မြန်မာနိုင်ငံက ကမ္ဘာ့လူတုပ်ကွေးရောဂါ အခြေအနေ
အံဘုန်းမြတ် ၂၅ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=10076
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
ကမ္ဘာ့လူတုပ်ကွေးရောဂါ (AH1N1) ကူးဆက်ခံရသူနဲ့ စောင့်ကြည့် ကုသနေရတဲ့လူနာဦးရေ တရာကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးဆက်ခံရသူနဲ့ စောင့်ကြည့်ကုသနေရတဲ့ လူနာဦးရေ တရာကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက် ရေး ညှန်ကြားမှုဦးစီးဌာနက ဒုတိယညှန်ကြားရေးမှူး ဒေါက်တာစောလွင်က ပြောကြားခဲ့တာပါ။ ဒီလူဦးရေ စာရင်းမှာလူနာတွေရဲ့ လိပ်စာမြို့နယ်တွေကို ဖော်ပြပုံကိုလည်း ဒေါက်တာစောလွင်က အခုလိုရှင်းပြပါတယ်။
“တရာက ပိုးတွေ့တာရော။ ပိုးမတွေ့ဘဲနဲ့ သံသယနဲပဲ ကျနော်တို့ ကုတဲ့ဟာကော ပေါ့နော်။ အဲဒါလေး ကျနော်တို့ ထုတ်ထားတဲ့ဟာ ရှိပါတယ်။ ဆိုပါစို့ သံလျင် ဂျီတီစီတက်တဲ့ ကျောင်းသူဆိုရင် ကျနော်တို့ထုတ်တဲ့ သတင်းထဲမှာ သူ့ကို သံလျင်ဂျီတီစီလို့သာ မဖော်ဘဲ။ သူ့ရဲ့ အက်ဒရက် (လိပ်စာ)နဲ့ ဘယ်မြို့နယ်ကပါ ဆိုတာ လေးကို ဖော်ပြထားတာ။ တချို့ဆိုရင် ဒိုင်းနမိုက်ဘော်ဒါဆောင်ဆိုရင် ရှိတာက ဒဂုံအရှေ့မှာပေါ့။ ဒါပေမယ့် ကျနော်တို့ ဖော်ပြတာကတော့ သူ့အိမ်က ဗဟန်းမြို့နယ်က ဆိုပြီးတော့ ကျနော်တို့ ဖော်ပြီးတော့ ပြောထားတဲ့ သဘောမျိုးတွေပါ။ ထက်ကူးတဲ့နှုန်းက တအားနည်းသွားပါပြီ၊ ထိန်းချုပ်နိုင်ပါတယ်။ ထိန်းချုပ်နိုင်လို့ သူတို့ဘက်က မြို့နယ်တွေဘက်က တက်လာတဲ့ဟာ သိပ်ပြီးတော့ မရှိတော့ဘူး။”
ရန်ကုန်မြို့အပြင် ကမ္ဘာ့လူတုပ်ကွေးရော ပျံ့ပွားမှုရှိခဲ့တဲ့ ချင်းပြည်နယ် ဖလမ်းမြို့နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ရောဂါကူးဆက်မှုတွေဟာလည်း ရန်ကုန်ကတဆင့် ပျံ့ပွားသွားတဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်လို့ ဒေါက်တာစောလွင် ကသုံးသပ်ပါတယ်။
“ရန်ကုန်က နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့်၊ အောက်လမ်းလိုဟာမျိုးက ပြန်လာတဲ့ဟာတွေ လာတည်းသွားတဲ့ဟာတွေ ကျနော်တို့ မသိလိုက်ရဘဲနဲ့ နောက်မှ အခုမှပြန်ဖော်ထုတ်လို့ ရတဲ့ဟာလေးတွေ ရှိတယ်ပေါ့လေ။ အဲဒီကမှတဆင့် ဒါ အသက်ရှုလမ်းကြောင်းကနေ ကူးတဲ့ဟာဆိုတော့ ပြန့် သွားတဲ့ သဘောတွေရှိပါတယ်။ အဲဒီလိုမျိုး သုံးသပ်ပါတယ်။ ကျန်တဲ့ဟာတွေမှာတော့ ကျနော်တို့ အခုထက်တိုင်မှာတော့ ကြည့်နေပါတယ်၊ မဖြစ်ပါဘူး။”
အစိုးရရုံးတွေ၊ ပုဂ္ဂလိကရုံးတွေ၊ စက်ရုံတွေနဲ့ ကျောင်းတွေအပါအ၀င် လူစုလူဝေးအနေနဲ့ အလုပ်လုပ်ကိုင် နေကြတဲ့ သူတွေအနေနဲ့ ကမ္ဘာ့လူတုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိတဲ့ လူနာပတ်ဝန်းကျင်မှာ ရှိခဲ့ရင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနတွေနဲ့ ဆက်သွယ်ပြီး စစ်ဆေးမှုအမြန်ဆုံး ပြုဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုတရပ်လုံး အနေနဲ့လည်း ဒီရောဂါနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့ အရာတွေကို ဒေါက်တာစောလွင်က ခုလိုသတိပေး ပြောကြားပါတယ်။
“ဒီတုပ်ကွေးဟာ အရင်ဖြစ်နေကျ ရာသီတုပ်ကွေး ဖြစ်တဲ့ဟာနဲ့ ဒီရောဂါနဲ့က လကဏာက ခွဲခြားလို့ မရဘူး။ တုပ်ကွေးရောဂါရှိတယ်ဆိုရင် သာမန်လောက်ဆိုရင် အိမ်မှာသီးသန့်လေးနေပြီး အပြင်သိပ်မထွက်နဲ့၊ လူ အများနဲ့ မတွေ့နဲ့၊ အိမ်မှာပဲ ကုသမှုခံယူလို့ ရပါတယ်။ သို့သော် ကလေးတွေ၊ သိပ်အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ တီဘီ (ရောဂါသည်) ဘာညာ ဒီလိုလူမျိုးတွေမှာ တုပ်ကွေးရှိတယ်ဆိုရင်တော့ ဆေးရုံ ကျန်းမာရေးဌာနကို အမြန်ဆုံးလာ ရောက်ပြီးတော့ ပြသဆက်သွယ်ပြီးတော့ ကုစေချင်တယ်လို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရန်ကုန်မြို့တွေမှာ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးဆက်ဖြစ်ပွားမှု တချို့ရှိခဲ့ပြီး ၂၀၁၀ နှစ်ဆန်းပိုင်း ၂ လ အတွင်းမှာတင် ရောဂါကူးဆက်ခံရသူနဲ့ စောင့်ကြည့်ကုသနေရသူ တရာကျော်ရှိပါတယ်။
Leave a Reply