နိုင်ငံသားကတ် လုပ်ပေးရာတွင် လ၀က၀န်ထမ်းအချို့ လာဘ်စားမှုရှိ
အံ့ဘုန်းမြတ် ၅ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9842
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရာမှာ လူဝန်မှုကြီးကြပ်ရေးဝန် ထမ်းတွေက လာဘ်စားမှုတချို့ရှိ နေတယ်လို့ သတင်းရရှိပါတယ်။ ဟင်္သာတမြို့နယ်မှာ တာဝန်ရှိ လူဝန်မှုကြီးကြပ်ရေး (လ၀က) ၀န်ထမ်းတချို့က အခကြေးငွေယူပြီး ကတ်ပြားလုပ်ပေးနေပုံကို ဟင်္သာတမြို့ခံတဦးက ပြောပြပါ တယ်။
“မှတ်ပုံတင်လုပ်တဲ့အခါမှာ အမြန်ကြေးဆိုရင် နှစ်သောင်းခွဲတောင်းတယ်။ ရိုးရိုးသက်တမ်း တိုးဆိုလို့ရှိရင် မြန်မာလူမျိုးဆိုရင် ၆၅၀၀ နဲ့ပြီး တယ်။ မွတ်စလင်ဆိုလို့ရှိရင် အမြန်ကြေး တသိန်း၊ အနှေးဆိုရင် ငါးသောင်း လောက်တောင်းတယ်။ သွေးနှောတွေမှာ အခက်အခဲရှိတယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ပိုက်ဆံပေးလိုက် လို့ရှိရင် အခက်အခဲတွေက အကုန်လုံးပြေလည်သွားတယ်ဆိုတဲ့ပုံစံမျိုး ကျနော်တို့က သိနေရတယ်။”
“စီမံချက်အနေနဲ့ လုပ်ပေးရာမှာ အကုန်လုံး လုပ်ပေးရမှာပဲ။ သူတို့က စီမံချက်မှာရအောင် လုပ်ပေးသွား ရမယ့်ကိစ္စကို သူတို့က ပိုက်ဆံပေးမှရ မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးလိုက်တယ်။”
ရွေးကောက်ပွဲအကြို မဲဆန္ဒရှင်ဦးရေ သိရဖို့အတွက် အစိုးရကပြည်သူတွေကို စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေတာ ဖြစ်ပေမယ့် စာရင်းနဲ့ ငွေသာကောက်သွားပေမယ့် မရသေးသူတွေလည်း ဟင်္သာတမြို့နယ်၊ လေးမျက်နှာကျေးရွာအုပ်စုမှာ ရှိနေတယ်လို့လည်း ဟင်္သာတမြို့ခံ နောက်တဦးက ပြောပါတယ်။
လူဝန်မှုကြီးကြပ်ရေးဌာနက၀န်ထမ်းတွေဟာ မှတ်ပုံတင်ပြုလုပ်ပေးရာမှာတင်မက ပြည်ပကိုအလုပ်ကြမ်းသွားလုပ်ဖို့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့သူတွေကိုလည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် အခကြေးငွေတောင်းယူမှုတွေ ရှိနေပုံကိုလည်း လ၀က၀န်ထမ်းတွေနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တဦးက ပြောပြပါတယ်။
“မလေးရှားသွားမယ့် လူတွေဆိုရင် သုံးသောင်းလောက် ကုန်တယ်။ အိမ်ထောင်စုစာရင်းဆိုလည်း တသောင်းလောက်တောင်းတယ်။ အခုလောလောဆယ်မှာ တကယ်တရားဝင်က ထွေထွေထူးထူး ငွေကြေးပေး စရာမလိုဘဲနဲ့ မှတ်ပုံတင်ရုံးဝန်ထမ်းတွေက လုပ်ပေးရမယ့် ဟာတွေ အဲလိုငွေကြေးယူလုပ်တာတွေ ပိုက်ဆံအနည်း ဆုံး သုံးသောင်းကတော့ တောင်းတာပဲ။ လူကြည့်ပြီးတော့ နောက်ထပ် ငါးသောင်း ခြောက်သောင်း တောင်းတာ တွေရှိပါတယ်။”
ဒီကိစတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဟင်္သာတမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးကို ဆက်သွယ်မေးမြန်းရာ တစုံတရာပြန်လည် ဖြေကြားခြင်း မရှိပါဘူး။
Leave a Reply