ကမ္ဘာ့လှည့်ခရီးသွားအလှမယ်ပြိုင်ပွဲကျင်းပပြုလုပ်မည်
အံ့ဘုန်းမြတ် ၂၀ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9666
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုတိုးလာစေရေး ဆွဲဆောင်နိုင်ဖို့အတွက် ပထမဆုံးအကြိမ် မြန်မာ့အလှမယ်ပြိုင်ပွဲတခု ဖေဖေါ်ဝါရီလမှာ ကျင်းပဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ ကမ္ဘာ့လှည့်ခရီးသွား အလှမယ်ပြိုင်ပွဲလို့ အမည်ပေးထားတဲ့ဒီပွဲကို ဖေဖေါ်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာ ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ ကျင်းပဖို့ပြင်ထားတာပါ။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာတို့ပူးပေါင်းပြီး ဒီပွဲကို ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပုဂ္ဂလိကခရီးသွားကုမ္ပဏီတွေက ရွေးချယ်ထားတဲ့ အလှမယ်တွေ ၀င်ရောက် ယှဉ်ပြိင်မှာဖြစ်ပြီး ဆုတွေကိုတော့ ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယဆု ငါးသိန်း၊ တတိယဆု သုံးသိန်း အသီးသီး ချီးမြှင့်မယ်လို့လည်း ခရီးသွားလုပ်ငန်း ရှင်များအသင်းက တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သင်တန်းတွေမှာ ပို့ချပေးနေတဲ့ ၀ါရင့်ဧည့်လမ်းညွှန် ဆရာတဦးကတော့ ခုလိုပြောပြပါတယ်။
“ကောင်းပါတယ် အဲဒါမျိုး မစ်တိုးရစ်စင်မျိုး Miss Tourism Matches (ကမ္ဘာ့လှည့် ခရီးသွားအလှမယ်ပြိုင်ပွဲ) လုပ်တာကောင်းတယ်။ ဆရာလည်း Tourism Development ထဲမှာ တခါနှစ်ခါလောက်တော့ ဆွေးနွေးခဲ့ဘူးပါတယ်။ ဆရာတို့ဆီမှာ လုပ်စရာတွေရှိပါတယ်။ ခွာတိုချင်း၊ ခွာတိုပွဲတို့။ ကချင်မနောပွဲတို့၊ နာဂပွဲတွေစသဖြင့်ပေါ့လေ။ နိုင်ငံခြားသားတွေ အရမ်းစိတ်ဝင်စားကြတယ်။ ဒါမျိုးတွေကိုလည်း အဓိကထားပြီး ပြသင့်တယ်။”
ဒီလိုမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယဉ်ကျေးမှုကို နိုင်ငံခြားသားတွေမြင်တွေ့ကြရမှာ ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှု စစ်စစ်ကို အဓိကထား ဖော်ပြစေချင်တယ်လို့လည်း ဧည့်လမ်းညွှန်ဆရာက အကြံပြုပြောဆိုပါတယ်။ အခြား ဧည့်လမ်းညွှန် တဦးကတော့

“ဒါက ပုံမှန်လုပ်နေတဲ့ လမ်းကြောင်းကနေ ခွဲထွက်ပြီးတော့ လုပ်လိုက်တဲ့ပုံစံမျိုးလို့ဘဲ မြင်တယ်လေ။ ဒီအပေါ်မှာတော့ စိတ်ဝင်စားမှု ဘယ်လိုရှိလာမလဲ ဆိုတာတော့ ကျနော်တို့ အသေအချာခန့်မှန်းလို့ မရသေးဘူး ဖြစ်နေတယ်။ Cultural Show (တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲ) ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့နော်။ အဲဒါမျိုးဆိုရင် တော်တော် စိတ်ဝင်စားလာနိုင်မယ့် အနေအထား မှာရှိတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရိုးရာယဉ်ကျေးမှုတွေမှာ မွန်ဆိုရင်မွန်၊ ရှမ်းဆိုရင် လည်းရှမ်း အဲဒါမျိုးသူတို့ရဲ့ ကိုယ်ပိုင်ဓလေ့ထုံးစံလေးတွေရှိတယ်။ ဂီတလေးတွေရှိတယ်ပေါ့။ အဲဒါမျိုးလေးတွေနဲ့ မိတ်ဆက်ပေးရင်တော့ ပိုအဆင်ပြေ တာပေါ့။”
မြန်မာနိုင်ငံကို စစ်အစိုးရအုပ်ချုပ်နေတဲ့ တိုင်းပြည်တပြည်အဖြစ် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုတွေ မှာ ၂၀၀၇ ဆန္ဒပြပွဲနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးကာလတွေမှာ အထူးကျဆင်းနေခဲ့တာကြောင့် အခုလိုခရီးသည် အလာများအောင် စီစဉ်ကြတာဖြစ်တယ်လို့လည်း အခြားဧည့်လမ်းညွှန်အချို့က ဆိုပါတယ်။ ဒီအခြေအနေမှာပဲ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားခရီးသည် တသန်း လာရမယ်လို့ စီမံကိန်းချထားတယ်လို့ သိရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဧည့်လမ်းညွှန်ကဘဲ အခုလို သုံးသပ်ပြပါတယ်။
“နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ အမြင်ကတော့ အများကြီးတော့ မရောက်လာနိုင်ဘူးပေါ့။ နည်းနည်းလေးတော့ တိုးတက်လာနိုင်တယ်။ အခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထားနဲ့ ကျနော်တို့နိုင်ငံမှာရှိတဲ့ အနေအထားနဲ့က နည်းနည်းကွာနေသေးတယ်။ အဲဒါကိုတော့ လိုက်ယှဉ်လို့ ရမယ်မထင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဧည့်သည်တွေအတွက် Transporting (သယ်ယူပို့ဆောင်ရေးလုပ်ငန်း) တွေ၊ Proposition တွေကအစ သူတို့ဘက်က အားလုံးအဆင်ပြေတယ်လေ။ ကျနော်တို့ ဒီဘက်မှာက ဧည့်သည်တွေကို အခုလို ၁ သန်းလောက် မှန်းထားတာ ရှိတယ်ပေါ့နော်။ ၂၀၁၀ လာလည်ဖို့အတွက်ကို။ ဒီလောက်ကြီး လာလည်မယ်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အရေးတွေ ပေါ်လာနိုင်တယ်။ ဒါပေမဲ့ တဖက်ကလည်း အဲဒီလိုမျိုး အားနည်းတဲ့ အပိုင်းတွေက ရှိနေတော့။ ရင်းနှီးမြှပ်နှံမှုအပိုင်း၊ ဟိုတယ်၊ ကား ဒီလိုဟာမျိုးကအစ ဒီဘက်မှာ ပြန်ပြီးထပ်ဖြည့်ရမယ့် အပိုင်းကလေးတွေ ရှိနေတယ်။”
လက်ရှိအခြေအနေမှာတော့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်မှာ မင်္ဂလာဒုံလေဆိပ်ကနေ နိုင်ငံခြားသားခရီးသွား နှစ်သောင်းကျော် ၀င်ရောက်ခဲ့တယ်လို့ ဟိုတယ်ခရီးက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရှိရပါတယ်။
Leave a Reply