လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း (၉၅) နှစ်ပြည့်မွေးနေ့
အထိမ်းအမှတ်ကျင်းပ
အံ့ဘုန်းမြတ် ၁၃ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9942
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနယ်မြို့အချို့မှာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါ တယ်။ ဒီနေ့ကိုပဲ အရင်က မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အဆင့် က ကျင်းပပြုလုပ်ခဲ့ကြပေမယ့် မကျင်းပတော့တာ ဆယ်စုနှစ် နှစ်ခုကြာခဲ့ပြီဖြစ်ပါတယ်။ အစိုးရပိုင်းက မပြုလုပ်ကြပေမယ့် ဒီကနေ့ကိုပဲ ကလေးနေ့အဖြစ်သတ်မှတ်ပြီး ဗိုလ်ချုပ် အောင်ဆန်းအမှတ်တရ အထိမ်းအမှတ်အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေနဲ့ အခြားနိုင်ငံရေး စိတ်ဓာတ် နိုးကြားတဲ့ အသိုင်းအ၀ိုင်းအဖွဲ့အစည်းတွေကြားမှာတော့ ဒီနေ့ထက်တိုင် ကျင်းပပြုလုပ်နေကြဆဲဖြစ်ပါတယ်။
ဒီလိုကျင်းပပြုလုပ်ကြတဲ့ အခမ်းအနားတွေထဲက ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဒီနေ့မနက်ပိုင်းအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီပြပွဲ၊ မိန့်ခွန်းကောက် နုတ်ချက် ကြာပန်းစကားပြောပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတွေကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒါအပြင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို အဖွဲ့ချုပ်အဖွဲ့ ၀င်တဦးဖြစ်တဲ့ တောင်ဒဂုံ ဒေါ်ခင်အေးအိမ်မှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်လည်း တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အခြားနယ်မြို့တွေဖြစ်တဲ့ ခရမ်းသုံးခွ၊ မိတ္ထီလာ၊ မန္တလေးစတဲ့ မြို့အသီးသီးက အဖွဲ့ချုပ်ဝင်တွေလည်း ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အခုလို ဆယ်စုနှစ်နှစ်ခုခန့်ကြာအောင် အစိုးရပိုင်းတွေက မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ကွယ်အောင် ပြုလုပ်နေတဲ့အပေါ် နိုင်ငံရေးစိတ်ဓာတ်နိုးကြားသူတဦးက အခုလို ပြောပါတယ်။
“မြန်မာအစိုးရကိုယ်တိုင်က ဒီလိုကျေးဇူးတရား မသိအောင်လုပ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ စာသင် ကျောင်းတွေမှာ ဖြုတ်လိုက်တယ်။ စာသင်တဲ့ သင်ခန်းတွေကနေဖြုတ်တယ်။ ဒါတွေဟာ မလုပ်အပ်ဘူး။ ကျေးဇူးတရားဆိုတာ သိတတ်ဖို့လို တယ်။ ကျေးဇူးကမ်းဖို့မဟုတ်ဘူး။ အဲတော့ ကျေးဇူးတရားကို သိအောင်လုပ်ကြပါ။ ကျေးဇူးတရား သိအောင်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ မည်သို့သောအစိုးရဖြစ်ပါစေ တိုင်းပြည်လွတ် လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ တိုင်းပြည်ရဲ့ကျေးဇူးရှင်ကို မေ့ပျောက်အောင် မလုပ်သင့် ဘူးဆိုတာတော့ ကျနော်ပြော ချင်ပါတယ်။”
ဒီလို အစိုးရပိုင်းက ဗိုလ်ချုပ်ဆောင်ဆန်းရဲ့အခန်းက္ဂကို မှေးမိန် ပျောက်ကွယ်အောင် ပြုလုပ်ခဲ့တာကြောင့် မြန်မာလူငယ်အတော် များများ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မေ့လျော့နေကြပြီဖြစ်ပြီး နောက်တစ်နေ့ ဗာလင်ဒိုင်းဒေကို ပိုမိုစိတ်ဝင်စားနေကြတယ် လို့လည်း သူကဆိုပါတယ်။ ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘိုင်ဝီးကလီးဂျာနယ်က ချစ်သူများနေန့တဲ့လား ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားလာတဲ့ ဟယ်ရီလွင်ရဲ့ ကဗျာကို လူငယ်ကြား ဖြန့်ဝေမှုတွေရှိတယ်လို့သိရပါတယ်။ ဒီကဗျာထဲက စာသားကို စာပေလောကသားတဦးက အခုလိုဖတ်ပြပါ တယ်ခင်ဗျာ။
ချစ်သူများနေ့တဲ့လား
ဒီနေ့ . . .
ဖေဖော်ဝါရီ ၁၄ ရက်
”ချစ်သူများနေ့”တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
‘ကလောဒီယမ်စ်’ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
‘ထိန်လင်း’ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .
နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။
‘ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .’
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .
ဟယ်ရီလွင် ( http://harrylwin.blogspot.com )
Leave a Reply