မြန်မာနိုင်ငံတွင်း ဒေသအချို့တွင် လေထုညစ်ညမ်းမှုဖြစ်ပွား
အံ့ဘုန်းမြတ် ၁၇ မတ် ၂၀၁၀
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အတွင်းက ဒေသ အချို့မှာ မီးခိုးငွေ့ကြောင့် လထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တွေမှာ မတ်လ ၁၆ ရက်နေ့ကစပြီး လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို မန္တလေးမြို့ခံတဦးက အခုလို စပြောပြပါတယ်။
“မန္တလေးမှာကော၊ စစ်ကိုင်းမှာကော၊ မီးခိုးလုံးတွေက တောင်ယာတွေ မီးရှို့လို့လား မသိဘူး။ ဒီဘက်ကို လေတိုက်လို့ မီးခိုးတွေလိုပဲ မှိုင်းထနေတာပေါ့။ ဟိုဘက် ဒီဘက်ကို ကောင်းကောင်းမမြင်ရဘူး။ မီးခိုးမှိုင်းတွေ တိုက်နေတာပေါ့။ စစ်ကိုင်း မြို့ထဲလည်း ဒီလိုဘဲ ဆိုင်းနေတာ ပေါ့။ ဆိုင်ကယ်စီးတဲ့အခါကျတော့ မျက်လုံးတွေကို စပ်ပြီးတော့ နေတာဘဲ။”
လေထုအတွင်း မီးခိုးငွေ့တွေပါတာကြောင့် အသက်ရှုကြပ်ရောဂါ အပါအ၀င် လေရှူပြွန်နဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဒေသခံတွေကြားမှာ ဖြစ်ပွားမှု အချို့ရှိတယ်လို့လည်း ထိုမန္တလေးမြို့ခံကဆိုပါတယ်။ မုံရွာမြို့ခံတဦးကလည်း မုံရွာမြို့မှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှု အခြေအနေ တွေကို အခုလိုပြောပြပြန်ပါတယ်။
“ကျနော်တို့ မနက်ခင်းကို မြူတွေဆိုင်းနေလို့ ကျတယ်ထင်တာ ပေါ့။ အဲလို လမ်းကို ဆိုင်ကယ်တွေ ဘာတွေနဲ့ ထွက်တဲ့အခါကျ တော့ မျက်စိတွေ ဘာတွေထဲဝင်ပြီး စပ်တာပေါ့။ နှစ်တိုင်းမြူ တွေဆိုင်းရင် မျက်စိတွေဘာတွေ မစပ်ဘူးလေ။ နေခင်း ၁၁၊ ၁၂ လောက်မှကွဲတာ။ ညနေကျလည်း မှိုင်းတိုင်းတိုင်း ပြန်ဖြစ်သွားတာ။ အရင်တုန်းက အနောက်ရိုးမကို မုံရွာကနေ မြင်ရတယ်။ အခုရက်ပိုင်းတွေက ဘယ်လိုမှ မမြင်ရဘူး။ ကြေးစင် တောင်ပိုင်းတောင်မှ တော်တော်ကြည့်ယူရတယ်။ အစောတုန်းကတော့ နွေဦးပေါက်ကို မြူဆိုင်းတယ်လို့ဘဲ တွက်ကြတာပေါ့။”
ရှမ်းပြည်နယ် တာချီလိတ်မြို့မှာလည်း လေထုညစ်ညမ်းပြီး မီးခိုးငွေ့တွေကြောင့် လေယာဉ်ခရီးစဉ်အချို့ကို ရပ်နားထား ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ဒီလို လေထုညစ်ညမ်း မှုတွေ ဖြစ်ပေါ်ရတာဟာ တောင်ရာတွေမီးရှို့မှုတွေ၊ တောမီးလောင်းမှုတွေက ပေါ်ထွက်လာတဲ့ မီးခိုးငွေ့ (ကာဗွန်ဒိုင် အောက်ဆိုဒ်) ဓာတ်ငွေ့တွေကို ဆုတ်ယူနိုင်မယ့် သစ်ပင်တွေ ရှားပါးကုန်တာကြောင့် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဆောင်းပါးတွေကို ရေးသားနေတဲ့ ဆောင်းပါးရှင် ဆရာကျော်ရင်မြင့်က အခုလိုပြောပါတယ်။
“သစ်ပင်တွေ နည်းသွားလို့ သိပ်ပြီးတော့ ကာဗွန်တွေမဆုပ်နိုင်တော့ တဖြည်းဖြည်းများသွားတယ်လို့ ထင်တယ်လေ။ တောင်ယာတွေ မီးရှို့တာလည်း အရင်က အစဉ်အဆက်တော့ ရှို့တော့ ရှို့နေတာဘဲ။ ဒီရာသီတွေကတော့ ရှို့ကြတယ်။ ဒါပေမဲ့ ခုနပြောသလို သစ်ပင်နည်းသွား လို့ ဆုပ်နိုင်တဲ့အား နဲသွားပြီးတော့ အခုပိုပြီးတော့များ ဆိုးလာသလားလို့ ထင်တာပေါ့။ အခုလောက် အခြေအနေမျိုးတော့ သိပ်မတွေ့ဖူးဘူး။ အခုဟာက မှုံမှိုင်းပြီးတော့ ရာသီဥတုက အုံ့ပျက်ပျက်ကြီး အဲလိုမျိုးဖြစ်နေတာ။”
ဒီလို လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေချိန်မှာ အသက်ရှုလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ပေါ်နိုင်သလို အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့လည်း ကျန်းမာရေးကို ဂရုစိုက်သင့်ပြီး နှာခေါင်းစည်းတွေ တပ်ထားကြဖို့လိုတယ်လို့လည်း ဆရာဝန်အချို့က အကြံပြုပါတယ်။ မြန်မာနိုင်ငံအတွင်းက ဒေသအချို့မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကတော့ သတိပေးချက်တွေ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Leave a Reply