Archive for

ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုစတင်ပြုလုပ်


ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုစတင်ပြုလုပ်

အံ့ဘုန်းမြတ် ၂၈ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10418

ပြည်သူလူထုရဲ့ ထောင်ခံမှုမရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားမျှတမှုမရှိတဲ့ နအဖစစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ ကြဖို့အတွက် လှုပ်ရှားမှုတွေ မြန်မာနိုင်ငံတွင်း ဒေသအချို့မှာ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက မြောက်ဥက္ကလာ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွေမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေ ပြုလုပ်နေကြတာပါ။ ဒီလှုပ်ရှားမှုမှာတော့ ကြက်ခြေခတ်နဲ့ အင်္ဂလိပ်စာလုံး “နို” ပါ စာရွက်တွေကို ပြည်သူလူထုကြား တော်လှန်ရေးနေ့က စတင်ဖြန့်ဝေခဲ့တာလည်း ဖြစ်ပါတယ်လို့ ဦးဆောင် ပြုလုပ်နေသူတွေက ပြောပါတယ်။ ဘာကြောင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ရတယ်ဆိုတာကိုလည်း ဦးဆောင် ပြုလုပ်နေသူတဦးဖြစ်တဲ့သူကပြောပါတယ်။

“အားလုံး ကြားသိတဲ့အတိုင်းပဲလေ၊ ဒီဟာတွေဟာ အားလုံး လက်ခံနိုင်စရာမရှိတဲ့ ဥပဒေတွေပေါ့။ ဒီဥပဒေတွေဟာ တဦးတယောက်ကို ရည်ညွှန်းပြီးတော့ ဆောင်ရွက်တယ်။ ရေးသားထားတယ်လို့ ပြောစရာရှိသလို နိုင်ငံရေးအင်အားစုတွေ ဖက်က ၀င်နိုင်တဲ့အနေ အထားကိုလည်းပဲ ဘယ်လိုနည်းနဲ့မှ အဆင်ပြေအောင်လို့ လုပ်ဆောင်ထားတဲ့ ဥပဒေမျိုးမဟုတ်ဘူးပေါ့။ အဆင့်ဆင့် အခက်အခဲပေါင်း မြောက်များစွာနဲ့ အခက်အခဲမရှိတာကို အခက်အခဲရှိအောင် ရေးသားထားတဲ့ဥပဒေလို ဖြစ်နေတဲ့အတွက် ကျနော်တို့ သာမန်အများပြည်သူလူထုအတွက် ဒီရွေးကောက်ပွဲနဲ့ ဒီဥပဒေတွေဟာ အကျိုးဖြစ် ထွန်းဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။”

အများပြည်သူတွေ လိုလားတောင့်တနေတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဟာ တပ်မတော်အစိုးရနဲ့ နိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးမှုကသာ ပေါ်ပေါက်လာမှာဖြစ်ပြီး အခုပြဌာန်းထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ပြည် သူလူထုဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတာ မဟုတ်တာကြောင့် အခုလို ဆန့်ကျင်ရေး လှုပ်ရှားရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ တတိယလမ်းစဉ် ဒီမိုကရေစီလမ်းစဉ် နိုင်ငံရေး အင်အားစုဝင် ပုဂ္ဂိုလ်တွေလည်း သူက အခုလို ဝေဖန်လိုက်ပါတယ်။

“၀င်ဖို့ စဉ်းစားထားတဲ့ လူတွေက ဒီလွတ်တော်ထဲမှာပဲ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ် စသည်ဖြင့်ပေါ့နော်။ သူတို့ အမျိုးမျိုးတွေးတောပြီးတော့ ၀င်ဖို့ပြင်ဆင် ကြတယ်၊ စသဖြင့် ပြောကြတယ်၊ ဒါပေမဲ့ တကယ့်တကယ်လက်တွေ့မှာ ဒီမီဒီယာတွေမှာပဲ သူတို့ ကိုယ်တိုင်တက်လာပြီးတော့ အင်တာဗျူးတွေလုပ်တဲ့အထဲမှာ ကျနော်တို့ နားထောင်နေရတာ ကြားတာဘာလဲဆိုတော့ သူတို့ စဘော်တင်တဲ့ ကိစ္စတွေစသဖြင့် ဒီဘဏ္ဍာရေးဆိုင်ရာ ငွေရေးကြေးရေးတွေမှာ သူတို့အများကြီး အခက်အခဲ အကျပ်အတည်းရှိနေတယ်။”

“အဲဒီဥစ္စာတွေက ငွေဝိတ်နဲ့ဖြည့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမယ့် အခြေအနေမျိုးတွေလို ဖြစ်လာတဲ့အခါကျတော့ သူတို့ရဲ့ အမတ်အင်အားတွေ အများကြီးရနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ကြောင်းကို သူတို့ပြောနေတဲ့ အင်တာဗျူးတွေထဲကအစ ကျနော်တို့ အဲလိုနားလည်လိုက်ရတော့ သူတို့အနည်း ဆုံး ၃ နေရာဝင်မယ်ဖြစ်စေ၊ လွတ်တော်ထဲမှာ ၅၀၀ လောက်ဖြစ်နေတဲ့ အင်အားတွေထဲမှာ သူတို့ ၃ ယောက်တည်းနဲ့ သူတို့ ဘယ်လိုသွားပြီးတော့ ပြုပြင်နိုင်မလဲဆိုတာ သူတို့ကိုယ်တိုင် ပြန်ပြီးတော့ အခြေအနေ စဉ်းစားကြစေချင်တယ်။ ဒီမိတ်ဆွေတွေကို ကျနော်တို့ ဒီလိုပဲပြောချင်ပါတယ်။”

ရွေးကောက်ပွဲ ဆန့်ကျင်ရေး (နိုး) လှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ ပါဝင်လှုပ်ရှားပြီး နအဖစစ်အစိုးရရဲ့ နောက်ဆုံး စစ်ကျွန်ဇာတ်အဖြစ် အသွတ်သွင်း မခံရဖို့နဲ့ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့ တိုက်ပွဲဝင်စေချင်လို့ (နိုး) လှုပ်ရှားမှု ပြုလုပ်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့က ဆိုပါတယ်။

Advertisements

ကလေးစစ်သားဟောင်းများ ဘ၀ပြန်လည်ထူထောင်နိုင်ရေး ယူနီဆက်သင်တန်းပေးမည်


ကလေးစစ်သားဟောင်းများ ဘ၀ပြန်လည်ထူထောင်နိုင်ရေး

ယူနီဆက်သင်တန်းပေးမည်

အံ့ဘုန်းမြတ် ၂၇ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10407

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ပြန်လွတ်လာတဲ့ တပ်ထွက်က လေးစစ်သားဟောင်းတွေ ဘ၀ပြန်လည်ထူထောင် နိုင်ဖို့ အတွက် အသက် မွေးဝမ်းကြောင်း ပညာတွေကို ယူနီဆက်က သင်ကြားပို့ချပေးဖို့ အစီအစဉ် တွေရှိနေတယ်လို့ သိရပါတယ်။ ကလေးစစ်သားဟောင်းတွေ ဘ၀ပြန်လည် ထူထောင်နိုင်ရေး အတွက် အသက်မွေးဝမ်းကြောင်းပညာတွေကို နီးစပ်ရာဒေသတွေ မှာ သင်ကြားပေးမယ့် ယူနီဆက် (ကုလသမဂ္ဂကလေးများရံပုံ) ရဲ့ အစီအစဉ်မှာ လျှောက်ထားကြရမှာပါ။ ဒီလိုလျှောက်ထားရာမှာ ကလေးစစ်သားဟောင်းတွေ အနေနဲ့ တပ်ထွက်လက်မှတ်၊ သက်သေခံအထောက်အထား စာရွက်စာတမ်းတွေနဲ့ နီးစပ်ရာ (အပြည်အပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) အိုင်အယ်လ်အိုရုံးခွဲ တွေနဲ့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ အစည်းနဲ့ လူပုဂ္ဂိုလ်တွေဆီ အမြန်ဆုံးပေးပို့ ဆက်သွယ်ကြဖို့ လိုအပ်နေတယ်လို့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေး နေတဲ့ လမ်းပြကြယ် ဦးအေးမြင့်က ဆိုပါတယ်။

“အန်ကယ်တို့ လမ်းပြကျယ်အနေနဲ့က အန်ကယ်တို့နဲ ဆက်သွယ်တဲ့လူရော၊ အခြားအဖွဲ့နဲ့ ဆက်သွယ်ပြီး ရောက်ရှိတဲ့ ကလေးမိဘတွေ ဗမာတပြည်လုံးမှာရှိတဲ့ ကလေးစစ်သား မိဘရင်ခွင် ပြန်ရောက်တဲ့ ကလေးမိဘတွေ သိစေချင်တယ်။ တပ်ထွက်လက်မှတ် လေးတွေနဲ့ အိုင်အယ်လ်အို (သို့မဟုတ်) နီးစပ်ရာ ကိုယ့်ကိုယ် ကူညီပေးနေတဲ့ လူတွေဆီ ကို မိတ္တူလေးတွေပို့ကြပါ။ ဒီကလေးတွေရဲ့ စာရင်းတွေနဲ့ ကလေးတွေကို ကူညီနိုင်ဖို့ အတွက်ပေါ့။”

ဒီအစီအစဉ်ထဲမှာတော့ ကလေးစစ်သားဟောင်းတွေအနေနဲ့ ကိုယ်ဝါသနာပါရာ ပညာရပ်တွေကို သင်ကြားနိုင်ဖို့ ယူနီဆက်က စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အိုင်အယ်လ်အို (အပြည်အပြည်ဆိုင်ရာအလုပ်သမားအဖွဲ့) က ပြောရေးဆိုခွင့်ရှိသူ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ခုလိုရှင်းပြပါတယ်။

“တပ်ထွက်လက်မှတ် ရောက်လာပြီဆိုလို့ရှိရင် တပ်ထွက်လက်မှတ်ကလေးတွေနဲ့ အသက်မပြည့်တဲ့ ကလေးတွေ၊ စစ်သားစုဆောင်း ခံရတဲ့အခါကျတော့ ဘယ်လိုနည်းနဲ့ စုဆောင်းခံရသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူ့သဘောနဲ့ ၀င်သည်ဖြစ်စေ၊ ပြန်ထွက်လာတဲ့အခါမှာ စစ်ထဲမှာ ၁ နှစ် ၂ နှစ် ၃ နှစ်တန်သည် နေခဲ့တော့ နဂို ၇ တန်း ၈ တန်းလောက်က စုဆောင်းခံရတဲ့ ကလေးဟာ ၃ နှစ်နေမယ်ဆိုရင် ၁၀ တန်းအောင်မှ ပြန်ထွက်လာရော၊ ကျောင်းသွားလို့ရှိရင်လည်း ကျောင်းလည်း မနေချင်၊ ဘ၀အသက်ဝမ်းကြောင်းလုပ်ဖို့အတွက်ကို သင်တန်း ဒါမှမဟုတ်ရင်လည်း တခုခုပေါ့ အဲ့ဒါလေးတွေပေးဖို့အတွက် နဂိုကတည်းက ယူနီဆက်က ဒါတွေလုပ်နေကျပါ။ လမ်းလေလွင့်ကလေးတွေ၊ အမျိုးသမီး အမျိုးသားလေးတွေကို ခေါ်ပြီးတော့ နိုင်ငံတော်မှာရှိတဲ့ လူမှုဖူလုံရေး ကယ်ဆယ်ရေးအသင်း အဖွဲ့တွေမှာလည်း ထည့်ပေးတယ်။ သူတို့က ငွေကြေးကုန်ကျခံပြီးတော့ ဝေါရှော့တွေ၊ မော်တော်ဘုတ်ပြင်တဲ့ စက်ရုံတွေမှာ ကလေးတွေ ထည့်ပြီးတော့ သင်တန်းပေးတာပါ။”

ကလေးစစ်သားအဖြစ်စုဆောင်းခြင်းခံရပြီး ပြန်မလွတ်သေးပဲ ပဲခူးတိုင်း ရေနီလေ့ကျင့်ရေး စခန်းတွင်းမှာ ရောက်ရှိနေတဲ့ ကလေးစစ်သား မောင်သူဇင်ဦး ဦးလေးကလည်း အခု အစီအစဉ်နဲ့ ပတ်သက်ပြီး ခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ ၀မ်းသာရမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က တောသူတောင်သားတွေလည်း ဖြစ်တယ်ဆိုတော့ မိသားစုလည်း မပြေလည်ဘူးလေ။ မပြေလည်တဲ့အခါကျတော့ ဒီလေးရဲ့ လုပ်အားခနဲ့ ကျနော်တို့က လုပ်ကိုင်စားနေရတာလေ။ ကလေးအဲ့လိုဖြစ်တော့ မိသားစုအနေနဲ့ တော်တော်ကို ဒုက္ခရောက်ပါတယ်။ အခက်အခဲလည်း အများကြီးကြုံရပါတယ်။ ကြုံတာကို အခုကလေးပြန်ရလိုရငြား ဆိုတဲ့ပုံစံနဲ့ပဲ ကျနော်တို့ ထပ်ပြီးတော့ သွားတွေ့တယ်၊ လိုက်ခေါ်တယ်။ လိုက်သွားတာ အခုတွေ့ခွင့်တောင်မရ ခဲ့တော့ အခုနောက်ဆုံး သေလားရှင်လားတောင် မသိရဘူးဆိုတဲ့ ပုံစံမျိုးနဲ့တောင် ကျနော်တို့ခံစားရပါတယ်။”

၂၀၀၉ ခုနှစ်အတွင်း အိုင်အယ်အိုကို တိုင်းကြားခဲ့တဲ့ ကလေးစစ်သားအမှု (၇၈) မှုရှိပြီး ကလေးစစ်သား (၅၁) ဦး ပြန်လည်လွတ်မြောက်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမြို့မြို့အနယ်နယ်က စစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးစခန်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ အများအပြာင်းကျန်ရှိနေသေးတယ်လို့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသူအချို့က ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ်ပြန်


ဝါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ်ပြန်

အံ့ဘုန်းမြတ် ၂၇ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10402

ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ သခင်ချန်ထွန်း။ သခင်သိန်းဖေ စတဲ့နိုင်ငံရေး သမားကြီးတွေက အားလုံးပါဝင်ခွင့် ရရေးအတွက် တင်းကျပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနှင့် ဖွဲဏ္ဍစည်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးဖို့ နအဖ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ဖက်စစ်တော်လှန်ရေးမှာ ၀ါရင့်နိုင်ငံ ရေးသမား ကြီးတွေက နအဖအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုလိုက်တာပါ။ တမျိုးသားလုံး သွေးစည်းညီညွတ်ရေးကို ရှေ့ရှုပြီး သံသယတွေ အာဃတတွေ ဖျောက်ကြပြီး တွေ့ဆုံဆွေး နွေးရေးပြုလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့လည်း ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက တောင်းဆိုထား ပါတယ်။ ဒါအပြင် နအဖအစိုးရ ခေါင်းဆောင်တွေကိုလည်း ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဘက်များ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို မေတ္တာ ပ်ခံလိုက်ပါတယ်။

“ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် အဟန့်အတား၊ အတားအဆီး အကန့်အသတ်များ ပါဝင်နေသော ၂၀၀၈ ခု ဖွဲ့စည်းပုံနှင့်တကွ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအားလုံးအား ပြန်လည်သုံးသပ် ပြင်ဆင်ပေးပါရန် ပတ်သက်သူအားလုံး ပါဝင် နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၀ါရင့်နိုင်ငံရေးလုပ် ဖော်ကိုင်ဘက်များ။”

ဒါအပြင် ဒီကနေ့မှာပဲ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) ကနေ့လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးအား အမြန်ဆုံးလွတ်ပေးရန်၊ နိုင်ငံတော်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပေးဖို့နဲ့ တရားမျှတမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ဥပဒေတွေကို အမြန်ဆုံး ပြန်လည်ပြင် ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဖွဲ့ချုပ်ရုံးတွင် ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ


အဖွဲ့ချုပ်ရုံးတွင် ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

အံ့ဘုန်းမြတ်၂၇ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10401
၆၅ နှစ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အုတ်လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၆၅ နှစ်မြောက် ဖက်စစ်တော်လှန်ရေးနေ့အခမ်းအနားကို အဖွဲ့ချုပ်ရုံးချုပ်မှာ ဒီကနေ့ နေ့လယ် (မွန်းတည့်) ၁၂ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သူ့ရဲ့ မိန့်ခွန်းကို အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်ဆွေက ဖတ်ကြား ခဲ့ပါတယ်။ ဒီကနေ့မှာပဲ အဖွဲ့ချုပ်ကနေ့ ၆၅ နှစ်မြောက် ဖက်စစ်တော်လှန်ရေး ကြေညာချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ဖတ်ပြပါတယ်။
“အခုအချိန်မှာ တချို့လူတွေက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် အမျိုးမျိုးပြောနေကြပါတယ်။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို မလိုလားတယောင်ယောင်၊ တပ်မ တော်ရဲ့ အကျိုးစီးပွားကို မလိုလားတယောင်ယောင် ပြောဆိုနေကြတယ်။ ဒါပေမဲ့ ကျမတို့က အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့နိုင်ငံဟာ ပြည်သူလူထုနဲ့ တပ်မတော်သားအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကြိုးပမ်းကြမယ်လို့ ကြိုးပမ်းကြပါလို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံပါတယ်။”
ဒီကနေ့အခမ်းအနားမှာ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့တို့ရဲ့ သ၀ဏ်လွှာတွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်အတွင်းပါရှိတဲ့ တောင်းဆိုချက်တွေကိုလည်း ဦးအုန်းကြိုင်က ခုလို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို အခုကဲ့သို့ နေအိမ်တွင် ထိမ်းသိမ်းထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စမဟုတ်ပါ၍ ချွတ်ယွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန် တိုင်းရင်းသားလူမျိုးစုများမပါပဲ စစ်မှန်သောဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်နိုင်မည်မဟုတ်သောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ကိုလည်း ချွတ်ယွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်။ နောက်တခြား တိုင်းရင်းသားခေါင်းဆောင်များကိုလည်း အပြစ်ဒဏ်ချခံနေရခြင်းမှ ချွတ်ယွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင်များနဲ့ ဒီမိုကရေစီအင်အားစုများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွတ်ယွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်၊ တရားဝင် ရပ်တည်ဆဲ နိုင်ငံရေးပါတီများအနေနဲ့ ဆက်လက်အသိအမှတ်ပြုပြီး ပြန်လည်ပြီးတော့ လျှောက် ထားခွင့်ပေးရန်၊ စတာတွေကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ပြည်သူလူထုဆန္ဒနဲ့အညီ စိတ်စေတနာ ထက်သန်စွာဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ စသည်ဖြင့် အဲလို ဖော်ပြထားပါတယ်။”
အဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဗြိတိန်၊ သြစတေးလျ၊ အမေရိကန်စတဲ့ သံအမတ်တွေအပါအ၀င် အမြို့မြို့အနယ်နယ်က အဖွဲ့ချုပ်အဖွဲ့ဝင် တစ်ထောင်ခန့်လည်း တက်ရောက်ခဲ့ကြပါတယ်။ တော် လှန်ရေးအခမ်းအနားတွေကို မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးမှာလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်နေ့ သတင်းယူရန်သွားသည့် စီအန်အန်သတင်းထောက်ကို နှင်ထုတ်


တပ်မတော်နေ့ သတင်းယူရန်သွားသည့် စီအန်အန်သတင်းထောက်ကို နှင်ထုတ်

အံ့ဘုန်းမြတ် ၂၆ မတ် ၂၀၁၀

http://burmese.dvb.no/news.php?id=10398
တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့သွားတဲ့ စီအန်အန်သတင်းဌာနက သတင်းထောက်ကို အာဏာပိုင်တွေက မြန်မာပြည်ကနေ နှင်ထုတ်ပြီး ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။ မတ် ၂၇ ရက် မနက်ဖြန် နေပြည်တော်မှာကျင်းပမယ့် တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့ ဖိတ်ကြားခံရတဲ့ စီအန်အန်သတင်းဌာနက သတင်းထောက် မစ္စတာဒန်ရေးဗားကို အာဏာပိုင်တွေက ရန်ကုန်လေဆိပ်ကနေ ဒီနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့လိုက်တာပါ။ ဒန်ရေးဗားဟာ ၂၅ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သတင်းထောက် ဗီဇာနဲ့ ရောက်ရှိပြီး ဒီနေ့ နေပြည်တော်ကိုအရောက်မှာ အာဏာပိုင်တွေက နှင်ထုတ်ပြီး ပြန်ပို့လိုက်တာပါ။ မစ္စတာဒန်ရေးဗားဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မြန်ပြည်ထဲကို သွားရောက်သတင်းယူခဲ့သူဖြစ်ပြီး သူ့ကို နအဖစစ်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ပါတယ်။ သူ့ကို သတင်းယူခွင့်မပေးဘဲ ပြန်ပို့တာနဲ့ပတ်သက်ပြီး မြန်မာသတင်းသမဂ္ဂ ဒု-ဥက္ကဌ ဦးဇင်လင်းက ဖြစ်နိုင်ခြေကို သုံးသပ်ပြပါတယ်။
“မူလကတော့ စီအန်အန်သတင်းသမားမို့ အရင်တုန်းက လက်ခံထားဖူးတဲ့ အနေအထားရှိတော့ အောက်ကလူကလက်ခံလိုက်တာဖြစ်မယ်။ ဒီရောက် ပြီးတော့မှ အပေါ်က ပြန်စိစစ်တဲ့အခါကျတော့ သူ့တွေ့တဲ့အခါကျတော့ နဲနဲ ရှော့ခ့်ဖြစ်သွားပုံရတယ်။ အပေါ်ကလည်း ကြောက်ရတာမို့ အောက်က အပေါ်ကိုလည်း ပြန်ပြီးညှိနေပုံမရဘူး ဒီတိုင်းပြန်ပြီး တွန်းထုတ်လိုက်တာ။ အခု သူတို့ ဘာမှကိုမပြောဘဲနဲ့ ဒီလူ့ကို ရန်ကုန်ပြန်ပို့၊ လေဆိပ်အတင်း ပြန်ပို့လိုက်တာပဲ။”
တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့ ဘီဘီစီ၊ အန်အိတ်ခ်ျကေ၊ အဆာဟိရှင်ဘွန်း စတဲ့သတင်းဌာနတွေက သတင်းထောက်တွေကို ခွင့်ပြု ထားပါတယ်။ နအဖစစ်အစိုးရက တပ်မတော်နေ့အခမ်းအနား သတင်းယူဖို့ သတင်းထောက်တွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီးတော့ ဦးဇင်လင်းက
“သူတို့ပေးချင်တဲ့ဟာက ဒီပွဲလေး ရှေ့စားပွဲမှာပဲ လာထိုင်ပြီးတော့ ရိုက်စရာရှိတာရိုက်၊ သူတို့ပြောတာမှတ်သွား၊ ဒီလောက်ပဲလုပ်ချင်တာကို၊ ဒီပွဲလေးပေါ်မှာပဲ ဖိုးကပ်စ်  (အာရုံစိုက်စေချင်) လုပ်ချင်တာကိုး” လို့ ဝေဖန်သုံးသပ်ပါတယ်။
“ဒါပေမယ့် သိတဲ့အတိုင်းပဲ သတင်းဆရာအကြီးတွေကတော့ ရောက်သွားတယ်ဆိုရင် သူတို့ မြင်သမျှတွေ့သမျှဟာ သူတို့အတွက် သတင်းတွေချည်းပဲ။ သူတို့မြင်ရတဲ့ နောက်ခံအခြေအနေတွေအပေါ်မှာ ကြည့်ပြီးတော့ တကယ်ဖြစ်နေတာ ဘာတွေဖြစ်နေတာလဲ၊ အပေါ်ယံက ဘာတွေဖြစ်နေသလဲဆိုတာ သူတို့ကတော့ နှိုက်နှိုက်ချွတ်ချွတ် ရေးကြမှာပြောကြမှာကိုး။ အဲဒီအခါကျတော့ သူတို့ အရှုံးအမြတ်တွက်ကြမှာပေါ့လေ။ ဒီသတင်းစာသမား၊ နာမည်ရှိတဲ့လူတွေ၊ သတင်းလုပ်ငန်းမှာ ကျွမ်းကျင်တဲ့သူတွေကိုကျတော့ သူတို့စိတ်မချဘူးထင်ပါတယ်။ သူတို့လက်ခံချင်တဲ့လူကျတော့ လက်ခံတယ်။ လက်မခံချင်တဲ့လူကျတော့ လက်မခံဘူး၊ အဲလိုပုံစံမျိုး။”
တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့ လမ်းစာရိတ်အဖြစ် နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဂျာနယ်တွေက သတင်းသမားတွေကို တဦးကို ကျပ်ရှစ်သောင်းနှုန်း စာပေစိစစ်ရေးက ကောက်ခံခဲ့ပါတယ်။ သတင်းသွားယူမယ့်သူတွေကို ပြန်ကြားရေးဝန်’ကီး ဗိုလ်မှူးချုပ်ကျော်ဆန်းရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်မီဒီယာအုပ်စုက ဒီနေ့ညနေမှာ ညစာစားပွဲတည်ခင်းပေးတယ်လို့ ပြည်တွင်း သတင်းသမားတ ချို့ဆီက သိရပါတယ်။

Categories

%d bloggers like this: