နိုင်ငံရေးပါတီအချို့ ပါတီအဖြစ် လျှောက်လွှာတင်သွင်းထား
အံ့ဘုန်းမြတ် ၂၃ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10359
နအဖ အစိုးရက ကျင်းပပြလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးပါတီအချို့၊ ပါတီလျှောက်လွှာ တင်သွင်း ထားတယ်လို့ သိရပါတယ်။ လျှောက်လွှာတင်သွင်းထားတဲ့ ပါတီနှစ်ခုကတော့ ကိုအေးလွင်ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နဲ့ ကိုအေးလွင်ရဲ့ ညီတော်စပ်သူ ကိုရဲထွန်း ဦးဆောင်မယ့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)တို့ ဖြစ်ပါတယ်။ ဒီပါတီနှစ်ခုကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဒီလ ၂၂ ရက်နေ့မှာ စာအမှတ်-၁၊ စာအမှတ်-၂ တို့နဲ့ လက်ခံထားခဲ့တယ်လို့ ကိုအေးလွင်က ပြောပါတယ်။

“ထူထောင်ခွင့် လျှောက်လွှာသွားတင်တာပါ။ ပါတီထူထောင်မယ့် ပုဂ္ဂိုလ်အနည်းဆုံး ၁၅ ယောက်ပေါ့နော်။ ကိုယ်ရေးအချက်အလက်တွေပေါ့ အဲဒါတွေပါရတယ်။ ပြီးတော့ ၀န်ခံချက် တွေပါရတယ်။ အဖွဲ့အစည်းအမည် ပါရတယ်ပေါ့နော်။ အဲဒါတွေ ဥပဒေတွေနဲ့အညီ ကျနော်တို့က ဒါတွေပြုစုပြီးတော့ တင်ပြရတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်အနေနဲ့ ကော်မရှင်ရုံးမှာ လျှောက်လွှာသွားတင်ပါတယ်။ အမှတ်စဉ်-၂ နဲ့ လက်ခံတယ်ခင်ဗျ။ မနေ့က ၂၂ ရက်နေ့ ရက်စွဲနဲ့ပါ။ ကိုရဲထွန်း ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်း သားလူငယ်များက ပါတီတခု ဖြစ်လာမယ်လေ။ သွားတင်တာက ကိုသန်းဦးက သွားတင်တယ်။ အမှတ်စဉ်-၁ နဲ့ လက်ခံလိုက်တယ်လေ။”
ပါတီစုံရွေးကောက်ပွဲ ဖြစ်မြောက်ရေးကော်မရှင်ကို နေပြည်တော် ရုံးအမှတ်-၂၂ မှာ ဖွင့်လှစ်ထားတယ်လို့လည်း ကိုအေးလွင်က ဆိုပါတယ်။ ဒီမိုကရက် တစ်ပါတီ ဥက္ကဌဦးသုဝေ ကလည်း မကြာခင်မှာ နိုင်ငံရေးပါတီအဖြစ် လျှောက်လွှာ တင်သွင်းတော့မှာလို့ ခုလိုပြောပါတယ်။

“တနင်္ဂနွေတုန်းကတော့ ကျနော် အီးစီခေါ်လိုက်တယ်။ အီးစီခေါ်ပြီးတဲ့နောက် မှတ်ပုံတင်ဖို့ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်ပြီး တဲ့အခါကျတော့ သူတို့ရဲ့ စည်းကမ်းအတိုင်းပေါ့နော်။ ပထမဆုံး ကျနော်တို့ရဲ့ အီးစီထဲက ကိုယ်စားလှယ်တယောက်ကိုရွေးပြီးတော့ ကော်မရှင်နဲ့ ဆက်သွယ်ဘို့ လုပ်လိုက်တယ်ပေါ့။ ကျနော်တို့ အီးစီစာရင်းရယ်၊ နောက်ပြီးတော့ သူ့ရဲ့အာမခံချက်ရယ်။ လျှောက်လွှာယူပြီးတော့ အဲဒီကိုယ်စား လှယ်က အခု နေပြည်တော်ကို သွားပါတယ်။”
အခုလျှောက်လွှာတင်တာ ပထမအဆင့် ဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် ကော်မရှင်ကခွင့်ပြုမှ ပါတီခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တို့က ငွေသုံးသိန်းနဲ့ ပါတီမှတ်ပုံတင်ပြုလုပ်တဲ့ ဒုတိယအဆင့်ကို ဖြတ်သန်းပြီးမှ တတိယအဆင့်မှာ ပါတီဝင် ၅၀၀၊ ၁၀၀၀ စသဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုပေးဖို့ အဆင့်သုံးဆင့် ဖြတ်ရမယ်လို့လည်း ဦးသုဝေက ပြောပါတယ်။ အခြားတတိယနိုင်ငံရေး အင်အားစုတွေဖြစ်တဲ့ မတူကွဲပြားခြင်းနှင့် ညီညွှတ်ရေးပါတီအဖြစ် ထူထောင်မယ့် ကိုနေမျိုးဝေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းနဲ့အတူ ကိုသိန်းတင်အောင်တို့လည်း သီးသန့်ပါတီတရပ် ထူထောင်ဖို့ရှိနေသလို ရှမ်းအမျိုးသားကြီး ဦးရွှေအုန်းဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီတို့လည်း ပါတီလျှောက်လွှာတင်ဖို့ ပြင်ဆင်နေကြတယ်လို့ ရန်ကုန်နိုင်ငံရေး အသိုင်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ နအဖအစိုးရရဲ့ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးအင်အားစု ၉ ခုရှိနေပါတယ်။ ဒါ့အပြင် နအဖအစိုးရအဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်တည်ထောင် ကျောထောက်နောက်ခံပေးမယ့် နိုင်ငံရေးပါတီတွေလည်း အများအပြား ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
Leave a Reply