ကမ္ဘာ့ကဗျာနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် ကဗျာပြပွဲများ ကျင်းပမည်
အံ့ဘုန်းမြတ် ၁၈ မတ် ၂၀၁၀ မတ်
မြန်မာကဗျာဆရာတွေနဲ့ စာပေလောကသားတွေ စုစည်းပြီး ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွေနဲ့ အထိမ်းအမှတ်ပြပွဲနဲ့ ကဗျာရွတ်ပွဲတွေ ဒီရက်ပိုင်း ကျင်းပပြုလုပ်ဖို့ ရှိနေကြတယ်လို့ သိရပါတယ်။ ဒီလ ၂၁ မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့ ကဗျာပြပွဲနဲ့ကဗျာ ရွတ်ဆိုပွဲတွေကို ရန်ကုန်အခြေစိုက် ကဗျာဆရာတွေနဲ့ စာပေလောကသားတွေ ကျင်းပပြုလုပ်ဖို့ စီစဉ် နေကြတာပါ။ ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် အခမ်းအနား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဦးဆောင်ပြုလုပ်နေသူ တဦးဖြစ်တဲ့ ကဗျာဆရာ အံ့ဘွယ်ဇင်က အခုလို ပြောပြပါတယ်။
“၂ နေရာ လုပ်မှာပေါ့နော် တနေရာက ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိကို ပန်းဆိုးတန်းပြန်ခန်းမှာ ကဗျာလက်ရေးပြပွဲ လုပ်မှာ။ ကဗျာဆရာလက်ရေးပြပွဲမှာတော့ ကဗျာဆရာ အယောက် ၁၀၀ ကျော် ပါမှာပေါ့။ နောက်တခုက ပန်းဆိုးတန်း စာပေလောက (၅) မှာ ၁၉ ကနေ ၂၂ အထိ ကဗျာရွတ်ပွဲတွေနဲ့ ကဗျာစာတန်းတွေ ဖတ်မယ်ပေါ့။”
ကဗျာစာတမ်းဖတ်ပွဲမှာ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမောင်ခင်မင်၊ ဆရာအောင်ဇင်မင်း၊ ဆရာမောင်လင်းရိပ်၊ ဆရာနိုင်သစ်နီ၊ ဆရာမင်းထက်မောင် စတဲ့ပုဂ္ဂိုလ်တွေက စာတမ်းအသီးသီးကို ဖတ်ကြားကြမှာ ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ ဖတ်ကြားမယ့် စာတမ်းနဲ ပတ်သက်ပြီး ဆရာဇော်ဇော်အောင်က
“အရင် ကျနော်ရေးထားတဲ့ ဆောင်ပါးတစောင်ကို ကျနော့်ကိုယ်စား ကဗျာဆရာတယောက် ဖတ်လိမ့်မယ်လို့ ကျနော်သိရတယ်။ အဲဒီကဗျာက နာဇီအိုက်ခမန်းအကြောင်းကို ရေးထားတဲ့ကဗျာ၊ အိုက်ခမန်းအကြောင်း သိကောင်းစရာများဆိုပြီးတော့ အဲဒီကဗျာပါ။ အဲဒါကို အနုပညာ မပါသောအနုပညာဆိုတဲ့ ကျနော်စာအုပ်ကလေးတအုပ် ထုတ်ထားတယ်။ အဲဒီအထဲမှာ ပါပါတယ်။ အဲဒီဆောင်းပါးကို ကဗျာဆရာ တယောက်က ဖတ်လိမ့်မယ်လို့ ကျနော့်ကို အကြောင်းကြားပါတယ်။ ကျနော်ကိုယ်တိုင်ကတော့ သွားနိုင်မယ် မထင်ဘူး။”
ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့ ကဗျာပြပွဲအဖြစ် ပန်းဆိုးတန်းပန်းချီပြခန်းမှာ ကျင်းပပြုလုပ်မှာနဲ့ ပတ်သက်ပြီး ပြခန်းပိုင်ရှင် ကဗျာဆရာ လွတ်လပ်အိမ်က အခုလို ရှင်းပြပါတယ်။
“သူတို့ မဂ္ဂဇင်းထဲမှာ ပါပြီးသားကဗျာတွေပဲ။ မဂ္ဂဇင်းထဲမှာပါတဲ့ ကော်ပီနဲ့ သူတို့ လက်ရေးနဲ့ ရေးတဲ့ကဗျာနဲ့ပေါ့။ ပြပွဲကတော့ ၁၀၀ လောက်ရှိပါတယ်။ ဘောင်ပါမှ တသောင်းလောက်ပဲ ရောင်းမှာပါ။ နောက်ကျမှ စာအုပ်ပြန်ထုတ်ဖို့တို့ ဘာတို့များ လုပ်မလား မသိဘူး။”
ဒီလို ကဗျာရွတ်ပွဲတွေ အပါအ၀င် ကဗျာနေ့အထိမ်းအမှတ် အခမ်းအနားတွေကနေ မြန်မာ့စာပေနဲ့ မြန်မာကဗျာ တိုးတက်လာနိုင်မယ်လို့ လူငယ်ကဗျာဆရာအံ့ဘွယ်ဇင်က ဆိုပါတယ်။
“ဈေးကွက်အရ ကဗျာစာအုပ်ဆိုရင် သိပ်ပြီးမရောင်းရတာ။ ၀တ္ထုတွေလည်း ဒီလိုပဲဆိုတော့ အခုလိုမျိုးတွေ ပွဲလုပ်တော့ ကဗျားစိတ်ဝင်စား သူတွေနဲ့ ကဗျာဆရာတွေ ထိတွေ့မှုလေးတွေတော့ ရှိလာမယ်လို့တော့ ကျနော်ထင်တာပေါ့။ တရားဝင်လုပ်တာဆိုတော့ လာတဲ့ လူတွေကလည်း ဒီမှာ သူတို့ ကဗျာဆရာတွေရဲ့ အမြင်တွေ၊ ဖတ်တာ၊ ရွတ်တာတွေမြင်ရတော့ ဘာပဲဖြစ်ဖြစ် တိုးတက်လာ နိုင်မယ်လို့ ထင်ပါတယ်။”
ဒီလိုကမ္ဘာ့ ကဗျာနေ့အခမ်းအနားအနေနဲ့ စာပေလောကသားတွေ စုစုစည်းစည်း ကျင်းပပြုလုပ်လာတဲ့အပေါ် လူငယ်စာရေးဆရာ တစ်ဦးဖြစ်တဲ့ စာရေးဆရာ ဝေမှူးသွင်ကလည်း
“လှုပ်ရှားမှုတခုပေါ့။ ဒါမိုက်ခရို ပေါ်လိုက်တစ်ပဲ။ အနုနိုင်ငံရေးလို ကျနော်မြင်တယ်။ ဒါကကြိုဆိုရမယ့် ကိစ္စပဲ။ လူငယ်တွေကလည်း စိတ်ဝင်တစားရှိကြပါတယ်။ အများကြီးပဲ ကလောင်သစ်တွေလည်း လာကြပါတယ်။ အများကြီးပဲ နာမည်တွေတော့ မမှတ်မိတော့ဘူး။”
ဆရာဇော်ဇော်အောင်ကလည်း “အခု ဒီကဗျာနေ့ ကမ္ဘာ့ကဗျာနေ့ပေါ့လေ အဲဒါကို သူတို့လုပ်ကြတာကလည်းပဲ ကျနော်တို့ သိတဲ့အတိုင်းပဲ မြန်မာပြည်ရဲ့ လောလောဆယ် နိုင်ငံရေးအခြေအနေ ပေါ့လေ။ နိုင်ငံရေး ရာသီဥတုပေါ့ဗျာ အဲဒီအချိန်မှာ သူတို့ သာမန်လုပ်ရိုးလုပ်စဉ်ပွဲ တခုထက်တော့ ပိုလိမ့်မယ် ထင်ပါတယ်။”
အလားတူ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာကဗျာဆရာတွေနဲ့ စာပေလောက သားတွေလည်း မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ဖို့ ရှိနေကြပါတယ်။
(ဓာတ်ပုံများကို http://ashin-htavara.blogspot.com/2010/03/blog-post_4622.html မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)
Leave a Reply