စာနယ်ဇင်း, ပညာရေး, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

မြန်မာ့နိုင်ငံရေးနှင့် မြန်မာလူငယ်


မြန်မာ့နိုင်ငံရေးနှင့် မြန်မာလူငယ်

အံ့ဘုန်းမြတ် ၂၁ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9680

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

နအဖစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒရှင်ဦးရေရဲ့ ထက်ဝက် နီးပါးရှိတဲ့ အသက် ၁၈ နှစ်အထက် လူငယ်တွေကတော့ စိတ်ဝင်စားမှုနည်းနေတာ တွေ့ရပါတယ်။ စုစုပေါင်း လူဦးရေ ၅၆ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒပေးနိုင်သူ ၂၇ သန်းကျော်ရှိနေပြီး အဲဒီထဲက ထက်ဝက်နီးပါးကတော့ အသက် ၁၈ နှစ်အထက် လူငယ်တွေပါ။ သူတို့ဟာ နအဖအစိုးရရဲ့ ရွေးကောက်ပွဲကို အယုံအကြည် မရှိတာကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းနေကြတာလို့ လူငယ်ရေးရာ သုံးသပ်သူတချို့က ဆိုပါတယ်။ ရန်ကုန်က အသက် ၂၈ အရွယ် လူငယ်တဦးက

“တချို့ကျတော့ အင်တာနက်ဆိုင်ထိုင်မယ်၊ ဂိမ်းကစားမယ်၊ အဲဒီအရွယ်တွေက အဲဒီလိုဖြစ်နေတာ။ ကျနော်တို့ထက်ကြီးတဲ့ အရွယ်တွေကျတော့ ရပ်ကွက်ထဲမှာ ဘာမှမလုပ်ဘူးဗျာ၊ အရက်သောက်မယ်၊ အင်တာနက်ထိုင်မယ်၊ တိုင်းပြည်ကြီး ဘာဖြစ်နေ ဖြစ်နေ ဒီလိုပဲနေကြတာ၊ များသောအားဖြင့်ပေါ့ဗျာ။ ပညာတတ် တွေကို စနစ်တကျအဖျက်ဆီးခံခဲ့ရတာပေါ့ ကျနော်တို့က”

လူငယ်စာရေးဆရာ တဦးကတော့ လူငယ်တွေက မတရားမှန်းသိပြီး အပြောင်းအလဲတခုကို လိုချင်ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘဲ ဘယ်သူ့ ဦးဆောင်မှုနောက်လိုက်ရမယ် မသိဘူးဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

“မတရာမှုမှန်းတော့ သိတယ်။ ဒါပေမယ့် ခေါင်းငုံ့ခံနေတာကလွဲလို့ တခြားလူကြီးတွေကလည်း အဲဒီလို မျိုးခံနေရတယ်။ သူတို့ စားဝတ်နေရေး၊ စီးပွားရေးအပေါ်မှာ သူတို့အဆင်ပြေအောင် နေလို့ရှိရင် ရတယ်ဆိုတာကို သူတို့သိတဲ့ အခါကျတော့ ဒီအပေါ်မှာလည်း ဟေးလားဝါးလားသဘောမျိုး ပိုများလာတယ်။ ကျနော်တို့နိုင်ငံမှာ မီးပျက်တယ်၊ မီးပျက်တယ်ဆိုတာ မီးမလာဘူးဆိုတာပဲ သိတာ ဒါကိုဒုကမှန်း သူတို့သိတယ်။ ဖုန်းဘီလ် (ဖုန်းခ) တွေတက်တယ် ဒါကို ဒုကမှန်း သူတို့သိတယ်။ ဒီဟာက ဘယ်သူတွေလုပ်နေတဲ့ဟာလဲဆိုတာ ဒီပရောစက် (လုပ်ငန်းစဉ်) တွေရဲ့ နောက်ကွယ်က ဖြစ်ရပ်က နိုင်ငံရေး အလှည့်အပြောင်း လိုတယ်။ ဒီမိုကရေးစီ ရှင်သန်ဖို့ လိုတယ်ဆိုတာ သူတို့မသိဘူး။”

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးကတော့ အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်သာ မှန်ကန်တယ်ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ လူငယ်တွေ ယုံကြည်လေးစားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပြီး လူငယ်တွေကို ဦးဆောင် စေချင်တယ်လို့ ပြောပါတယ်။ လူငယ်စာရေးဆရာကလည်း ကမ္ဘာမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေ တွေနဲ့ မြန်မာ့နိုင်ငံရေးကို နှိုင်းယှဉ်ပြီး သုံးသပ်ပြပါတယ်။

“အရင်တုန်းက အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောလိုက်လို့ရှိရင် လူထုတရပ်လုံးက အလွယ်တကူ အကုန်လုံးပါလာတဲ့ဟာမျိုးဗျ။ အခုဟာက အဲဒီလိုမျိုးလည်း မဟုတ်ဘူး ပိုခက်တယ်။ အနေအထားက နိုင်ငံရေး ဖီလိုဆိုဖာဆိုတဲ့အဆင့်ကို မရောက်ဖူး အဲဒါကြောင့် တိုင်းပြည်က သခင်သန်းထွန်းနဲ့ ဦးနုနဲ့ ကွဲပြီးတော့ ပြည်တွင်းစစ်တွေဖြစ်ခဲ့တယ်၊ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တာ။”

အမေရိကန်သမတ အိုဘားမား၊ ဖိလစ်ပိုင်သမတ အာရိုယို စတဲ့ခေါင်းဆောင်တွေဟာ ကမ္ဘာ့တက္ကသိုလ် ကျောင်းကောင်းတွေက ဆင်းလာတဲ့သူတွေ ဖြစ်တာနဲ့လည်း နှိုင်းယှဉ်ပြပါတယ်။

“လူငယ်တွေက ဘယ်ပညာတွေကို ဘယ်လိုတက္ကသိုလ်တွေမှာသင်ပြီးတော့ ဘယ်လိုဦးဆောင်မှုတွေ လုပ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ကြမှာလဲ ကျနော် ပြန်မေးချင်တာ။ တက္ကသိုလ်ကောင်းတွေက နိုင်ငံခေါင်းဆောင်တွေ မွေးဖွားနေတာ။ ကျနော်ရှင်းရှင်းပြောရရင် ရိုင်းရိုင်းပြောရရင်ဗျာ မေမြို့စစ်တကသိုလ်က ထွက်လာရုံနဲ့တော့ နိုင်ငံ့ ခေါင်းဆောင်လုပ်လို့ မရဘူး။”

အမည်မဖော်လိုတဲ့ နာမည်ကြီးစာရေးဆရာတဦးကတော့ အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆုံးဖြတ်ထားရိုးသာမှန်ရင် ပွင့်လင်းမြင်သာတဲ့ တာဝန်ယူတာဝန်ခံမှု အပြည့်ရှိအောင်၊ သမာသမတ်ရှိအောင် ကျင့်ကြံသင့်ပြီး တဖက်က ရွှေပြည်အေးတရား ဟော၊ နောက်တဖက်က သေနတ်နဲ့ချိန်ထားတာမျိုးတွေ မလုပ် သင့်တော့ဘူးလို့ ပြောကြားပါတယ်။ ပညာရေးလောကသား စာရေးဆရာတဦးကတော့ လက်ရှိစစ်အစိုးရ စီမံနေ တဲ့ အစိုးရအ ပြောင်းအလဲဟာ ထူးခြားမှာမဟုတ်ဘူးလို့ ဝေဖန်သုံးသပ်ပါတယ်။

“အရပ်သားအစိုးရကို လွှဲပြောင်းတဲ့ပုံစံမျိုးမှ မပါဘူးဆိုတော့ ဒီအတိုင်းပဲရှိမှာပေါ့။ သိပ်ကွာမှာမှ မဟုတ်တာ။ ပထမအဆင့်အနေနဲ့ ဒီအဆင့်ကတော့ ဒီအတိုင်း အကုန်လုံးက ထိုင်ကြည့်ရမယ့်သဘောမျိုးပဲ ရှိတယ်။ အခြေခံဥပဒေရွေးတုန်းကလို ဖြစ်မှာပဲ၊ အဲဒီလိုပဲ တခုခုတော့ဖြစ်သွားမယ်ထင်တာပဲ။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ဘာတို့လွှတ်ပေး လိုက်ရင်တော့ လူငယ်တွေ စိတ်ဝင်စားမယ်ပေါ့နော်၊ အဲဒီဟာကို မျှော်လင့်ကြတယ် တဲ့ ကျောင်းသားတွေက ပြောတာ။”

လူငယ်အကျိုးပြုစာပေတွေနဲ့ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ အောင်သင်းကတော့ လူငယ်တွေကို အခုလို ပြောကြားလိုက်ပါတယ်။

“အရေးအကြီးဆုံးက ကျနော်တခုပဲပြောမယ်။ သမိုင်းကို ညက်ညက်ကျေအောင် ကမ္ဘာ့သမိုင်းကို၊ နိုင်ငံ တွေရဲ့သမိုင်းကို ညက်ညက်ကျေအောင်သိရမယ်။ ပြီးတော့မှ ဒီမိုကရေစီနိုင်ငံတွေရဲ့သမိုင်းကို ညက်ညက် ကျေအောင် သိရမယ်။ အဲဒါတွေ ပြီးတော့မှ အဲဒီတိုင်းပြည်တွေမှာ ဘယ်လိုကျင့်သုံးသလဲ ဆိုတာကို သိကို သိအောင်လုပ်ရမယ်။ အရေးအကြီးဆုံးက သမိုင်းပဲ၊ အခုဖြစ်နေတာက သမိုင်းကိုသိတယ်လို့ ထင်နေသလား၊ သူတို့သိတဲ့ဥစာက စာမေးပွဲဖြေဖို့အတွက်ပဲသိတာ။ ဒီကနေ့ နိုင်ငံရေးဟာ နောက်ကျလို့ရှိရင် သမိုင်းဖြစ်သွားမှာ၊ သမိုင်းဟာ တခါတုန်းက နိုင်ငံရေးပဲ၊ အဲဒီသမိုင်းရဲ့ သင်ခန်းစာကို မယူတတ်သမျှ ကာလပတ်လုံး ကျနော်တို့ လူငယ်တွေက ဘာမှတန်ဖိုးရှိမှာ မဟုတ်ဘူး။”

အစိုးရက သူတို့ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေပါပြီ။ ရွေးကောက်ပွဲဥပဒေနဲ့ နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေတွေလည်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး မကြာခင်မှာ ထုတ်ပြန်လာနိုင်သလို ဒီနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့လည်း နအဖအကြီးအကဲတွေက ပြောကြားထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

2 thoughts on “မြန်မာ့နိုင်ငံရေးနှင့် မြန်မာလူငယ်

  1. လက်ရှိ လူငယ်ဆိုတဲ့ အပိုင်းအခြားကို အသက်အားဖြင့် သတ်မှတ်ကြည့်ချင်တယ်…

    မဲပေးလို့ရတဲ့အရွယ်ဆိုတော့ကာ အနည်းဆုံး ၁၈ ဖြစ်ရမယ်…

    ဒီတော့အဲနောက်ပိုင်းမှာပဲ အသက် ၃၀ ကျော်ကို လူငယ်လို့ ပြောဖို့ခက်ပြန်တယ်။

    ဘာကြောင့်လဲဆိုတော့ အိုဗားမား တောင် ၄၀ ၀န်းကျင်ကို…

    ဒီတော့ ခုလက်၇ှိ လူငယ် ၁၈ နဲ့ ၃၀ ကြားလို့ အကြမ်းဖျဉ်းသတ်မှတ်လိုက်ကြရအောင်။

    ကျနော်က လဲ ဒီဝန်ကျင်ကပဲဆိုတော့ လူငယ်ပဲဆိုပါတော့…

    ကျနော်လေ့လာမှု အားကောင်၏ မကောင်း၏ ကိုဘေးကိုအသာလေးချိတ်ထားရင်တောင်

    ကျနော် ပတ်ဝန်းကျင် လူငယ်အသိုင်းအ၀ိုင်း လက်ရှိ အပြင်လောကာမှာပေါ့လေ

    ဒီ ပို့စ်ကလိုမျိုး … ကိုမင်းကိုနိုင်တို့ စတဲ့… သူတွေလဲ မသိဘူးဗျ…

    စိတ်မ၀င်စားတာက စိတ်မ၀င်စားတာဘဲ…

    သူတို့ကို သိလို့ မသိလို့နဲ့ ကိုမဆိုင်တာ…

    လူငယ်တွေ ယုံကြည်လေးစားရတဲ့ 88 မျိုးဆက်သစ် ခေါင်းဆောင်လို့ ရေးထားတာပါနေလို့ပါ…

    ထိုစာသားကို လူငယ်တစ်ယောက်ရှေ့မှာသာပြောကြည့် ကျနော် အာမခံနိုင်တယ်

    အယောက် ၁၀ ယောက်မှာ ၁ယောက် ရှားရှားပါးပါးမှ တွေ့ပါလိမ့်မယ်…

    ကျန်တဲ့ ၉ ယောက်က အဲ ယုံကြည့်စရာ ဘာမှန်းတောင်မသိတာတွေ့ပါလိမ့်မယ်…။

    လူငယ်တွေ ကိုက အသုံးမကျတာပါ… အမှန်ပြောရရင်တော့…

    နိုင်ငံရေးကို မျက်စိပိတ်နားပိတ် လုပ်ထားတယ်ဆိုတာ မငြင်းပါ…။

    ဒါပေမယ့် သူတို့ ကိုယ်တိုင်လဲ သိချင်စိတ်မရှိပါဘူး

    ဘယ်လောက် ဘယ်သူ ဘာတားတား သူတို့ အပျော် အပါး ဆိုရင်

    ရှာကျန်တတ်ပါတယ်…

    ခိုးလုပ်တတ်ပါတယ်…

    မရရအောင် ရှာဖွေတတ်ပါတယ်…

    နိုင်ငံတစ်ကာက အသိအမြင် ဗဟုသုတ သာ မ တိုးမယ်…

    အပျော်အပါး မဟုတ်၇မ်းတယား မှန်သမျှ သူတို့ ရပါတယ်…

    မြန်မာပြည် လူငယ်တွေ ခေတ်မမှီပြောလျှင် မှားမည်…။

    မှီပါသည် မှီသည်မှ တစ်ဘက်ကိုပင် ကမ်းခပ်ပါသေးမည်..။

    တစ်ကမ္ဘာလုံး သုံးတဲ့ အင်တာနက်ကို သုံးပါသည်…။

    ချက်တင်တတ်သည် ရည်းစားထားသည်လောက်သည် သိသည်…။

    ထိုသို့သော လူငယ်များ များပြားနေသေးသည်…။

    ဒါဥပမာ တစ်ခုတည်းရယ်ပါ…။

    အခြားအခြား အများအပြားရှိသေးသည်…။

    လူငယ်တွေကိုက ပါ…

    Posted by လူငယ် | January 23, 2010, 11:46 am
  2. ဘာကြောင့်ဖြစ်တာလဲတွေ၊ ဘာဖြစ်လို့ဖြစ်ရတာလဲတွေ၊ ဘာကြောင့်မသိရတာလဲတွေ၊ ဘာကြောင့်နားမလည်ရတာလဲတွေ၊ လူငယ်တွေကိုကတွေ၊ လူကြီးတွေကိုကတွေ ခဏထားလိုက်ပါ။

    ဘာဖြစ်နေသလဲ။ အဲဒီတိုင်းဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် အဲဒါကို လက်ခံလိုက်ပါ။
    လူငယ်တွေ မသိရင် မသိဘူးပေါ့။ သူတို့ မယုံရင် မယုံဘူးပေါ့။
    သူတို့မသိတာ သူတို့မယုံတာကို မသိဘူး မယုံဘူးလို့ပဲ ရေးပါ။

    သူတို့ကပဲ သိလိုလို သူတို့ကပဲ ယုံသလိုလို ရေးတာဟာ ဒီနေ့သတင်းစာတွေမှာ ရေးနေသလိုဖြစ်နေတာမျိုးကလွဲပြီး ဘာမှ ထူးခြားမလာနိုင်ဘူးလို့ ယူဆပါတယ်။ သူတို့ကို ကိုယ်စားမပြုနိုင်တဲ့ အတွေးအမြင်၊ ခံစားချက်တွေကို သူတို့ကို ကိုယ်စားပြုသလို ရေးနေတာကို နားမလည်နိုင်ပါဘူး။

    နောက်တခုက ဘာကြောင့်ဆိုတာလိုက်ပြောနေမယ့်အစား၊ ဒီလိုလုပ်ကြရမှာကို ဘာကြောင့်မလုပ်ကြရတာလဲတွေ ပြောနေမယ့်အစား၊ ဘာဖြစ်နေသလဲ ဆိုတာကိုသာ လက်ခံရမယ့်အခြေအနေလို့ ယူဆမိပါတယ်။ ဖြစ်ကိုဖြစ်နေတဲ့ အခြေအနေကို လက်မခံဘဲ နောက်ထပ်ဘာကိုမှ ပြောင်းလို့မရဘူး။

    Posted by Rita | January 29, 2010, 12:56 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: