၆၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား နယ်အဖွဲ့ချုပ်များတွင် ကျင်းပ
အံ့ဘုန်းမြတ် ၁၂ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9938
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
ဒီနေ့မှာကျရောက်တဲ့ ၆၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နယ်မြို့တွေမှာလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ၆၃ ကြိမ်မြောက် ပြည်ထောက်စု နေ့ အခမ်းအနားတွေကို မန္တလေးမြို့အပါအ၀င် မန္တလေးတိုင်းက သဲတော၊ ၀မ်းတွင်း၊ မိထ္ထီလာ၊ တောင်သာ မြင်းခြံစတဲ့မြို့နယ်တွေနဲ့ အခြားမြို့နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ မန္တလေးမြို့မှာတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးတိုင်းအဖွဲ့ချုပ်ပြန့်ကြားရေးရုံးမှာ နံနက် ၁၀ နာရီ ကနေ နေ့လယ် ၁ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၁၃ မြို့နယ်က ပေးပို့တဲ့ သ၀ဏ်လွှာ တွေကို ဖတ်ကြားပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်း စကားပြော ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ မန္တလေးတိုင်းအဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း အဖွဲ့ချုပ်စည်းရုံးရေး ကော်မတီဝင်ဦးမျိုးနိုင်က
“ဒီပြည်ထောင်စု ရလဒ်ကနေပြီး လွတ်လပ်ရေးဆိုတာကို ပေါက်ဖွားလာခဲ့တာပါ။ ဒါပေမယ့်ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးအရသာကို ဒီထက်ပိုပြီးတော့မှ ပွင့်ပွင့်လင်းလင်း ထင်မြင်သာတဲ့ အနေအထားတွေ တွေ့ဖို့လိုပါတယ်။ ၆၃ နှစ်တိုင်အောင် ညီညွှတ်ရေးဟာ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတယ်ဆိုတဲ့ ဆောင်ပုဒ်ဟာ ဒီနေ့အထိလည်း ကျနော်တို့ ကိုင်စွဲနေရပါတယ်။ အဲဒီလို ကိုင်စွဲနေခြင်းအားဖြင့် နောင်လာမယ့် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက်လည်း ညီညွတ်မှသာ ကျနော်တို့ လိုအပ်တဲ့ အနေအထားတွေရမယ့် အ ခြေအနေပါ။” လို့ပြောပါတယ်။
ဒီနေ့မှာ အဖွဲ့ချုပ်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပဖို့ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို တင်ပြကြရပြီး အကန့်အသက်တွေနဲ့ ခွင့်ပြုချက်တွေရမှ ကျင်းပပြုလုပ်ရတာ ဖြစ်သလို စောင့်ကြည့်မှုတွေ ရှိတယ်လို့လည်း အခြားအဖွဲ့ချုပ်ဝင် အချို့ကဆိုပါတယ်။
မန္တလေးတိုင်းထဲက သဲတောမြို့မှာလည်း ပြည်ထောင်စုနေ့ အခမ်းအနားတွေကို အဖွဲ့ချုပ်ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားမှာ အမျိုးသားရင်ကြားစေ့ရေး ကနဦးလုပ်ငန်းစဉ်အနေနဲ့ ဦးခွန်ထွန်းဦး၊ ဦးကျော်ခိုင်အပါအ၀င် လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ နအဖအစိုးရအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး-ဒို့အရေးဆိုတဲ့ ဆောင်ပုဒ်ကို အမှန်တကယ် လက်ခံဖော်ဆောင်မယ်ဆိုရင် တိုင်းရင်သားလူမျိုးတွေရဲ့ ယုံကြည်အားထားမှုကို ရရှိဖို့၊ ပြည်နယ်အသီးသီးက တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိုပ်မှုတွေ အမြန်းဆုံးရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းသာ ယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့အတွက် ဒီမိုကရေစီ အင်အားစု တွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ နအဖအစိုးရတို့ တွေ့ဆုံဆွေးနွေးမှုကနေ ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့စတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်ထောင်စုနေ့ ကြွေးကြော်သံတွေကို ၀မ်းတွင်းမြို့နယ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်းက အခုလို ရွတ်ပြပါတယ်။
(၁) အမျိုးသားရင်းကြားစေ့ရေး – တို့အရေး
(၂) တိုင်းရင်းသား စည်းလုံး ညီညွတ်မှုတည်ဆောက်ရေး – တို့အရေး
(၃) စစ်မှတ်သော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်ရေး – တို့အရေး
(၄) ဒီမိုကရေစီ လူ့အခွင့်အရေး အရေးတော်ပုံ အောင်ရမည်
ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး ဒီအခမ်းအနားကို တက်ရောက်လာတဲ့ တောင်သာမြို့နယ် အဖွဲ့ချုပ် ဥက္ကဌဦးသန်းမြင့်က
“လွတ်လပ်ရေးကို ရအောင်လုပ်ခဲ့တယ်ဆိုတဲ့ ပင်လုံစိတ်ဓာတ်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှသည် ဒီနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို ခေါင်းဆောင်နေတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အထိ လက်ဆင့်ကမ်း ပေးတဲ့ဟာကို ကျနော်တို့က ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်ရဲ့အမွေ အဖြစ် ဆက်ခံပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ဒီကနေ့လွတ်လပ်ရေးတိုက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ရအောင်တိုက်သလို ကျနော်တို့က စစ်တပ်ကျွန်ဘ၀ကနေ တိုင်းပြည်လွတ်လပ်အောင် လုပ်ကြပါစို့။ ဗိုလ်ချုပ်ရဲ့ ပေးခဲ့တဲ့အမွေကို ကျနော်တို့ ဆက်ခံကြပါစို့” လို့ တိုက်တွန်းခဲ့ပါတယ်။
အလားတူ မြင်းခြံမြို့မှာလည်း ပြည်ထောက်စုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ကဗျာဆရာ ဆရာကိုလေး (အင်းဝဂုဏ်ရည်) က စာပေဟောပြောခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါခင်က ပြောပါတယ်။
“အထူးအစီအစဉ် အနေနဲ့ ဆရာကြီး ဦးကိုလေး(အင်းဝဂုဏ်ရည်) စာပေဟောပြောပွဲ လုပ်ပါတယ်။ ‘လှပသောသေခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဟောတာပါ။ သေတာက မဆန်းဘူး၊ ဘယ်လိုနည်းနဲ့ သေသေ၊ သေတာက သေတာပဲ။ ဒါပေမယ့် သေပြီးအလောင်းမြေပုံကိုလူတွေ ခြေထောက်နဲ့ မကန်မိအောင်ပဲ အရေးကြီးတယ်ပေါ့လေ။”
၆၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ဒီမြို့နယ်တွေ အပြင်အခြားမြို့ကြီးတွေက အဖွဲ့ချုပ်ဝင်တွေလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Leave a Reply