စာနယ်ဇင်း, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲဥပဒေအပေါ်အမြင်၊ သုံးသပ်ချက်နှင့်ဝေဖန်ချက် ဂျာနယ်တွေမှာ ဖော်ပြခွင့်မရှိ


ရွေးကောက်ပွဲဥပဒေအပေါ်အမြင်၊ သုံးသပ်ချက်နှင့်ဝေဖန်ချက်

ဂျာနယ်တွေမှာ ဖော်ပြခွင့်မရှိ

အံ့ဘုန်းမြတ် ၁၅ မတ် ၂၀၁၀

ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရွေးကောက် ပွဲဥပဒေတွေအပေါ် အမြင်၊ သုံးသပ်ချက်နဲ့ ဝေဖန်ချက်စတဲ့အရာတွေကို ဖော်ပြခွင့်မရှိပဲ စာပေစိစစ်ရေးက ခွင့်ပြုတဲ့ မူဘောင်တွေထဲကပဲ ဖော်ပြခွင့်တွေ ရရှိနေတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို နအဖ အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ စတင်ကြေညာခဲ့ပေမယ့် ပြည်တွင်း ဂျာနယ်တွေမှာ ရွေးကောက်ပွဲကိုလက်ခံတဲ့ တတိယနိုင်ငံရေး အင်အားစုတွေရဲ့ အမြင်သဘောထားတွေကို ဖော်ပြခွင့် မရရှိကြသေးပါဘူး။ ဒီအကြောင်းကို ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတစ်ဦးက အခုလို စပြောပါတယ်။

“ရွေးကောက်ပွဲက ထိပ်ဆုံးက သူတို့ ဥပဒေတွေ ထွက်လာ ကတည်းကဘဲ၊ သတင်းစာထဲမှာ ကိုယ့်အာဘော် မပါတဲ့ ဥစ္စာတွေကိုဘဲ ထည့်လို့ ရတယ်။ အာဘော်ပါရင် မရဘူး။ ဒီမှာက သူတို့က တရားဝင်မှတ်ပုံတင်ထားတာ မဟုတ်တဲ့ အတွက် ဦးသုဝေတို့ဥစ္စာတွေ တရားဝင်လို့ မသတ်မှတ်သေးတဲ့ သဘောလား ဘယ်လိုလည်း တော့မသိဘူး။ ရန်ကုန်တိုင်းမ်က သူအင်တာဗျူး လုပ်ထားတာ၊ ဒါပေမဲ့ စိစစ်ရေးရုံးမှာ အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့အပတ်က အန်အယ်လ်ဒီရုံးတွေ ပြန်ဖွင့်တယ်ဆိုတဲ့ဟာလည်း ထည့်လို့မရဘူး။”

အခြားဂျာနယ် အယ်ဒီတာတဦးကတော့ ရွေးကောက်ပွဲဥပဒေ တွေနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ ရေးသားမှုတွေကို ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ နီးစပ်တဲ့ဂျာနယ်အချို့မှာ မြင်ရတယ်လို့လည်း ပြောပါတယ်။

“သူတို့ သတ်မှတ်တဲ့ ဖရိန် (ဘောင်) တခုထည်းမှာဘဲ ထုတ်လို့ရတယ်။ ဖရိန် (ဘောင်) အတွင်းမှာဘဲ ပြောလို့ရတယ်။ ဒီပြင်ပိုပြီးတော့ ပြောလို့မရသေးဘူး။ ဖော်ပြလို့ရတဲ့ ဂျာနယ်တွေမှာလည်း တချို့ဟာတွေပဲ ဖော်ပြလို့ရတယ်။ ဖော်ပြလို့ရတယ် ဆိုတာလည်း အများစုကတော့ လျှပ်တစ်ပြက်တို့၊ ကိုကို (စက်မှု) တို့ကနေ ဖော်ပြ လို့ရတယ်။ ကျန်တဲ့ဟာတွေတော့ နဲနဲစောင့်ကြည့်တာလေးတွေ ရှိတယ်။ လွတ်လွတ် ကျွတ်ကျွတ်တော့ မရသေးဘူး။ ပါးပါးလျားလျားဘဲ ရေးလို့ရသေးတယ်။”

နိုင်ငံပိုင် သတင်းစာတွေမှာ ရွေးကောက်ပွဲဥပဒေတွေ စတင်ပါရှိခဲ့တဲ့နေ့မှာပဲ သတင်းစာတွေ ရောင်းအားတက်ခဲ့သလို ပြည်သူလူထုအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားမှု ပိုရှိလာတယ်ဆိုတဲ့ ပြည်တွင်းဂျာနယ်အချို့က ရေးသားချက်တွေနဲ့ ပတ်သက်ပြီး အခြား အယ်ဒီတာတဦးက အခုလို ဝေဖန်ပါတယ်။

“ပြည်တွင်းဂျာနယ်တွေက သိပ်ပြီး ယုံလို့မရဘူး။ သတင်းစာ တစောင် ၅၀၀ ဖြစ်တော့ ၀ယ်မဲ့လူကို မရှိတာ။ အဲဒါကြောင့် သေချာကိုလုပ်တယ်။ တကယ်ဟုတ်လား မဟုတ်လား၊ ဒါမျိုးကဖြစ်လေ့ဖြစ်ထလည်း ရှိတာကို၊ အဲဒါမျိုးရေးလာမယ်ဆိုတာ ကိုသိလို့ အစောကြီးထဲက ကြိုပြီးတော့ လိုက်ဝယ်ကြည့်တာ၊ ဟုတ်ကိုမဟုတ်ဘူး။ စထွက်တဲ့ ရက်ကလည်း မဟုတ်ဘူး။ နောက်ရက်တွေလည်း မဟုတ်ဘူး။”

တတိယနိုင်ငံ ရေးအင်အားစုတွေရဲ့ အမြင်သဘောထားတွေကို ဖော်ပြခွင့်မရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက အခုလို ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ သူတို့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီအစိုးရထုတ်ပြန်ချက်တွေ၊ နောက်ပြီးတော့ သတင်းဌာနက သဘောထားလေးတွေတော့ သူတို့ ရေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ကတော့ မှတ်ပုံတင်ခြင်းမရှိသေးလို့ ပါတီရဲ့သဘောထားတွေကို ရေးပိုင်ခွင့် မရှိဘူးလို့ ကြားရပါတယ်။ အင်တာဗျူးကတော့ နေ့တိုင်းလုပ်တယ်၊ ဒါပေမဲ့ သူတို့ရေးပိုင် ခွင့်မရှိဘူးလို့ ပြောတယ်။ အမြဲတမ်းလာနေကြတယ်၊ တနေ့လုံးလာနေတာ။”

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင်တော့ လွတ်လပ်စွာပြောဆို စည်းရုံးလှုပ်ရှားခွင့်နဲ့ အချိန်၊ အတော်နည်း သွားတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။

နအဖ အစိုးရဟာ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို မတ်လ ၈ ရက်နေ့က စတင်ကြေညာခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြုလုပ်ရမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြုလုပ်ပြီးချိန်မှာရော လွတ်လပ်စွာ ပြောဆိုရေးသားမှုတွေ ရ၊ မရကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် သတင်းသမားအချို့က ပြောပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: