နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ
လူထုစိန်ဝင်း
(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့်
“ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။)
“မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိအမြင် ဗဟုသုတနိမ့်ကျနေသေးတော့ ဒီမိုကရေစီစနစ် အောင်မြင်ပါ့မလား။”
အသက် ၂၀၊ ၂၅ နှစ်ဝန်းကျင် လူငယ်လေးတွေရောက်လာ၊ စကားပြောကြတိုင်း ဒီမေးခွန်းတစ်ခုကို မေးမြဲဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ အနောက်နိုင်ငံကြီးတွေလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီအောင်မြင်နိုင်တယ်လို့ ထင်မှတ်နေကြဟန် ရှိပါတယ်။ တချို့ ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာလို့ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်စီလူတန်းစား အီလစ် (Elite) တွေပြောတဲ့ စကားသံတွေကြားပြီး “နားဝေတိမ်တောင်” ဖြစ်နေကြပုံရပါတယ်။
အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစားဆိုတာက အများအားဖြင့် ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီလူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူနဲ့ တည့်အောင်ပေါင်း၊ အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့သူ တန်ခိုးအရောင်မှိန် သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ရှိတယ်။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုးတွေဖြစ်ကြတယ်။ ခေတ်တိုင်းခေတ်တိုင်း အပေါ်ယံအလွှာမှာချည် ဝေ့ကာဝဲကာ နေကြလေတော့ လူတွေကိုအမြဲတမ်း ငုံကြည့်လေ့ရှိ တယ်။ တန်ခိုးေ၇ာင် ပြိုးပြိုးပြက်ပြက် လက်တဲ့လူမဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေအကြောင်းလည်း ဘာမှ မသိဘူး။ လူတွေအကြောင်း မသိတော့ တိုင်းပြည်နိုင်ငံရေးအကြောင်းလည်း ဘာမှ မသိဘူး။ စင်ကာပူနိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက်မြို့တော်ကြီး စည်ကားပုံတွေအကြောင်း အများကြီး ပြောနိုင်ပေမယ့် လယ်ဆိုတာ ဘာလဲ။ ယာဆိုတာ ဘာလဲ။ ကိုင်းဆိုတာ ဘာလဲလို့မေးရင်တောင် မှန်အောင်ဖြေနိုင်တာ မဟုတ်ပါဘူး။
ဆယ်ဆသာတယ်
ဒီလို “လူပုတ်သင်ညို” တွေက တိုင်းရေးပြည်ရေး၊ နိုင်ငံရေးဆိုတာသူတို့လို ရေပေါ်ဆီတွေနဲ့ပဲဆိုင်တယ်၊ လက်လုပ်လက်စား လူသာမန်တွေနဲ့ လားလားမှတိုက်တန်တာမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတက် ရေပေါ်စီတွေသာ သဘောပေါက် နားလည်နိုင် တာမျိုးဖြစ်တယ်။ ဆင်းရဲလို့ ပညာကောင်းကောင်းမသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေးအသိပညာရေချိန်ဟာ အင်မတန်နိမ့်ကျတယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီတည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ရှိကြတယ်။ ဒီစကားတွေ ကြားဖန်များတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာလူမျိုးဟာ တခြားနိုင်ငံသားတွေလောက် နိုင်ငံရေးအသိ မမြင့်မားဘူးဆိုတာတောင်မှ နိုင်ငံရေးဆိုတာ နှခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ “လူပုတ်သင်ညို” တွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရပါတယ်။
လိမ်မှန်းညာမှန်းသိတဲ့လူမျိုး
မြန်မာလူမျိုးဟာ တခြားနေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေးအသိမှာတော့ ထိပ်တန်းကရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့အစိုးရက ၉၁ ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံအဆင့်ပေးမယ်တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝလွတ်လပ်ရေးမှ တစ်ပါး ဘာမှမလိုချင်ဘူးလို့ အပြတ်ပြောခဲ့တာပါ။ ပါးစပ်ပြောသာမဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးနဲ့တင် ကျေနပ်ရောင့်ရဲမနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေး ဆင်နွှဲ အောင်ပွဲခံခဲ့တာဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး။
ရန်/ငါ ပြတ်လို့
လွတ်လပ်ရေးအအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျခိုင်မာပြီး ရန်/ငါ ပြတ်သားခဲ့ကြလို့သာ လုံးဝလွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံနိုင်ငံတွေထဲမှာ ၀င့်ဝင့်ကြွားကြွားဖြစ်နေတဲ့ မလေးရှားနိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေး အသိ နိမ့်ကျတယ်ဆိုတဲ့စကားကို လုံးဝလက်မခံပါဘူး။ မြန်မာပြည်က ရေပေါ်ဆီ “လူပုတ်သင်ညို” တွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ အနောက်နိုင်ငံကြီးတွေက မြန်မာ့အရေးကျွမ်းကျင်သူလို့ ကိုယ့်ဘာသာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေပြောတာလည်း လက်မခံပါဘူး။ မြန်မာပြည်မှာနေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်းစစ်ဒဏ်တွေကို ကျောကော့အောင်ခံခဲ့ရတဲ့ မြန်မာလူမျိုးတွေ လောက် နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။
မျက်နှာပြောင်သူတွေ
မျက်ကန်းမျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲ့ဒီ ကိုယ့်ဘာသာကိုယ်ခန့်တဲ့ “ဂုရု” တွေရေးတဲ့စာအုပ်တွေ အများကြီးဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ်ရဲတိုက်ကြီးတွေထဲက စာအုပ်တွေထဲ လှန်လှောရှာဖွေပြီး သူများတကာရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသားထားတာမျိုးတွေသာများပါတယ်။ နိုင်ငံရေးဆိုတာ သိပ္ပံပညာရပ်တစ်ခုဖြစ်ပေမယ့် ဂဲသြမေတြီတွက်သလို၊ သင်္ချာတွက်သလို တွက်လို့ဖြစ်တာမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့ လူတွေရဲ့ဘ၀၊ လူတွေရဲ့ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ လူတွေကြားမ၀င်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်” တွေနဲ့ နိုင်ငံခြားသား “ဂုရု” တွေက မြန်မာလူမျိုးတွေရဲ့ ဘ၀၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော်မျက်နှာပြောင်တိုက်တဲ့လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။
လူထုစိန်ဝင်း (၂၀၀၉ ခုနှစ်၊ ဇူလိုင် ၂၆)
မန်မာလူမျိုးဟာ တခြားနေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေးအသိမှာတော့ ထိပ်တန်းကရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့အစိုးရက ၉၁ ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံအဆင့်ပေးမယ်တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝလွတ်လပ်ရေးမှ တစ်ပါး ဘာမှမလိုချင်ဘူးလို့ အပြတ်ပြောခဲ့တာပါ။
It is not realistic at all. How many people did he meet and talk, especially our farmers? During British colony, it was guided by leaders like General Ag San and group. Political Education is essential all over the world. Degrading its value is just foolish.
LikeLike
Best for Myanmar Youth and Candidates of previous campaigners who lo sen by Alibaba.
LikeLike