သတင်း, နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဉပဒေကြောင်းအရ အထူးအယူခံ တင်မည်


ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဉပဒေကြောင်းအရ  အထူးအယူခံ တင်မည်

အံ့ဘုန်းမြတ် ၂၇ ဖေဖော်ဝါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)


နေအိမ်အတွင်း နိုင်ငံခြားသားဝင်ရောက်မှုနဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချမှတ် ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တင်ထား တာကို ဗဟိုတရားရုံးချုပ်က မနေ့က ပယ်ချခဲ့ပါတယ်။ ဒါကြောင့် သူ့ရှေ့နေတွေက ဉပဒေ ကြောင်းအရ အထူးအယူခံဆက်တင်မှာဖြစ်ပါတယ်။ အထူးအယူခံကို နိုင်ငံတော်ဗဟို တရားရုံးချုပ်ဆီကို တင်ပြ မှာဖြစ်ပြီး အဲဒီမှာ အဆင့်နှစ်ဆင့်ရှိပြီး အယူခံလက်ခံရေးနဲ့ အပြီးသတ်လျှောက်လဲချက် တင်ရေး အဆင့်တွေကို ဖြတ်သန်းရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဉီးဉာဏ်ဝင်းက ပြောပါတယ်။

“အထူး အယူခံတင်ဖို့ ကျနော်တို့ စတင် ပြင်ဆင်နေပါပြီ။ အဲဒီ အထူးအယူခံကလည်း နိုင်ငံတော် တရားရုံးချုပ်ကိုပဲ တင်မယ်။ တင်လိုက်ရင် သူ့မှာ အဆင့် ၂ ဆင့် ရှိတယ်။ ပထမအဆင့်ကတော့ လက်ခံရေးကိစ္စ၊ လက်ခံရေးမှာ တရားသူကြီး ၂ ဉီး ထိုင်မယ်။ ကျနော်တို့က လက်ခံဖို့ လျှောက်လဲချက် ပေးရမယ်။ တကယ်လို့ လက်ခံခဲ့လို့ရှိရင် နောက်တဆင့် အပြီးသတ်လျှောက်လဲချက်ကိုတော့ နေပြည်တော်မှာ ၃ ပါး ထိုင်မယ်။ ဒါက လက်ရှိကျင့်သုံးနေတဲ့ စနစ်ပေါ့။”

ဗဟိုတရားရုံးချုပ်က အယူခံပယ်ချတဲ့နေရာမှာ အမိန့်ကိုပဲ ဖတ်ပြခဲ့တာဖြစ်ပြီး သုံးသပ်ချက်တွေ၊ စီရင်ချက်တွေနဲ့ အကြောင်းပြချက်တွေ ဖတ်ပြတာမျိုး မရှိဘူးလို့လည်း ဉီးဉာဏ်ဝင်းက ပြောပါတယ်။

“ဖတ်သွားတဲ့ အထဲမှာ အမိန့်ချည်းပဲ ဖတ်သွားတာ သုံးသပ်ပုံတွေကို ဖတ်မသွားဘူး။ စီရင်ချက်ကို ဖတ်မသွားဘူး။ အမိန့်ကိုပဲ ဖတ်သွားတာ။ အဲတော့ ကျနော်တို့က စီရင်ချက် ကူးနေပါတယ်။ စီရင်ချက်ရတော့မှ ဘယ်လို အကြောင်းပြချက်နဲ့ သူတို့ ယူတယ်ဆိုတာ ကျနော်တို့ တွေ့ရမှာပါ။”

နိုင်ငံတော်အဆင့် တရားရုံးချုပ်ကို အထူးအယူခံတင်ဖို့ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေ တွေ့ဆုံးခွင့်ရဖို့ ရှိတယ်လို့လည်း ဉီးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခံရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာက နအဖစစ်အစိုးရအပေါ် ပြစ်တင်ရှုံ့ချမှုတွေနဲ့ ပတ်သက်ပြီး တော့လည်း ဉီးဉာဏ်ဝင်းက

“ကျနော်ကတော့ အဲဒီလို ရှုံ့ချတာတွေကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူး။ အပြစ်မရှိတဲ့သူကို အပြစ်ပေးထားတယ်လို့ ကျနော်ကတော့ ဉပဒေအရ အဲဒီအတိုင်းပဲ မြင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀ဝ၉ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယတ်ထော နေအိမ်ထဲတိတ်တဆိတ် ဝင်ရောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ရုံးတင်တရားစွဲခဲ့ပါတယ်။ အဲဒီနောက် အင်းစိန်ထောင်တွင်း အထူးသီးသန့် တရားရုံးမှာ ကြားနာ စစ်ဆေးခဲ့ပြီး သြဂုတ်လမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ သူနဲ့ အတူနေသူတွေဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ ၂ ဉီးကိုလည်း အလားတူ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံးကချမှတ်တဲ့ ထောင်ဒဏ် ၃ နှစ်ကို ထက်ဝက်လျော့ပြီး နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: