မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ
ပီတာအောင် ၁၆ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9624
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတခု ကို ရန်ကုန်မြို့၊ ကရိတ်ဝိတ်နန်းတော်ဟိုတယ်မှာ ဒီကနေ့မနက်က ကျင်းပသွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲ ဖြတ်သန်းရေး မဟာဗျူဟာနည်းဗျူဟာ ဆွေးနွေးပွဲလို့ အမည်ပေး ထားပြီး ရှမ်းတိုင်းရင်းသား ၀ါရင့်နိုင်ငံသမားကြီး ဦးရွှေအုံး၊ စာရေးဆရာ အောင်သင်း၊ ရွေးကောက်ပွဲဝင်ဖို့လုပ်နေတဲ့ ဒီမိုကရက် တစ်ပါတီက ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေးဒရဲ ဦးဌေးနဲ့ ၈၈ ကျောင်းသား ဟောင်း ကိုဖြိုးမင်းသိန်းနဲ့ ကိုသိန်းဌေးတို့ ပါဝင်ဆွေးနွေး သွားကြပါတယ်။
ဆွေးနွေးပွဲကိုစီစဉ်တဲ့ မြန်မာအရေးဆွေးနွေးပွဲ ကျင်းပရေး ကော်မတီက တာဝန်ခံတဦးဖြစ်သူ ကိုဖြိးမင်းသိန်းက ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခုလိုရှင်းပြ ပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံက တော်တော်များများ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးသွားကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုမကြိုက်ဘူး၊ ဒါပေမဲ့ ကြိုက်တာမကြိုက်တာထက် ဒီအခြေအနေကို လက်ခံပြီး အမြန်ဆုံး စစ်အေးချုပ် ရေး ရပ်ဆိုင်းပြီး ပါလီမန်စနစ်ကို အမြန်ဆုံးသွားနိုင်ဖို့ဆိုတဲ့ သဘောထားကျတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင် ဆွေးနွေးတဲ့ သဘောထားကတော့ ဒီပွဲမှာမရှိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကိုတော့ ဖြတ် သန်းကြမယ်ဆိုတဲ့ သဘောထားတွေ ဆွေးနွေးတဲ့အတွက် ဒီဆွေးနွေးပွဲကို ခွင့်ပြုတယ်လို့ ယူဆတယ်။”
ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမားကြီး ဦးရွှေအုံးကတော့ ခုလိုပြောပါတယ်။

“ကျနော်ဆွေးနွေးလိုတာတော့ အဓိကဟိုဟာမဟုတ်ဘူး။ ထိပ်တိုက်ရင် ဆိုင်ရေးမှ ပူးပေါင်းဆောင်ရွက်ရေးသို့ အဓိကအဲဒါပဲ။ လူမျိုးစုရေးဆိုတာက လူမျိုးကြီးဗမာနဲ့ ကျန်တဲ့လူမျိုးငယ်တွေပေါ့ ထိပ်တိုက်ရင်ဆိုင်ရေး လုပ်မဲ့အစားကို ပူးပေါင်းဆောင်ရွက်ရေး လုပ်ကြဖို့ အရေးကြီးတယ်ပြော တယ်။ အခုရွေးကောက်ပွဲဝင်မယ့် ပါတီတွေလည်း အချင်းချင်း အပြိုင် အဆိုင် လုပ်နေမယ့်အစား ပူးပေါင်းဆောင်ရွက်ကြဖို့၊ ကျနော်တို့ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲရောက်ရင် တပ်မတော်ထောက်ခံမယ့် ပါတီတွေနဲ့ ပြန်ပြီးတော့ ဒီဘက်က ပါတီတွေကလည်း အစိုးရအုပ်စု အတိုက်အခံအုပ်စုဆိုပြီးတော့မှ ရန်တွေ့နေမယ့်အစားကို အဓိကပူးပေါင်း ဆောင်ရွက်ရေးလုပ်ကဖို့”

ထိပ်တိုက် ရင်ဆိုင်ရေးအစား ပူးပေါင်းဆောင်ရွက်ရေးလုပ်ဖို့ အရေးကြီး တဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီ ဒေါ်ချိုချိုကျော်ငြိမ်းကတော့ လာမယ့်ရွေးကောက်ပွဲကနေ တိုင်းပြည် ကောင်း အောင်လုပ်နိုင်မယ့် အရပ်သားတွေ ပါဝင်တဲ့အစိုးရတရပ်ပေါ် ပေါက်လာနိုင်တယ်လို့ မော်လင့်ကြောင်း သူ့ရဲ့အမြင်ကို ခုလိုပြောပြပါတယ်။
“တခြားဘာထွက်ပေါက်မှ မရှိဘူး၊ အနှစ် ၂၀ လုံးလုံး အန်တီတို့ ထောင်ထဲ သွားကြတယ်။ နိုင်ငံရေးသမားတွေဘ၀က အရမ်းရင်နာဖို့ ကောင်းတယ်၊ အထူးသဖြင့် ဒီတိုင်းပြည်ကောင်းအောင် ၀ိုင်းလုပ်ပေး နိုင်တဲ့ နိုင်ငံရေးသမားတွေပါတဲ့ အစိုးရတခု ဖွဲ့နိုင်လိမ့်မယ်လို့ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ပတ်သက်သက် မပတ်သက်သက် အစိုးရသစ်ကို ဖွဲ့လာနိုင်မယ်လို့ ယုံကြည်တယ်။”

ဆွေးနွေးပွဲမှာ ဒေါက်တာခင်ဇော်ဝင်းရဲ့ ၂၀၁၀ မှတ်တိုင်၊ ခင်မောင်ညို ဘောဂဗေဒရဲ့ ၂၀၁၀ သို့ ဆိုတဲ့ စာတမ်းတွေလည်း ဖတ်ကြားခဲ့ပြီး ဆရာအောင်သင်းကတော့ စစ်တပ်ကို ပြည်သူလူထုက ပြန်ပြီးချစ်ခင်မှု ယုံကြည်ကိုးစားမှုရအောင် စစ်ခေါင်းဆောင်တွေ ပြန်ပြီး ကြိုးစားသင့်တဲ့အကြောင်း တိုက်တွန်း ဆွေးနွေးသွား တယ်လို့သိရပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ ဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြား စာရပေမယ့် ကျန်းမာရေးမကောင်းလို့ မသွားရောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင်တော့ တပ်မတော်ဟာ ကာကွယ်ရေးတာဝန်ကိုပဲ အဓိက တာဝန်ယူသင့်တဲ့ အကြောင်း ဆွေးနွေးမယ်လို့ ဒီဗွီဘီကို ပြောကြားသွား ခဲ့ပါတယ်။
“တပ်မတော်က အုပ်ချုပ်လာတာက အခုအနှစ် ၂၀ ကျော်ပြီ တိုးတက်ဖွံ့ဖြိုး မှုက ဘာမှပြသစရာ မရှိသလောက်ဖြစ်နေတယ်။ ပြီးတော့ လူတွေကလည်း အခုထိ ဆင်းရဲကျပ်တည်းတာကိုလည်း တွေ့မြင်နေ ရတယ်။ ဒါကြောင့်မို့ တပ်မတော်အစိုးရအနေနဲ့ တပ်မတော်ခေါင်းဆောင်များအနေနဲ့ တပ်ကိုနိုင်ငံတကာရဲ့ ဘေးအန္တရာယ်မှ ကာကွယ်ဖို့စောင့်ရှောက်ဖို့ တာဝန်ကိုသာ အဓိကယူပြီးတော့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရကို နည်းလမ်းမှန်ကန်စွာ အုပ်ချုပ်သွားအောင် ဘေးကထိန်းသိမ်းသွားဖို့ သင့်တယ်လို့ ဒီလိုပဲယူဆတယ်။”
ဒီကနေ့ဆွေးနွေးပွဲမှာ စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံရေးစိတ်ပါဝင်စားသူ ၅၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Leave a Reply