ဓာတ်ခွဲခန်းအချို့ ရောဂါအဖြေမှန် လိမ်ပေးနေ
အံ့ဘုန်းမြတ် ၃၀ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9771
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
ရန်ကုန်မြို့ရှိ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းအချို့မှာ အခကြေးငွေယူပြီး အဖြေမှန်တွေကို လိမ်လည်ပေးမှု တွေရှိနေတယ်လို့ သိရပါတယ်။ အသည်းရောင်အသားဝါ စီပိုး၊ ဘီပိုးအပါအ၀င် အေ့ခ်ျအိုင်ဗွီရောဂါ ရှိမရှိစစ်ဆေးမှုတွေမှာ အခကြေးငွေယူပြီး ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတချို့မှာ ၀န်ထမ်းတချို့က အဖြေမှန်ကို လိမ်လည်ပေးမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ပြည်ပကိုသွားရောက် အလုပ်လုပ်မယ့် သူတွေအတွက် ဆေးစစ်ချက်တွေကို လိမ်လည်ပေးနေကြတာဖြစ်ပြီး ဓာတ်ခွဲခန်း ၀န်ထမ်းတွေကလည်း စီးပွားရေးအဆင်မပြေမှုတွေကြောင့် ဆရာဝန်ကြီးတွေမသိအောင် ဆေးစစ်ချက်အတုတွေ ထုတ်ပေးနေကြတာဖြစ်တယ်လို့ ကျန်းမာရေးလောကသားအချို့က ဒီဗွီဘီကို ပြောပြကြပါတယ်။
ဒီလို ဆေးစစ်ချက်တွေ လိမ်လည်ပြလုပ်ပေးနေတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းတချို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီလိုအဖြစ် မျိုးမရှိဘူးလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောကြားကြပေမယ့် နားလည်မှုနဲ့ ငွေပေးပြီး လုပ်လို့ ရတယ်လို့လည်း စစ်ချက်အတုပြုလုပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ နီးစပ်သူတွေက ပြောပြကြပါတယ်။ ဒီလိုဖြစ်ပေါ်နေတာတွေနဲ့ပတ်သက်ပြီး ဆေးပညာရှင် ပါမောက္ခဆရာဝန် တဦးက အခြေအနေကို အခုလိုရှင်းပြပါတယ်။
“တချို့ဟာကျတော့လည်း (Negative) တွေကို instruction request ပေါ့။ ရောဂါအတွက် တော့မဟုတ်ဘူး။ သူတို့တွေ အကြောင်းပြချက် တခုလိုချင်ပါတယ် အဲ့ဒီလို (Positive) တွေမှာ (Negative) တွေ ထုတ်ပေးတတ်တယ်ဆိုတာကိုတော့ ကျမသိတယ်။ ဆေးရုံကြီးမှာတော့ တမင်တကာ လုပ်တာတော့ ကျမထင်တယ် သိပ်တော့မရှိပါဘူး။ များသောအားဖြင့် သင်္ဘောသားတွေပေါ့နော်၊ ဘီပိုး (Positive) ဆိုတာကို (Negative) ထုတ်သွားတာမျိုးရှိပါတယ်။ ဟိုမှာ ပြန်ပြီးလည်းစစ်ကြည့်လိုက်တော့ ပြန်ရောက်လာတာပေါ့။ ဒါကို ၃-၄ ဦးလောက် ကျမတို့တွေ့ဖူးတယ်။”
အေအိုင်ဒီအက်စ် ခုခံအားကျဆင်းရောဂါ ကူးစက်ခံရသူတွေအနေနဲ့ ဒီလို ဆေးစစ်ချက်အတုလုပ်ပြီး ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ မိသားစုကို ဖုံးကွယ်ခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အေအိုင်ဒီအက်စ်ပညာပေး အန်ဂျီအို အဖွဲ့အစည်း တခုက အမျိုးသမီးတဦးက ပြောပြသွားပါတယ်။
“သူခံရမယ်၊ သူ့နဲ့နောက်ဆက်တွဲ မိသားစုတွေခံရမယ်။ လိမ်ထားတဲ့အခါကျတော့ သူ့နဲ့အတူနေသူနဲ့ လိင်ဆက်ဆံတဲ့အခါ ထပ်ကူးသွားမယ်။ နောက်ကလေးတွေရတော့ ကလေးတွေကို ထပ်ကူးမယ်။ နောက်ဆက် တွဲပြဿနာတွေက ဆိုးကျိုးတွေချည်းဘဲ ဖြစ်လာမယ်။ လူတွေက ကြောက်နေကြရတာပဲလေ အဲ့ဒီလိုအမှန် အတိုင်းပြောလိုက်ရင် သူတို့ကိုပစ်သွားမလားဆိုပြီး ရှိနေတဲ့အခါကျတောလေ။့ စောစော သိလို့ရှိရင် ဆေးမသောက်ရဘဲနဲ့ နေလို့ရတဲ့နည်းတွေ လည်းရှိတယ်လေ။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေမယ်ဆိုရင် CD4 ပိုးများလာမယ်။ CD4 ပိုးများလေ ဆေးမသောက်ပဲနဲ့ နေလို့ရလေပဲလေ။”
ရန်ကုန်မြို့မှာ အစိုးရကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အမျိုးသားဓာတ်ခွဲခန်းအပါအ၀င် နာမည်ကြီးရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ၇ ခုလောက် ရှိပါတယ်။ ဆရာဝန်တွေအနေနဲ့ ဒီဓာတ်ခွဲခန်းတွေက ထွက်လာတဲ့ ဆေးစစ်ချက်ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ချယုံကြည်ရမှု အားနည်းတာကြောင့် ဂရုစိုက်သင့် တဲ့ ရောဂါမျိုးအတွက်ဆိုရင် သုံးကြိမ်လောက် နေရာပြောင်းပြီး လူနာတွေကို စစ်ဆေးခိုင်းရတယ်လို့လည်း ဆရာဝန်တချို့ကပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ ဓာတ်ခွဲခန်းတွေက ဒီလိုစစ်ချက်အတုတွေ ပြုလုပ်ပေးနေတာတွေနဲ့ပတ်သက်ပြီး ကြပ်မတ်သင့်သလို ဓာတ်ခွဲခန်းတာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့လည်း မိမိဓာတ်ခွဲခန်းက စစ်ချက်အတု ထုတ်ပေးနေတာမျိုးမဖြစ်ပွားအောင် ဂရုစိုက်သင့်တယ်လို့လည်း ဆေးပညာလောကသားတွေက အကြံပြုကြပါတယ်။ မြန်မာပြည်မှာ ဒီလိုအကျင့်ပျက်မှုတွေဟာ လစာနည်းပါးမှုနဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေရဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်နေတာကြောင့် အစိုးရအနေနဲ့ချမှတ် ထားတဲ့ လူမှုရေးဦးတည်ချက်တွေကို အကောင်အထည်မဖော်နိုင်တာကို ဒီဖြစ်စဉ်တွေက ညွှန်ပြနေတာဖြစ်တယ်လို့ လည်း ဆေးပညာလောကသားတွေက သုံးသပ်ပြော ဆိုကြပါတယ်။
Leave a Reply