ရွေးကောက်ပွဲဝင်ရန် အာမခံ ကျပ်ငါးသိန်းဟု သတ်မှတ်ထား၍
နိုင်ငံရေးပါတီများအခက်တွေ့
အံ့ဘုန်းမြတ် ၂၄ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10367
စစ်အစိုးရစီမံနေတဲ့ ရွေးကောက်ပွဲကို ၀င်မယ့် ကိုယ်စားလှယ်တဦးကို ကျပ် ၅ သိန်း စီ အာမခံတင်ရမှာဖြစ်လို့ အခက်တွေ့နေကြတယ်လို့ ရွေးကောက်ပွဲဝင်ဖို့ပြင်နေသူတချို့က ပြောပါတယ်။ ပါတီကိုယ်စားလှယ် ၁၀၀ စာအတွက်ဆိုရင် ကျပ်သိန်း ၅၀၀၊ သတ်မှတ်ထားတဲ့ ကိုယ်စား လှယ် ၃၃၀ စာအတွက်ဆိုရင် ကျပ်သိန်း ၁၅၀၀ ကုန်ကျမယ့်အခြေအနေ ဖြစ်နေတယ်လို့ ဒီမိုကရက်ပါတီ ဥက္ကဌ ဦးသုဝေက တွက်ပြပါတယ်။
“ကိုယ်စားလှယ်တွေက အမှန်ရွေးမယ်ဆိုရင် ၂၀၀၀ လောက် ပါလာမှာပေါ့၊ တယောက် ၅ သိန်းဆိုရင် သိန်းတသောင်းလောက် ဖြစ်သွားမှာပေါ့။ သိပ်မလွယ်ဘူး၊ ကျနော်တို့ နိုင်ငံရေးသမားတွေအတွက် များတာပေါ့ဗျာ။ ငွေရှင်ကြေးရှင်တွေ လွှတ်တော်ကိုယ်စားလှယ် များများဖြစ်အောင်လုပ်ထားသလို ဖြစ်နေတာပေါ့။ ၅ သိန်းမှ မကဘဲ သုံးပိုင်နှုန်းက သိန်း ၁၀၀ ဆိုတော့ အဲဒါက ပိုဆိုးတာပေါ့။ ကျနော်တို့ကတော့ ၅ သိန်းတောင် မနည်းရှာတော့ အဲဒီသိန်း ၁၀၀ ထပ်ပြီးတော့ သုံးဖို့ဆိုတာ ပိုခက်တာပေါ့။ သုံးနိုင်တဲ့သူတွေက အခွင့်အရေး ပိုပြီးသာသွားတာ။ အခွင့်အရေးအများကြီး သူတို့က သာသွားတာပေါ့။”
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ထူထောင်သူ ကိုအေးလွင်ကတော့ ကိုယ့်စရိတ်ကိုယ်စိုက်ထုတ်နိုင်မယ့် ကိုယ်စားလှယ်တွေကိုပဲ စည်းရုံးသွားမယ် လို့ ဆိုပါတယ်။
“မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်တင် ၃၃၀ ရှိတယ်လေ။ အဲလို ၃၃၀ ၀င်မယ်ဆိုရင် လူတယောက်ကို ၅ သိန်းဆိုရင် မနည်းဘူးပေါ့ဗျာ။ ဒါပေမယ့် ခွဲပြီးတာဝန်ယူလိုက်တော့လည်း တယောက် ၅ သိန်းပေါ့။ ၅ သိန်းလောက်တော့ နိုင်ပါတယ်။ အဲလိုလုပ်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတယောက်က ၅ သိန်းကို ကိုယ့်ဘာကိုယ် တာဝန်ယူပေါ့ဗျာ။ အဲဒီလိုတာဝန်ယူနိုင်တဲ့သူတွေနဲ့ ကျနော်တို့ကလုပ်မှာပါ။”
မတူကွဲပြားခြင်းနှင့်ညီညွတ်ရေးပါတီ ထူထောင်မယ့် ဦးနေမျိုးဝေကတော့ လွှတ်တော်ကိုယ် စားလှယ်နေရာများများအတွက် မကြိုးစားတော့ ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ကပါတီအနေနဲ့ ဖန် (ရန်ပုံငွေ) ရှာမပေးဘူး။ သူ့ဘာသူ ၅ သိန်း တင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ လုပ်ချင်တဲ့ဆန္ဒရှိမယ်ဆိုရင် အဲဒီလူတွေ ပေါ်လာမှာပေါ့။ အဲဒီလူတွေနဲ့သွားမှာ၊ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် နေရာများများအတွက်လည်း မရည်ရွယ်ဘူး၊ ပေါ်လာတဲ့ လူတွေရှိမယ်။ ၀င်ချင်တယ်ဆိုလည်း သူ့မှာ အဲဒီ (အထောက်အပံ့) ပြည့်တယ်ဆိုရင် သူ့ကို ကျနော်တို့ပါတီက တာဝန်ခံပေးမယ်၊ သူစည်းရုံးလှုပ်ရှားတဲ့အခါမှာ နောက်ကြောင်းအေးအေးနဲ့ စည်းရုံးလှုပ်ရှားလို့ ရနိုင်အောင် ကျနော်တို့က တာဝန်ယူဖြေရှင်းပေးမယ်။ ဒီလိုပုံစံပဲ ကျနော်တို့စဉ်းစားထားတယ်။ လွှတ်တော်ကိုယ်စားလှယ် အများကြီးရဖို့ ကျနော်တို့ လိုက်ပြီး မကြိုးစားဘူး၊ အပင်ပန်းမခံဘူး။”
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ သီးသန့်ပါတီထောင်ဖို့ ပြင်ဆင်နေတဲ့ ဦးသိန်းတင်အောင်ကလည်း ကြုံတွေ့နေတဲ့ အခက်အခဲကို ပြောပြပါတယ်။
“ပါတီသစ်တွေဆိုတော့ ကျနော်တို့မှာက ရံပုံငွေကလည်း အသစ်၊ ပါတီဝင်တွေဆီကလည်း ရန်ပုံငွေကောက်ခံမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် တဦးစီအတွက် ၅ သိန်းဆိုရင် မနည်းဘူး၊ တယောက်နှစ်ယောက်ဆိုရင် ပြဿနာမရှိဘူး၊ ရာနဲ့ချီသွားရင် ပြဿနာရှိတယ်။ ကိုယ်က များများကိုယ်စားပြုချင်ရင် ပါတီမှာ ရန်ပုံငွေအခက်အခဲဖြစ်လေလေပဲ။ အဲဒီဟာတော့ အခက်အခဲရှိတယ်။ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာတော့ ခန့်မှန်းလို့မရသေးဘူး။ ရန်ပုံငွေမှာလည်း တင်းကျပ်မှုတွေကများတယ်။ ပြည်သူကိုပဲ အခြေပြုမှာ။ ပြည်သူတဦးချင်းရဲ့ စီးပွားရေးအဖွဲ့အစည်းပေါ့နော်။ လုပ်ငန်းရှင် အဖွဲ့အစည်းတွကိုပဲ အလှူခံရမယ့်သဘောရှိတယ်။”
လွှတ်တော်ကိုယ်စား လှယ်တဦးအတွက် အာမခံ ကျပ် ၅ သိန်းတင်ရမယ့် ပြဌာန်းချက်ဟာ ပါတီတွေကို အင်အားကြီးထွားမလာအောင် ကန့်သက်တာဖြစ်ပြီး အစိုးရကျောထောက်နောက်ခံပေးမယ့် ပါတီတွေကို မယှဉ်နိုင်အောင် ရည်ရွယ်တာပဲလို့ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင် နေတဲ့ နိုင်ငံရေးအင် အားစုဝင်တချို့က ဝေဖန်ကြပါတယ်။
Leave a Reply