မန္တလေးရဲသိပ္ပံဝင်းနှင့် ဗထူးအားကစားကွင်းတွေကို ပုဂ္ဂလိကသို့ရောင်းချ
အံ့ဘုန်းမြတ် ၁၆ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9972
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးမြို့ရှိ ရဲသိပ္ပံဝင်းနဲ့ ဗထူးအားကစားကွင်းတွေကို ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကို ရောင်းချထားပြီး လူနေအဆောက်အအုံတွေကို ဖယ်ရှားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေ ပါတယ်။ မန္တလေးမြို့ ၆၄ လမ်းနဲ့ ၆၈ လမ်းကြားရှိ ရဲသိပံ္ပ၀င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဗထူးအားကစားကွင်းကို ဗိုလ်ချုပ်မောင်အေးရဲ့ တူတော်စပ်သူ စီးပွားရေး လုပ်ငန်းရှင်တဦးတို့က ၀ယ်ယူထားကြတာပါ။
လက်ရှိအခြေအနေမှာတော့ ရဲသိပ္ပံဝင်းအနောက်ဘက်နဲ့ တောင်ဘက်ရှိ လူနေတိုက်ခန်းနဲ့ ဆိုင်ခန်းတွေ ကို စတင်ဖယ်ရှားခိုင်းနေပြီဖြစ်ပြီး အဲ့ဒီနေရာကို နိုင်ငံတကာအဆင့်မှီ ပုဂ္ဂလိကဆေးရုံနဲ့ ရှော့ခ်ပင်စင်တာ ဆောက်လုပ်မှာလို့ မန္တလေးစည်ပင်သတင်း ရပ်ကွက်ကဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မန္တလေးမြို့ခံတစ်ဦးက
“အရင်တုန်းက ရဲသိပ္ပံကွင်းကြီး တခုလုံးပေါ့၊ ရောင်းလိုက်တယ် ကြားတယ်။ ‘ထူး’ပဲ အဲဒါတွေ ၀ယ်လိုက်တယ်ကြားတယ်။ တလမ်း စာ တလမ်းစာလောက် အဆောင်အဦးတွေ ဆောက်မယ်ကြား တယ်။ ဒါမျိုးက မဆန်းဘူးဖြစ်သွားပြီလေ၊ သူတို့ လုပ်နေကြတာ ကိုး၊ စီးပွားရေးတရပ်လုံးက သူတို့ပဲ လုပ်နေကြတာ။”
အလားတူ ဗထူးဘော်လုံးကွင်းကို ဖျက်ပြီး မန္တလေးတောင်ခြေ ဘက်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပေမယ့် ဗထူးကွင်းပတ်လည်ရှိ ဆိုင်ခန်းတွေကိုတော့ တစုံတရာအမိန့်ပေးတာမျိုး မရှိသေးဘူးလို့ မန္တလေးမြို့ခံအချို့က ဆိုပါတယ်။ ဒီလိုနိုင်ငံပိုင်အဆောက်အဦး တွေကို ပုဂ္ဂလိကကုမ္ပဏီကို ရောင်းချမှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်မြန်းရာမှာတော့ တစ်စုံတရာပြန်လည် ဖြေကြား ခြင်း မရှိပါဘူး။
မန္တလေးမြို့ပေါ်မှာ ဒီလိုအစိုးရပိုင် အဆောက်အဦးတွေအပြင် မြို့လယ်ပိုင်းရှိ ကျပ်ငွေ သိန်းသောင်း ဂဏာန်းတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေလည်း ဒီရက်ပိုင်း အရောင်းအ၀ယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့က ဆိုပါတယ်။ ဒီလိုတွေ အရောင်းအ၀ယ်တွေ ဖြစ်နေပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က မီးလောင်ကျွမ်းခဲ့တဲ့ ရတနာပုံဈေးကြီးကတော့ မပြီးသေးတဲ့ အခြေအနေတွေကိုလည်း မန္တလေးမြို့တော်စည်ပင်နဲ့ နီးစပ်တဲ့ မြို့ခံက အခုလိုပြောသွားပါတယ်။
“ရတနာပုံဈေးက ဆောက်တော့ ဆောက်လက်စပဲ တော်တော်လေးတော့ ပြီးနေပြီ။ အချောတော့ မသတ်သေးဘူး။ အဆင့်ဆင့်တက်တာ သုံးထပ်လောက်တော့ ပြီးနေပြီထင်တယ်။ သူကလည်း အကြီးကြီးကိုး။ ဒီ ၂၀၁၀ ခုနှစ်အကုန်လောက်တော့ အားလုံး ချောပြီးသွားမယ်ထင်တယ်။ ထိုင်းက အင်ဂျင်နီယာတွေနဲ့ ပုံစံထုတ် ပြီးတော့ မီးအတွက်ရော ကားတွေ ဘာတွေအ၀င်အထွက်ရော အရင်ထက်တော့ အဆင့်မြင့်ထားတယ်။”
လက်ရှိအခြေအနေမှာ မန္တလေးမြို့တွင်သာမက ရန်ကုန်မြို့မှာလည်း အစိုးရ စည်ပင်သာယာပိုင် ဈေးတွေနဲ့ အဆောက်အအုံတွေကို ပုဂ္ဂလိကကုမ္ပဏီတွေကို ရောင်းချမှုတွေ ဒီရက်ပိုင်း ဆက်တိုက်လိုလို ဖြစ်ပေါ်နေပါတယ်။
Leave a Reply