက်နိုင်ဆို ကြေညာချက်တွေ ဖြန့်ချိမှုတွေနဲ့မှ ယန္တရားကို လည် လို့ရမှာလေ။ ရေဒီယိုယန္တရားဆိုတာ သုံးလို့မရဘူး။ စာရွက်နဲ့ပဲလုပ်ရမှာဆိုတော့ စာပေစိစစ်ရေးရဲ့ ဆောင်ရွက်ပေးမယ့် အစီအစဉ်ဟာ ဘယ်လိုအတိုင်းအတာ လုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို ထူထောင်မယ့် ဦးအေးလွင်ကတော့

ကိုအေးလွင် (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)

“ကျနော်တို့လုပ်တဲ့ဟာတွေက သူတို့ဥပဒေမူဘောင်နဲ့ ညီတယ်မညီဘူးဆိုတာ အာဏာပိုင်အဖွဲ့အစည်းတွေကပဲ သုံးသပ်တဲ့သဘော ဖြစ်နေတယ်။ အခုလို သူတို့က သီးခြားအစီအမံ တခုလုပ်ပေးလိုက်တော့ ကောင်းတာပေါ့” လို့ဆိုပါတယ်။

“လောလောဆယ်တိုင်းပြည်ကို တာဝန်ယူထားတဲ့လူတွေဆိုတော့ သူတို့ချမှတ်ပေးတဲ့ မူဘောင်ကို ကျနော်တို့က အသိအမှတ်မပြုလို့မရဘူး။ တခုတော့ရှိတာပေါ့၊ ကျနော်တို့ လုပ်စရာရှိတဲ့ဟာကို ဒီမိုကရေစီမူဘောင်ထဲက လောလောလတ်လတ် ဘယ်လောက်လုပ်လို့ ရမလဲ ဆိုတာတော့ လက်တွေ့ ဖြတ်သန်းကြည့်တဲ့အခါကျရင် အဖြေပေါ်လာမှာပဲလေ။ သူတို့ကိုယ်တိုင် ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စေချင်တဲ့ သဘောဆန္ဒ ရှိတယ်ဆိုရင်တော့ အောင်အောင်မြင်မြင်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက ဖြတ်သန်းနိုင်လောက်တဲ့ အခွင့်အလမ်းတွေတော့ သူတို့ဘက်က ပေးကိုပေးရမှာပဲ။”

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: