ကိုညီညီအောင်အမှု အမိန့်ချရက်ပြောင်း
အံ့ဘုန်းမြတ် ၂၇ ဇန်န၀ါရီလ ၂၀၁၀
http://burmese.dvb.no/news.php?id=9724
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ရဲ့အမှု အပြီးသက်အမိန့်ချဖို့ ဒီနေ့ရုံးချိန်းပေးထားပေမယ့် မချဖြစ်ဘဲ ရက်ရွှေ့လိုက်တယ်လို့ သတင်းရရှိပါတယ်။ အပြီး သတ်အမိန့်ချဖို့ ဇန်န၀ါရီ ၂၇ ရက်မှာ ရုံးချိန်းရှိပေမယ့် အမှုအတွက် ထပ်ပြီးစစ်ဆေးဖို့ လိုအပ်တယ်လို့ဆိုပြီး အင်စိန်ထောင်တွင်း အထူးတရားရုံးက လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်ကို ထပ်ချိန်းလိုက်တာပါလို့ ကိုညီညီ အောင်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။
“တရားရုံးက ရှင်းပြတာတော့ သူအသေးစိတ်လေ့လာဖို့ လိုအပ်နေသေးလို့တဲ့ သဘောကတော့ အဆင်သင့် မဖြစ်သေးဘူးပေါ့၊ အဲဒါကြောင့် ၁၀ ရက်နေ့ကျမှ အမိန့်ချမယ်တဲ့။ ဖေဖော်ဝါရီလ ၁၀ ရက်။”
အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာမှာ အာဏာပိုင်တွေက ရန်ကုန် လေဆိပ်ကနေ ဖမ်းဆီးပြီး နိုင်ငံသားမှတ်ပုံတင်ကတ် အတုသုံးစွဲမှု၊ တရားမ၀င် ငွေကြေးကိုင်ဆောင်မှု၊ နိုင်ငံတွင်းနေထိုင်သူများ အက်ဥပဒေချိုးဖောက်မှုတို့နဲ့ တရားစွဲခဲ့တာပါ။
ကိုညီညီအောင်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီး တရားရုံးကနေ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေမှာ ပုဒ်မ-၄၆၈ က ထောင်ဒဏ် တရက်ကနေ ခုနစ် နှစ်အထိ ချမှတ်နိုင်သလို၊ ပုဒ်မ ၂၁-က တရားမ၀င် ငွေကြေးကိုင်ဆောင်မှုနဲ့ ထောင် ဒဏ်သုံးနှစ်၊ မှတ်ပုံတင်ဥပဒေက ထောင်ဒဏ် ၂ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တယ်လို့လည်း ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။ ဒါအပြင် ကိုညီညီအောင်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မတွေဟာ ပြည်ပနိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ခံယူထားတဲ့သူတွေနဲ့ မသက်ဆိုင်တဲ့အကြောင်း ဥပေဒကြောင်းအရ တရားရုံးကို တင်ပြထားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
“မြန်မာနိုင်ငံအတွင် နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ၃၃ မှာ နိုင်ငံခြားသားတွေနဲ့ ဒီပြဌာန်း ချက်တွေမဆိုင်ဘူး၊ မသက်ဆိုင်စေရလို့ ပါပါတယ်။ အခု ညီညီအောင်ကိုစွဲတဲ့ ပုဒ်မ ၄ ခု ရှိတယ် ဒီနည်းဥပဒေ ၄ ခုက ညီညီအောင်လို နိုင်ငံခြားသားတွေနဲ့ မသက်ဆိုင်စေရလို့ အဲဒီ ၃၃ မှာ ပြဌာန်းထားပါတယ်။ ဒါကိုကျနော် တို့က ဥပဒေအရရုံးကို တင်ပြထားတယ်။ ဒီလို နိုင်ငံခြားသားတွေ နိုင်ငံခြားမှာနေတဲ့ လူတွေကို ဒီပုဒ်မနဲ့ စွဲဆိုခွင့် ရှိဘူးဆိုတာ ဥပဒေအချက်အလက်အရ ကျနော်တင် ပြထားတယ်။ အဲဒီတော့ တရားသူကြီးစီရင်ချက်ချတော့ ဘာပြောမလဲတော့ စောင့်ကြည့်ရမယ်။”
လက်ရှိအခြေအနေမှာ ကိုညီညီအောင်ရဲ့ မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ရှိပေမယ့် တွေ့ခွင့်မရဘဲ အာဏာပိုင်တွေက တွေ့ဖို့ရက်ကိုလည်း ဆိုင်းငံ့ထားတယ်လို့လည်း သိရပါတယ်။
Leave a Reply