သန်လျင် ဂျီတီစီတွင် ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါ ကူးစက်ဖြစ်ပွား
အံ့ဘုန်းမြတ် ၂၄ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=10065
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
ကမ္ဘာ့လူတုပ်ကွေးရောဂါ မြန်မာပြည်မှာ ဆက်ပြီးကူးစက် ဖြစ်ပွာနေသလို တချို့နေရာတွေမှာတော့ ထိန်းချုပ်နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ဆန်းပိုင်း နှစ်လအတွင်းမှာ ဒီရောဂါပိုးလူ ၆၀ လောက် ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ တကသိုလ်ဝင်တန်း ဖြေဆိုရမယ့် ကျောင်းသူကျောင်းသားတချို့ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်တဘက်ကမ်း သန်လျင်မြို့ ဂျီတီစီက မြို့ပြအင်ဂျင်နီယာဌာနမှာ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံရသူတချို့ရှိပေမယ့် ဆရာဆရာမတွေက ဖုံးကွယ်ထားတယ်လို့ ကျောင်းသားမိဘတဦးက ပြောပြပါတယ်။ ရောဂါကူးစက်တာကို ဆရာဆရာမတွေက တနင်္လာနေ့ကတည်းက စတင်သိရှိပေမယ့် သတင်းမပေါက်ကြားအောင် ဖုံးကွယ်ခဲ့တာကြောင့် မလိုလားအပ်ဘဲ ကျန် ကျောင်းသူကျောင်းသားတွေကိုပါ ဆက်လက်ကူးစက်တာလို့ ကျောင်းသား မိဘကပြောပါတယ်။
“ကျောင်းသူလေးတယောက်က အိတ်ခ်ျဝမ်းအန်ဝမ်း ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဆရာဆရာမတွေက ကျောင်းသားတွေကို မပြောနဲ့လို့ အထက်ကညွှန်ကြား ထားလို့ဆိုပြီး သူတို့ကျတော့ သူတို့ရဲ့ အသက်အန္တရာယ် ကျတော့ စိုးရိမ်ပြီး ပါးစပ်ပိတ်တွေနဲ့နေကြတယ်။”
ကျောင်းတွင်းမှာ ရောဂါဖြစ်ပွားနေတာကြောင့် ကျောင်းမတက်ရဲကြ ပေမယ့်လည်း ကျောင်းခေါ်ချိန် မပြည့်ရင် စာမေးပွဲဖြေဆိုခွင့်မရှိဘူးလို့ ဆရာဆရာမတွေက ပြောဆိုထားတာကြောင့် စိုးရိမ်စိတ်နဲ့ ကျောင်းတက် နေရတယ်လို့လည်း ပြောပါတယ်။ ဒီကိစနဲ့ပတ်သက်လို့ ဂျီတီစီ ပါမောကချုပ် အပါအ၀င် ဆရာဆရာမတွေကို ဆက်သွယ်မေး မြန်းခဲ့ပေမယ့် မရပါဘူး။
ဒီရောဂါပိုးကူးစက်လို့ ပြီးခဲ့တဲ့စနေနေ့မှာ ပိတ်ခဲ့ရတဲ့ ရွှေပြည်သာစက်မှုဇုန်က အေပီတီလန်း အထည်ချုပ် စက်ရုံကတော့ ဒီနေ့ ပြန်လည်ဖွင့်လှစ် လည်ပတ်နေပြီလို့ စက်ရုံတာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။ ဒီစက်ရုံမှာ ရောဂါကူးစက်သူ ၀န်ထမ်း ၃ ဦးသာရှိပေမယ့် ၀န်ထမ်းတချို့ပါ ဖျားနာလာတာကြောင့် ရောဂါထိန်းချုပ်တဲ့အနေနဲ့ စက်ရုံကို ခေတ္တပိတ်ခဲ့တာလို့လည်း ပြောပါတယ်။
“ဖြစ်တာတော့ နည်းနည်းလေးပါ။ သုံးယောက်တည်း၊ ကျန်တဲ့လူတွေ ကူးမှာစိုးလို့ တော်တော် များများကို နားလိုက်တာပေါ့။ ၅ ရက် အနားပေးလိုက်ပါတယ်။ ဒီနေ့ကစပြီး အကုန်ပြန်ဖွင့်လိုက်ပါပြီ။ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုကနေ လာပြီးစစ်ဆေးပါတယ်။ နေ့တိုင်းလည်းလာပြီး အဖျားတိုင်းပေးတယ်။ ရောဂါကူးစက်ခံရသူ စက်ရုံဝန်ထမ်း ၃ ဦး ဆေးရုံကဆင်းတော့မှာပါ။ အခုလည်း ကောင်းနေပါပြီ။ သူတို့ကို ၁၀ ရက် ထားရမှာမို့လို့ ရက်ပြည့်အောင် ထားတဲ့သဘောပါပဲ၊ အင်းစိန်ဆေးရုံကြီးမှာပါ။” လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ ရန်ကုန်မြို့တွင်း မြို့နယ် ၇ မြို့နယ်မှာ ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေ တယ်လို့ ဖော်ပြထားပါတယ်။
Leave a Reply