ဓာတ်မြေသြဇာအကြွေး အတင်းအကျပ် ပြန်တောင်း၊ တောင်သူများ အခက်တွေ့
အံ့ဘုန်းမြတ် ၃ မတ်လ ၂၀၁၀
မြန်မာပြည်ထဲက ဒေသတချို့မှာ အတင်းအကျပ် ရောင်းချခဲ့တဲ့ ဓာတ်မြေသြဇာ အကြွေးတွေကို မယကနဲ့ ရယက ၀န်ထမ်းတွေက တောင်သူတွေဆီကနေ အတင်းအကျပ် တောင်းခံနေတာကြောင့် တောင်သူတွေ အခက်တွေ့နေ ကြရပါတယ်။ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက တောင်သူတွေကို ဒေသခံအာဏာပိုင်တွေက အတင်းအကျပ် ရောင်းချ ခဲ့တဲ့ ဓာတ်မြေသြဇာဖိုး အကြွေးတွေကို ပြီးခဲ့တဲ့လကုန် နောက်ဆုံးထားပြီး အတင်းအကျပ် တောင်းခံနေကြတာပါ။ ဒီအကြောင်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းက တောင်သူတဦးက ပြောပြပါတယ်။
“၀န်ထမ်းတွေက သူ့ဌာနဆိုင်ရာ အလိုက်ပေါ့နော်၊ အုပ်စုဖွဲ့ပြီးတော့ ရွာတွေကိုဆင့်ပြီး အကြွေးတောင်း ရတာ၊ ရယကတွေဆီကို တောင်းရတာ။ ကျေးရွာ ရယကတွေကနေ ၂၈ ရက်နေ့ နောက်ဆုံးထား တောင်းရမယ်ဆိုပြီး တိုင်းကနေ ညွှန်ကြားထားတဲ့ အတွက်ကြောင့်ပေါ့။
မကွေးခရိုင် တခုလုံး ၀န်ထမ်းတွေကလည်း သူတို့လည်း မြေဆီ အကြွေး လည်းတောင်းလာရတော့ ရက်တွေကကြာပြီလေ။ သူတို့ဌာနဆိုင်ရာ အလုပ်ကို မလုပ်ရဘဲနဲ့ အကြွေးတောင်းတဲ့ အလုပ်ပဲလုပ်နေရတော့ ရယက တွေကို ပြောတယ်။ ဒီ ၂၈ ရက်နေ့ နောက်ဆုံးပေးရမယ်၊ တခါ ရယက တွေကလည်း လယ်သမားတွေ ဆီက မရလို့ရှိရင် တရားစွဲမယ်၊ အဲလိုမျိုးတွေ ခြိမ်းခြောက်ပေါ့နော်။ အဲလို ဖြစ်နေတယ်။”
ဒီဓာတ်မြေသြဇာတွေကို ဒေသခံအာဏာပိုင်တွေက လွန်ခဲ့တဲ့ ၆ လခန့်က တောင်သူတွေကို မယူမနေရ အနေအထားမျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အရင် ဓာတ်မြေသြဇာတွေ ဈေးကောင်းချိန်က တောင်သူတွေ ၀ယ်လို့မရ ခဲ့ပေမယ့် အစိုးရဈေးက အပြင်ပေါက်ဈေးထက် များနေချိန်မှာသာ အဓမ္မရောင်းချခဲ့ တာလို့လည်း တောင်သူက ပြောပါတယ်။
“မြေဆီဈေး အရမ်းကောင်းနေတော့ ၀န်ထမ်းတွေက ခွဲတမ်းတွေချ၊ သူတို့ပဲ သူ့ဟာသူယူ၊ အဲလိုမျိုးတွေ ဖြစ်နေတာ။ အခုသူတို့အတွက် အမြတ်အတွက် မကျန်ဘူး၊ အပြင်ဈေးက ဈေးချိုပြီး ထုတ်ဈေးက ဈေးကြီးနေတဲ့ အခါကျတော့ တောင်သူတွေကို ဇွတ်ထိုးပေးတယ်။ တောင်သူတွေက ဘာပဲဖြစ်ဖြစ် ခံတဲ့ဘက်ကချည်းပဲ ဖြစ် နေတယ်။ အပြင်မှာဝယ်တဲ့ မြေဆီလောက် အရည်အသွေး မမီဘူး။ ဈေးကလည်း အရမ်းကြီးတယ်၊ မလိုချင်ဘူး ဆိုပေမယ့်လည်း လယ်မစိုက်ရဘူးဆိုတဲ့ ပြသနာက ဖြစ်ဦးမှာလေ။ အဲတော့ မလိုချင်လည်း ယူရတယ်။”
အလားတူ မြေသြဇာအကြွေး အဓမတောင်းယူမှုတွေ ပဲခူးတိုင်းထဲက မြို့နယ်တချို့မှာလည်း ရှိနေပြီး တောင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း ညောင်လေးပင်မြို့နယ်ထဲက လယ်ပိုင်ရှင် တဦးက ပြောပါတယ်။
“ဒီနှစ်က စပါးဈေးကောင်းတယ်ဆိုပေမယ့် သီးနှံအထွက်ကျတော့ လျော့တယ်။ ၃၅ ရာခိုင်နှုန်းလောက် လျော့တယ်။ အဲဒါနဲ့မလောက်တဲ့ အတွက်ကြောင့် နောက်တခုက အရင်နှစ်က အကြွေးတွေလည်း ဆပ်ဖို့ရှိသေး တော့ လယ်သမားက ပဲကိုပြန်မဲရတယ်။ ပဲကိုပြန်မဲတော့ ပဲမှာ စိုက်ပျိုးစရိတ်၊ ဆေးဝါးစရိတ်၊ ခုနလိုပဲ မြေ သြဇာစရိတ်တွေရှိတယ်။ ခုချိန်က ပဲကလည်း ပီပီပြင်ပြင် မပေါ်သေးဘူး။ အဲတော့ ဒီလိုအချိန်မျိုးမှာ မြေသြဇာကြွေးကို အတင်းအကျပ် တောင်းတယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ ရောင်းတဲ့ အချိန်တုန်းကလည်း တကယ်လိုအပ်တဲ့ အချိန်မဟုတ်ဘူး။ ဥပမာ စိုက်စရိတ်ထုတ်ပေးတယ်၊ လယ်သမားတွေကို စိုက်လို့ပြီးမှ ထုတ်ပေးတယ်။ မြေသြဇာပေးတယ်၊ တကယ်တမ်း ကျတော့ မြေသြဇာကျွေးရမယ့် အချိန်ထက်နောက်ကျပြီးမှ ပေးတယ်။ ပြီးတော့ ဒီငွေတွေ ပြန်သိမ်းမယ်။ ငွေမပေါ်မယ့် အချိန်မျိုးကို ပြန်တောင်းတယ်။ ဒါတွေက စနစ်ကျတဲ့ လုပ်နည်းကိုင်နည်းတွေ မဟုတ်ဘူးပေါ့။ တနည်းပြောရရင် မှားယွင်းတဲ့ စီမံမှုပေါ့။”
နအဖအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ၂၀၁၀ ခုနှစ် တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာ စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍတွေကို ဖွံ့ဖြိးတိုးတက်အောင် လုပ်ဆောင်မှာဖြစ်ပြီး နောင်ဖြစ်ပေါ်လာမယ့် အစိုးရသစ်မှာလည်း တောင်သူလယ်သမား တွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးကို ရှေးရှု့ဆောင်ရွက်မှာ ဖြစ်တယ်လို့ အစိုးရအာဘော်ထုတ် သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့ပါတယ်။
Leave a Reply