သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ထုတ်ပြန်ကြေညာ


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ထုတ်ပြန်ကြေညာ

အံ့ဘုန်းမြတ် ၁၇ မတ် ၂၀၁၀

နအဖအစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေအတွက် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ နည်းဥပဒေတွေကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ နည်းဥပဒေတွေကို နအဖအစိုးရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်တာပါ။ ဒီကြေညာချက်ထဲမှာတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြေး ၃ သိန်း သတ်မှတ်ပြီး ပါတီထူထောင်ရာမှာ ပါတီစတင်တည်ထောက်ချိန်မှာ အဖွဲ့ဝင် ၁၅ ဦး ပါရှိရမှာဖြစ်ပြီး ပါတီခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တို့ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းကြရမှာ ဖြစ်ပါတယ်။ တည်ဆဲနိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရက်ပေါင်း ၆၀ အတွင်း ဒီဥပဒေ နည်းဥပဒေတွေအတိုင်း မလျှောက်ထားပါက နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်မယ်လို့လည်း ဒီကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတခုအနေနဲ့ ပြည်နယ်နှင့်တိုင်း တခုချင်းအနေနဲ့ ၀င် ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ပါတီဝင် ၅၀၀၊ တိုင်းပြည်တခုလုံးစာအတွက်ဆိုရင် ပါတီ ၀င်ဦးရေ ၁၀၀၀ ရှိရမယ်လို့လည်း သတ်မှတ်ထားပါတယ်။ အခုလို ထုတ်လိုက်တဲ့ နိုင်ငံရေးပါတီ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးအင်အားစု တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးသု့ဝေရဲ့ အမြင်ကတော့

ဦးသု့ဝေ (ဥက္ကဌ) ဒီမိုကရက်တစ်ပါတီ

“၉၀ ခုနှစ်တုန်းက မှတ်ပုံတင်ခြင်း မရှိဘူး။ ပေးစရာမလိုဘူး။ အခုတော့ ၃ သိန်းဆိုတော့ အခုခေတ်ကာလ ငွေတန်ဖိုးနဲ့ဆိုတော့ ၃ သိန်းဆိုရင် မဆိုးလှဘူးလို့ ထင်တာပေါ့။ ရွေးကောက်ပွဲဝင်မယ့် ပါတီအနေနဲ့ကတော့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အလုပ်အမှုဆောင်အဖွဲ့က ရှိပြီးသားပဲ၊ သူတို့က ၁၅ ယောက် အနည်းဆုံးဆိုပြီးပါတယ်။ ကျနော်တို့က ၁၅ ယောက်ထက် ပိုတာပဲ၊ ၂၂ ယောက်လား ရှိနေတယ်။ ၀င်ဖို့အခြေအနေ အချက်အလက်တွေ အများကြီး ရှိနေရင်လည်း ကျနော်တို့က နောက်ဆုတ်သွားမှာတော့ မဟုတ်ဘူးပေါ့။ ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်းရဲ့ ကြေးကသိပ်များမယ်ဆိုရင် ကျနော်တို့က ၂၀၀ ၀င်မယ့်အစား ၁၀၀ အဲလို ဆုတ်တန် ဆုတ်ရမှာပေါ့။ ငွေကြေးပေါ်မူတည်ပြီးတော့ အဲဒါမျိုးတော့ ရှိရမှာပေါ့။”

မတူကွဲပြားခြင်းနှင့်ညီညွတ်ရေးပါတီ (PDP) အဖြစ် ရွေးကောက်ပွဲဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ကိုနေမျိုးဝေကလည်း

ကိုနေမျိုးဝေ (မတူကွဲပြားခြင်းနှင့် ညီညွတ်ရေးပါတီ) (PDP)

“၁၅ ဦးကိစ္စ လုပ်နိုင်ပါတယ်။ နောက်တခါ ပါတီမှတ်ပုံတင်ကြေး ၃ သိန်းတို့ ကြားလာပါပြီ။ နောက်တခါ လွှတ်တော်ကိုယ်စားလှယ်တယောက် သိန်း ၁၀၀ ထက် ပိုမသုံးရ။ အဲဒါလည်း မျှတပါတယ်။ ကျနော်တို့ အဓိက စောင့်နေတာ လွှတ်တော်ကိုယ်စားလှယ်တယောက်က စဘော်ဘယ်လောက်တင်ရမလဲ။ အဲဒီငွေကြေးပမာဏ များတယ်ဆိုရင်တော့ ကျနော်တို့ ကိုယ်တိုင် ၀င်နိုင်လိမ့်မယ် မထင်ဘူး။”

ဒါ့အပြင် ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် နိုင်ငံရေးပါတီအဖြစ် လှုပ်ရှားဖို့ ပြင်ဆင်နေတဲ့ ကိုသိန်းတင်အောင် ကလည်း

ကိုသိန်းတင်အောင် (ပြည်ထောင်စုဒီမိုကရေစီပါတီ)

“ပါတီအသစ် မှတ်ပုံတင်လုပ်မယ့် ပါတီအသစ်အနေနဲ့ ပြဿနာမရှိဘူး။ မှတ်ပုံတင်ကြေး ၃ သိန်းဆိုတာ ၀န်ထုတ်ဝန်ပိုး မဖြစ်ဘူးပါ။ တခုတော့ ရှိတယ် နီးစပ်ရာ ကိုယ့်အမျိုး ၁၅ ယောက်နဲ့ သူငယ်ချင်း ၁၅ ယောက်နဲ့ မှတ်ပုံတင်တဲ့ ပါတီဆိုရင်တော့ မလွယ်ဘူး။ တကယ်နိုင်ငံရေးကို သမိုင်းကြောင်းလည်းရှိတယ်။ အရည်အချင်းလည်း ရှိတယ်ဆိုတဲ့ ဦးဆောင်တဲ့လူတွေ လုပ်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ်အတွက် ရည်ရွယ်ပြီး ထောင်တဲ့ ပါတီဝင် ၅၀၀ တို့ နောက်တနိုင်ငံလုံး အတွက် ရည်ရွယ်ပြီး ထောင်တဲ့ ပါတီအတွက် ၁၀၀၀ တို့ဆိုဒါ ရှင်းရှင်းပြောရင် သိပ်မခက်ခဲဘူး။ အဲလောက် လုပ်နိုင်မှ ရှိနိုင်မှ ပါတီတရပ်ရဲ့ အင်္ဂါရပ်နဲ့ ညီမှာ။ နောက်ဆို ရင် ၉၀ တုန်းကလို ပါတီတွေ မှိုလိုပေါက်ပြီးတော့ သားအဖနှစ်ယောက်လည်း ပါတီထောင် သူငယ်ချင်းလည်း ပါတီထောင်ဆိုရင်တော့ မရနိုင်ဘူး။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် အနေနဲ့ ပါတီထောင်ဖို့ ပြင်ဆင်နေတဲ့ ကိုအေးလွင်ကတော့

ကိုအေးလွင် (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)

“နိုင်ငံရေးပါတီတခုကို ၃ သိန်းဆိုတာတော့ များတော့ မများပါဘူး၊ သိပ်နည်းလွန်းတယ်လို့လည်း ပြောလို့မရဘူးလေ။ နိုင်ငံရေးဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရတာ။ ဟိုက ငွေရေးကြေးရေးတွေနဲ့ အကျိုးအမြတ်အတွက် လုပ်တာ။ အဲဒါတော့ကွာတယ်။ အဲလိုနှိုင်းယှဉ်ကြည့်ရင် မဆိုးဘူးလို့ ပြောလို့ရတယ်။ တကယ်တမ်းက ကိုယ်စားလှယ်လောင်း တယောက်က သိန်း ၁၀၀ လောက် သုံးမယ်ဆိုရင် မဲဆန္ဒနယ်တခုမှာ လုံလောက်ပါတယ်။ သုံးနိုင်တဲ့လူတွေ အတွက်ကတော့ သိန်း ၁၀၀ ဆိုတာ သိပ်နည်းတယ်လို့ ပြောလို့မရဘူးလေ။ မရှိတဲ့လူကတော့ ဘယ်လိုမှ သုံးနိုင်မှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါကတော့ သဘာဝပဲလေ၊ မတတ်နိုင်ဘူး။”

ပါတီထောင်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ တတိယလမ်းစဉ် တခြားနိုင်ငံရေးအင်အားစုတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါ့အပြင် လက်ရှိ နအဖအစိုးရ အဖွဲ့ဝင်တွေ အဖြစ်ကနေ ထုတ်ထွက်လာသူတွေ ထူထောင်မယ့် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာဦးမှာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း အပါအ၀င် အစိုးရက ကျောထောက် နောက်ခံပေးမယ့် နိုင်ငံရေးပါတီတွေလည်း အများ အပြား ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: