ကသာ-ဗန်းမော် မီးရထားလမ်း လမ်းပိုင်းအချို့ကြံ့ခိုင်မှုမရှိ
အံ့ဘုန်းမြတ် ၁၇ ဖေဖော်ဝါရီလ ၂၀၁၀
http://burmese.dvb.no/news.php?id=9987
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
အရှည်မိုင် ၉၇ မိုင်ခန့်ရှိတဲ့ ကသာ-ဗန်းးမော် မီးရထားလမ်းက ကသာ-မိုးဒါးကြီးလမ်းပိုင်းကို မကြာခင်မှာ ဖွင့်လှစ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ရထားလမ်းပိုင်းအတွက် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအတွင်း လာဘ် ပေး လာဘ်ယူတွေ များတာကြောင့် တာဝန်ယူဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေ ငွေခိုဆောက်လုပ်မှု တွေကြောင့် ကြံ့ခိုင်မှုမရှိဘူးလို့ သိရပါတယ်။
မိုင် ၁၀၀ ကျော်ရှိတဲ့ နဘား-ကသာ-ဗန်းမော် မီးရထားလမ်းရဲ့ အစိတ်အ ပိုင်းတခုဖြစ်တဲ့ ၁၆ မိုင်ရှိတဲ့ ကသာ-မိုးဒါးကြီးလမ်းပိုင်းကို လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေတာပါ။ မီးရထားလမ်း စီမံကိန်းကို ၂၀၀၇ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ တာဖြစ်ပြီး သုံးနှစ်တာကာလအတွင်း ၁၆ မိုင်ရှိတဲ့ ဒီမီးရထားလမ်းပိုင်းကို စတင်ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်နိုင်တော့မှာဖြစ်ပေမယ့် ဒီလမ်းပိုင်းမှာရှိတဲ့ မီးရထားလမ်းအပါ အ၀င်တံတားတွေဟာ ကြံ့ခိုင်မှုမရှိပဲ မီးရထားမသွားခင်အချိန်ကပင် ပျက်ဆီးမှုအချို့ရှိနေ တယ်လို့ ရထားလမ်းဆောက်လုပ်ရေး ကန်ထရိုက်တာတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့လက ရထားမဖြတ်ရသေးဘဲနဲ့ တံတားတွေမြေဖို့ရုံနဲ့ တံတား ၃ စင်းက ကျိုးကျခဲ့တယ်။ ကျိုးရတဲ့ အကြောင်းရင်းကတော့ ငွေခိုပြီးတော့ ဆောက်လို့ဖြစ်တယ်။ ငွေခိုရခြင်းအကြောင်းက အတောင်းရမ်း များလို့ ဖြစ်ပါတယ်။”
ကျိုးခဲ့တဲ့ တံတားတွေကတော့ နတ်သမီးချောက်တံတား၊ ဘုံသုံးဆင့်တံတားအပါအ၀င် သုံးစင်းရှိတယ် လို့လည်း သူကပြောပါတယ်။ မီးရထားလမ်းပိုင်းမှာ တံတားငယ်၊ တံတားအလတ်နဲ့ တံတားကြီးအစင်းရေ ၄၀ နီးပါအထိရှိပြီး တံတားတစီးကို ကုန်ကျငွေ သိန်း ၅၀ ကနေ သိန်း ၇၀၀၀ လောက်အထိ ရှိတယ်လို့လည်း ကန်ထရိုက်တာ အသိုင်းအ၀ိုင်း ပုဂ္ဂိုလ်အချို့က ပြောပါတယ်။ ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်နဲ့ နီးစပ်သူဗိုလ်ကြီးမြတ်လင်းက စီမံကိန်းဒါရိုက်တာအဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး ဆောက်လုပ်ခွင့်ရရှိတဲ့ ကန်ထရိုက်လုပ်ငန်းရှင်တွေဆီကနေ ရာခိုင်နှုန်းနဲ့ ငွေတောင်း ယူမှုတွေ ရှိတယ်လို့လည်း ကန်ထရိုက်တာတွေနဲ့ နီးတဲ့ အခြားပုဂ္ဂိုလ်တဦးက ပြောပါတယ်။
“တံတားတလုံးဆောက်လို့ရှိရင် ၇ ရာခိုင်နှုန်း ပေးရတယ်။ ဗိုလ်ကြီးမြတ်လင်းကို ၇ ရာခိုင်နှုန်း ပေးရတယ်။ ငွေကြံ့ကြာအောင်လုပ်တယ်။ နောက်တခုက ခန့်မှန်းခြေကလည်း အတိအကျ တွက်တဲ့အခါကျတော့ သူတို့အတွက်မကျန်ဘူး။ မကျန်တော့ သူတို့ခိုးတာပေါ့။ နောက်တခုက လုပ်ငန်းလုပ်တဲ့ အချိန်မှာလည်း သူနဲ့အဆင်ပြေရင် ပြေသလိုဖြတ်တာပေါ့။ ဖြတ်တဲ့အခါကျတော့ ကန်ထရိုက်တွေကလည်း ခိုတာပေါ့။ သံလုံးတွေ အပြည့်ခံရမယ်ဟာတို့။ ဘိလပ်မြေကို ကောင်းတဲ့အမျိုးအစား သုံးရမယ့်ဟာကို တရုတ်အမျိုးအစား သုံးတာတို့ အဲဒါမျိုးတွေနဲ့ ညာကြတာပေါ့ဗျာ။”
ဒီစီမံကိန်းမှာ မြေသားတူးဖော်ရေးကုမ္ပဏီ ၈ ခု၊ တံတားဆောက်လုပ်ရေး ကုမ္ပဏီ ၂၀။ သံလမ်းခင်း ကျောက်တင်သွင်းတဲ့ကုမ္ပဏီ ၃ ခုလောက်ရှိတယ်လို့လည်း သိရပါတယ်။ ဒီထဲမှာတော့ နအဖအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ မီးရထားလမ်းဟာ သွားလာရေးခက်ခဲပြီး ရေလမ်းကို အဓိကထား သွားလာနေရတဲ့ ဒေသခံတွေအတွက် အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေတွေကြောင့် ကြံ့ခိုင်ရေးစိတ်မချရတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေရတယ်လို့လည်း ကသာမြို့ခံတဦးက ပြောပါတယ်။
“ဒီဘက်ပိုင်းကတော့ ကသာနဲ့ မိုးဒါးကြီးဘာညာဆိုရင် လမ်းတွေက မြေလမ်း၊ မိုးတွင်းဆိုရင် ချောင်းရိုးတွေကလည်း နက်တယ်ဗျ။ လမ်းကမရှိဘူး။ မိုးတွင်းဆိုရင် သွားရေးလာရေး အရမ်းခက်ပါတယ်။ တကယ်လို့သာ ရထားလမ်းဖြစ်သွား မယ်ဆိုရင်တော့ အဲဒီဘက်က မိုးဒါးကြီးတို့ ဟိုဘက်က ရွာတွေက တော်တော်လေး အဆင်ပြေသွားမယ်။”
ဒီမီးရထားလမ်းဟာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်က နဘားဘူတာကနေ ကသာမြို့ကိုဖြတ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်မြို့ကို ဖောက်လုပ်နေတဲ့ မီးရထားလမ်းတခုလည်းဖြစ်သလို တရုတ်နိုင်ငံနဲ့ မီးရထားလမ်းချင်း ချိတ်ဆက် ကုန်သွယ်နိုင်ဖို့ ဖောက်လုပ်နေတာဖြစ်ပါတယ်။
Leave a Reply