လူထုစိန်ဝင်း
(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့်
“ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။)
ဒီမိုကရေစီဆိုတဲ့စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့အချိန်ကစပြီး လူတိုင်းပါးစပ်ဖျားမှာ သီးနေကြရုံမက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒါအင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ စကားလုံးတစ်လုံးဖြစ်စေ၊ စာတစ်အုပ်ဖြစ်စေ၊ စာရေးဆရာတစ်ယောက်အကြောင်း ဖြစ်စေ “အရှောင်” (Taboo) အဖြစ် သတ်မှတ်တာ အစွန်းရောက် တိုင်းပြည်တွေမှာသာ လုပ်လေ့လုပ်ထ ရှိတဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ အဓိပ္ပါယ်မရှိပါဘူး။
မစားရ ၀ခမန်း
ဒီမိုကရေစီအကြောင်း ၀မ်းသာအားရပြောကြ၊ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီဆိုတာ “မဟာသြသဓ” နတ်ဆေးကြီးသဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီနိုင်ငံဆိုတာ အရာအားလုံးပြီးပြည့်စုံတဲ့ “ရွှေပြည်တော်ကြီး” ဖြစ်တယ်၊ ဒီမိုကရေစီမှတစ်ပါး အခြားမရှိပြီဆိုတဲ့ ပြောဆိုရေးသားချက်တွေကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ်တွေ့ မကြုံဖူးသူများအတွက် “မစားရ ၀ခမန်း” ပြောဆိုရေးသားချက်တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့အခါကျမှ ထင်တာနဲ့မြင်တာ “ပါစင်အောင်” လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက်သွား နိုင်ပါတယ်။ ဒါဆိုရင်လည်း မကောင်းပါဘူး။ “နောင်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲ” တဲ့အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွားပါ လိမ့်မယ်။ ဒါကြောင့် ပြောဆိုရေးသားချက်တွေ ဆင်ခြင်သင့်ကြပါတယ်။
မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီဆိုတာ မဟာသြသဓနတ်ဆေးကြီးဖြစ်တယ်ဆိုရင် ဒီနေ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေးဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေ၊ နေစရာမရှိလို့ လမ်းဘေးအိပ်ရသူတွေ ဘယ်ရှိနေတော့မှာလဲ။ အခုတော့ လူလောကရဲ့ မကောင်းမှုမှန်သမျှ အဲ့ဒီ ဒီမိုကရေစီနိုင်ငံကြီးတွေ စခဲ့တာလို့တောင် ပြောရမယ်ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြဿနာကြီးပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ သွေးပျက်နေတဲ့ စစ်သားတွေကို တိုက်ရဲခိုက်ရဲစိတ်ဖြစ်လာ အောင် စိတ်ကြွဆေးပြားတွေ တီထွင်ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင်အာရှမှာ မူးယစ်ဆေးဈေးကွက်ကြီး ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။
ကောင်းဘွိုင်ယဉ်ကျေးမှုကစ
အီရိတ်က ဆက်ဒမ်ဟူစိန်ဆိုတာလည်း ပနားမားက နော်ရီအေးဂါး (Noriega) လိုပဲ အမေရိကန်စီအိုင်အေက မွေးထုတ်ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေလည်း စီအိုင်အေက မွေးထုတ်ပေးခဲ့တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျှ အမေရိကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုက စခဲ့တာချည်းပါပဲ။ ရမ်ဘိုလို၊ အာနိုးလို ရုပ်ရှင်ဇာတ်ကားတွေကိုပဲကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆို တိုင်း နတ်ဆေးကြီးမဟုတ်သလို ဒီမိုကရေစီနိုင်ငံဖြစ်တိုင်း သာယာရွှေပြည်ကြီး မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
လူသားများရဲ့ မျှော်လင့်ချက်
အခုဖြစ်နေတာကတော့ စတော့ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးပြိုလဲသွားလို့ ကုမ္ပဏီတွေ၊ စက်ရုံတွေ ပိတ်ကုန်ကြရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့အချိန်မှာ အစိုးရဆီက ငွေကြေးထောက်ပံ့မှုရဖို့ လွှတ်တော်မှာ လာရောက်တင်ပြတောင်းဆိုကြတဲ့ ဘဏ်လုပ်ငန်းရှင်တွေကတော့ ကိုယ်ပိုင်ဂျက်လေယဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာကြတယ်လေ။ ဒါတင်မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ကြေးလည်း ရရော အဲ့ဒီဘဏ်ကြီးရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ်ဆိုပြီး တစ်ယောက်တစ်ယောက်ကို ဒေါ်လာသန်းပေါင်း ၁၅၀၊ ၂၀၀ စီ ထတ်ယူလိုက်ကြတယ်လေ။ ဘဏ်ကြီးပြုတ်သွားအောင် လုပ်တဲ့အတွက်အပိုချီးမြှင့်တယ်ဆိုတာမျိုး ကြားဖူးကြရဲ့လား။ အဲ့ဒါ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အမေရိကန်နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။
ဒေါ်လာ ၆ သိန်းတန်း ခွေး
စက်တင်ဘာ (၁၄) ရက်ထုတ်၊ မြန်မာ့အလင်း (အင်္ဂလိပ်) သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ပြောလိုက်ပါရစေဦး။ တရုတ်နိုင်ငံ၊ ရှန်စီးပြည်နယ်၊ စီအန်လေဆိပ်ကို သန်းကြွယ်သူဌေးမ “၀မ်” ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက် မတ်စတစ်မျိုး ခွေးနက်တစ်ကောင်ပွေ့ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီးရှေ့ဆောင်တဲ့ မာစီးဒီးကားနက်ကြီး ၃၀ နဲ့ လာရောက်ကြိုဆိုပါတယ်တဲ့။ အဲ့ဒီသူဌေးမက တိဘက်လူမျိုးတွေနေကြတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း၊ ကျင်းဟိုင်းပြည်နယ်ကိုသွားပြီး ရှားပါးမျိုးဖြစ်တဲ့ အဲ့ဒီခွေနက်ကို ခက်ခက်ခဲခဲရှာဖွေပြီး ယွမ်ငွေလေးသန်း (ဒေါ်လာ ၆ သိန်း) နဲ့ ၀ယ်ခဲ့တာပါ။ “ရွှေကိုတန်ဖိုးသတ်မှတ်လို့ရတယ်။ ဒီ တိဘက် မတ်စတစ်ခွေးမှာ တန်ဖိုးအကန့်အသတ်မရှိဘူး” လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး ရှားပါးတိဘက်ခွေးနက်ကို မာစီးဒီးကားနက်ကြီး ၃၀ နဲ့ လာကြိုကြတာပါတဲ့။
ဒီမိုကရေစီ အနှစ်သာရလား
အားလုံးသိကြတဲ့အတိုင်းပဲ။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကြီး ဆင်းရဲတွင်းကလွတ်အောင် မနည်းရုန်းထွက်လာရတာ ဘာမှမကြာသေးပါဘူး။ ဒါတောင် လူဦးရေအများစုကြီးဟာ လယ်ယာလုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသားလယ်သမားဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ “၀မ်” လိုလူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ (၆) သိန်းအကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဒါ ဒီမိုကရေစီပဲလို့ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင်ဘူး။
ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက်ပန်းတိုင်ဟာ မတရားမှု ဒုစရိုက်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသတ်စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ “ဗြဟ္မပါလနိုင်ငံတော်ကြီး” ဆီ အရောက်လှမ်းဖို့သာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတော်ကြီးဆီသွားဖို့ စနစ်အမျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ် ရှိနေပါတယ်။ ဒီမိုကရေစီဆိုတာ အဲ့ဒီနည်းလမ်းတွေထဲက တစ်ခုသာဖြစ်ပါတယ်။ သူ့အပြင် အခြားနည်းလမ်းတွေလည်း အများကြီးရှိနေပါ သေးတယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပါပဲ။ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
လမ်းတွေမှ အများကြီး
ဒါကိုပဲ “ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ” လို့ ကြွေးကြော်နေတာကတော့ ကောင်းဘွိုင်သမ္မတနှစ်ဦးဖြစ်တဲ့ ရောနယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်းတူနေတယ်လို့ ထင်ပါတယ်။ အမေရိကန်ဆို အကုန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန်ကောင်းဆိုပြီ မျက်စိမှိတ် အော်ရင် “ကျေးဇူးဆပ်စာပေ” အရေးကောင်းနေသူတွေကို ပြောလိုက်ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်းတွေ အများကြီးရှိနေ ပါတယ်။ ဒီမိုကရေစီဆိုတာက လူသားများရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က “ဗြဟ္မပါလနိုင်ငံတော်ကြီး” ဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါတယ်။
လူထုစိန်ဝင်း (၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၅)
Leave a Reply