သုခဆေးခန်းတွင် ဓာတ်မှန်ဆောင် တိုးချဲ့တည်ဆောက်မည်
အံ့ဘုန်းမြတ် ၄ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9827
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားတဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းမှာ ကျပ်သိန်း ၂၀၀ ကျော် အကုန်အကျခံပြီး ဓာတ်မှန်ဆောင်တခု တိုးချဲ့ဆောက်တော့မှာပါ။ ဒဂုံမြို့သစ်မြောက်ပိုင်း (မြောက်ဒဂုံ) မှာ အသစ်ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းမှာ ဓာတ်ခွဲခန်းဆောက်အဦသစ်ကို ဒီလကုန်မှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ခွင့်ပြုချက်ရ ထားပြီလို့ နာရေးကူညီမှုအသင်း ဥက္က ဦးကျော်သူက ပြောပါတယ်။
“ဒီဖေဖော်ဝါရီလကုန်လောက် စဆောက်ဖို့လုပ်နေတယ်။ အလှူရှင်က ရှိတယ်၊ အလှူရှင်က ခိုင်ရွှန်းလဲ့ရည်တို့လေ။ ဟိုတလောက ဆုံးသွားတာ။ သူတို့မိသားစုက အဆောက်အဦကုန်ကျငွေပေါ့ သိန်း ၁၅၀ သူတို့က လှူတယ်။ ဓာတ်မှန်ပစ္စည်းကတော့ အလှူရှင်တွေရှိတယ်။ အလှူရှင်နှစ်ဦး လှူထားတယ်။ ဓာတ်မှန်ပစ္စည်းကလည်း အခု ၀ယ်ဖို့လုပ်နေပြီ။”
ဒီရဓာတ်မှန်ဆောင်မှာ ဒေါ်လာနှစ်သောင်းခွဲတန်ဖိုးရှိ ဓာတ်မှန်စက်ထားရှိသွားမှာလို့ ဦးကျော်သူက ပြောပါတယ်။ ဆေးခန်းကလက်ရှိအခြေအနေမှာ ဓာတ်မှန်ရိုက်ဖို့လိုအပ်တဲ့ လူနာတွေကို အပြင်မှာ သွားရိုက်နေရပုံကိုလည်း ကိုကျော်သူက ရှင်းပြပါတယ်။
“လောလောဆယ်က ရိုက်တာဆိုရင် သူတို့ နီးစပ်ရာဆေးရုံပေါ့လေ။ ဆေးရုံတို့ ပြင်ပဆေးခန်းတို့မှာ သွားရိုက်တယ်။ သွားရိုက်ပြီးတော့ ဓာတ်မှန်ရိုက်တဲ့ ဖြတ်ပိုင်းစာရွက်ရရင် ကျနော်တို့က ပိုက်ဆံရှင်းပေးလိုက်တယ်။ အပြင်မှာရိုက်တယ်ဆိုရင် ၅၀၀၀ လောက် ကုန်တယ်ထင်တယ်။”
နာရေးကူညီမှုအသင်း (ရန်ကုန်) က သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လမှာ စတင်ဖွင့်လှစ်ပြီး အရေးပေါ်ခွဲစိတ် ကုသဖို့လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအ၀င် ဘယ်ရောဂါအတွက်ကိုမဆို ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ခွဲစိတ်ခန်းစရိတ်လှူဒါန်းတာ စသည်ဖြင့်ဆောင်ရွက်ပေးနေပါတယ်။ ဒီဆေးခန်းမှာ မျက်စိ အရိုးအကြော၊ အရေပြား၊ ကင်ဆာစတဲ့ရောဂါတွေကို အထူးကုဆရာ ၀န်ကြီးတွေ၊ သမားတော်ကြီးတွေ ၄၀ ကျော်က နေစဉ်လူနာပေါင်း ၂၅၀ လောက်ကို အခမဲ့ ကုသပေးနေပါတယ်။
Leave a Reply