လူရွှင်တော် မိုးဒီနှင့် မေတ္တာတို့ ဦးဆောင်သော မြန်မာအငြိမ့်အဖွဲ့ တားမြစ်ခံရ
အံ့ဘုန်းမြတ် ၂၄ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9696
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သွားရောက်ဖျော်ဖြေမယ့် လူရွှင်တော်မိုးဒီနှင့် မေတ္တာဦးဆောင်တဲ့ မြန်မာအငြိမ့်အဖွဲ့ ခွင့်ပြချက်မရဘဲ ပိတ်ပင်ခံရ တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြိမှာ ဖျော်ဖြေတင်ဆက်မယ့် လူရွှင်တော် ဦးမိုးဒီနဲ့ ဦးမေတ္တာတို့ ဦးဆောင်တဲ့ မြန်မာအငြိမ့်အဖွဲ့ကို လူဝန်မှုကြီးကြပ်ရေးဌာနက မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၂ ရက်နေ့ ညနေပိုင်းက ပိတ်ပင်တာဆီးလိုက်တာပါ။ ဒီလို ပြည်ပဖျော်ဖြေခွင့် ပိတ်ပင်ခံလိုက်ရတာနဲ့ ပတ်သက်လို့ လူရွှင်တော် ဦးမိုးဒီက အခုလို ပြောပြပါတယ်။
“ဘာကြောင့်မို့တားတယ်ဆိုတော့ ဂျပန်မှာရှိတဲ့ မြန်မာသံအမတ်ကြီးက မလွတ်သင့်ဘူးထင်တယ်လို့ မှတ်ချက်ပေးလို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကလည်း မသွားသင့်ဘူးလို့ဘဲ အကြံဥာဏ်ပေးပါတယ်။ တရားဝင်ခွင့်ပြုလို့သွားကြတာပေါ့။ လေယာဉ်ပျံပေါ်တက်ဖို့အလုပ်မှာ လူဝန်ကြီးကြပ်ရေးမှူးကဖျက်ပြီး စာအုပ်တွေ သိမ်းပြီးတော့ လူကြီးနဲ့တွေ့ပါရစေဆိုပြီးတော့ နောက်တော့ ကျနော်တို့ကို လူကြီးကနေ ပြောတာပါဘဲ။”
သွားရောက်ဖျော်ဖြေမယ့် အနုပညာသည်တွေထဲမှာ ဦးမိုးဒီ၊ ဦးမေတ္တာတို့နဲ့အတူ မော့စ်၊ ခင်လှိုင်၊ လင်းဇာနီဇော်နဲ့ မိုးပြည့်ပြည့်မောင် တို့ပါဝင်ပြီး သူတို့ရဲ့ နိုင်ငံကူးလတ်မှတ် ပတ်စပို့စ်တွေကို လူဝန်မှုကြီးကြပ်ရေးက သိမ်းစည်းထားပြီး ပြန်မရသေးဘူးလို့လည်း ဦးမိုးဒီ ကပြောပါတယ်။ ဒီလို ပြည်ပဖျော်ဖြေခွင့် ပိတ်ပင်ခံလိုက်ရ တာနဲ့ပတ်သက်ပြီး လူရွှင်တော် ဦးမိုးဒီကဘဲ ခုလိုပြောပြပါတယ်။
“အနုပညာရှင်ဆိုတာက သာမန်လူတွေမဟုတ်ဘူးလေ။ ကျနော်တို့ကအပြောအဆို အနေအထိုင်က ကျနော်တို့ဆင်ခြင်ဖို့လည်းလိုတယ်။ နောက်ပြီးတော့ မမှားဖို့လည်းလိုတယ်လေ။ ကျနော်တို့က မသွားနဲ့ဆိုလည်း မသွားဘူးပေါ့ဗျာ။ သွားဆိုလည်းသွားလိုက်တာပေါ့။ ကျနော်တို့ မှာကတော့ ဘာမှ အရောင်အသွေးလည်း မရှိဘူး။ ဘာမှလည်း ကျနော်တို့ ရင်ထဲမှာမရှိဘူးလေ ခိုင်းတာလုပ်ရုံပါပဲ။”
လူရွှင်တော် ဦးမိုးဒီနဲ့အတူ မော့စ်တို့ဟာ ပြီးခဲ့တဲ့လကလည်း သြစတြေးလျနိုင်ငံမှာ သွားရောက် ဖျော်ဖြေခဲ့ပြီး အဲ့ဒီတုန်းက ဘာမှမဖြစ်ပဲ အခုကျမှဖြစ်တဲ့အပေါ် စဉ်းစားလို့ မရဘူးလို့လည်း ဦးမိုးဒီကပြောပါတယ်။ ဦးမိုးဒီတို့အဖွဲ့ ဖျော်ဖြေမယ့်အငြိမ့်ပွဲကို (တိုကျိုဆာကူးရာ ပျော်စရာအငြိမ့်) လို့ အမည်ပေးထားပြီး ဒီလ ၂၄ ရက် တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာအနုပညာဖျော်ဖြေပွဲတွေ ကျင်းပလေ့ရှိတဲ့ ခိုကိုင်းခိုးခန်းမမှာ တင်ဆက်ဖို့ စီစဉ်ထားပေမယ့် ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းလိုက်ရတယ်လို့လည်းသိရှိရပါတယ်။
Leave a Reply