ရွေးကောက်ပွဲဥပဒေ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု နအဖ နိုင်ငံခြားရေးဝန်ကြီးကပြော
အံ့ဘုန်းမြတ် ၁၅ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9622
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
နိုင်ငံရေးပါတီဖွဲ့စည်းခွင့်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ၇၀ ရာခိုင်နှုန်း ပြီးနေပြီဖြစ်ပြီး ရွေးကောက်ပွဲကို နှစ်လယ်ပိုင်း နောက်ပိုင်းမှာ ကျင်းပပြုလုပ်ပေးမယ်လို့ နအဖအစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ပြော ကြားလိုက်ပါတယ်။
နိုင်ငံရေးပါတီဖွဲ့စည်းခွင့်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး နောက် ၃ လအတွင်း ပြီးအောင်ရေးဆွဲမှာ ဖြစ်သလို ဒီနှစ်လယ်မှာ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမြကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ပြောကြားခဲ့ တာလို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားတာပါ။ ဒီလို ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး ပြည်တွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေးအင် အားစုတခုဖြစ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုဖြိုးမင်းသိန်းက အခုလို သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းပြောတဲ့ အခြေအနေကတော့ သူတို့ဘက်ရဲ့ အမြင်ရုထောင့်ကို သူတို့ပြောနေတာ၊ တကယ်ရွေးကောက်ပွဲ ကို ယှဉ်ပြိုင်ကြမယ့် လူတွေဘက်က စဉ်းစားပေးပြီး ပြောတဲ့သဘောထားကို မတွေ့ရဘူးဖြစ်နေတယ်။ အစိုးရက စစ်အစိုးရပဲဆိုတော့ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလေ။ “လွှတ်တော်မှာသူတို့က လေးပုံတပုံ လာတက်မယ်ဆိုတဲ့ သဘောမျိုးရှိတော့ ဒိုင်လူကြီးအဖြစ် ရပ်တည်ရမယ့် သဘောရှိနေတဲ့အချိန်မှာ သူတို့ပြော တဲ့ဟာက ပြိုင်ပွဲဝင်တဲ့ လူတွေဘက်က သဘောထားကို ထုတ်ပြောတဲ့ ဟာမျိုးမရှိဘူး။ ဒီဘက်ကနေ ပြင်ဆင် ရမယ့် အခြေအနေအခက်အခဲတွေအတွက် ထည့်တွက်မထားတဲ့ သဘောပေါ့။”
ဒါ့အပြင် ဒီမိုကရက်တစ်ပါတီဥက့္ကဌဦးသုဝေကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။
“ဦးဥာဏ်ဝင်းပြောတဲ့ အခု ၂၀၁၀ နှစ်လယ်ဆိုတာ ဘယ်လမှန်းမှ မသိဘဲနဲ့၊ ဆိုတော့ အဲဒါကလည်း အခက်အခဲ တခုရှိတယ်။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲ ဥပဒေထွက်လာခဲ့သည်ရှိသော် ဘာတွေ ကန့်သတ်မှုတွေရှိသလဲ၊ အကန့်အသတ်တွေက ကျနော်တို့ မလိုက်နာနိုင်တာတွေ ဖြစ်နေမလားတော့ မပြော တတ်ဘူးပေါ့။ အဲဒီကန့်သတ်ချက်တွေကိုလည်း ကြည့်ရဦးမယ်။”
“ရွေးကောက်ပွဲ ဥပဒေကြေညာချက် ဘယ်လိုလဲ။ အကန့်အသတ်တွေက ဘာလဲဆိုတာကို မသိဘဲနဲ့တော့ ကျနော်တို့ ဆုံးဖြတ်ရ ခက်တယ်။ သို့သော်လည်း အချိန်က သိပ်နည်းသွားပြီ ဆိုလို့ရှိရင် အဲဒါတွေကို ကျနော်တို့ စဉ်းစားဖို့ အတော်လေးခက်သွားမှာဆိုတော့ ရွေးကောက်ပွဲဝင်ရေး။ မ၀င်ရေး ပြန်စဉ်းစားရမလို ဖြစ်သွားတာပေါ့။”
လက်ရှိအခြေအနေတွေအရ နိုင်ငံရေးပါတီအသစ် ဖွဲ့စည်းခွင့်ဥပဒေတွေ မရှိသေးတာကြောင့် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးအင်အားစုတွေ အနေနဲ့ ထင်သာမြင်သာရှိတဲ့ စည်းရုံး လှုပ်ရှားမှုတွေကို မပြုလုပ်နိုင်သေးဘူးလို့လည်း ကိုဖြိုးမင်းသိန်းက ဆိုပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မယ်ဆိုတဲ့ အခြေအနေက ပြိုင်ပွဲကို ၀င်မယ့်သူတွေအတွက် အချိန်တစ်ခုပေးဖို့လိုတယ်လေ။ ပါတီတွေထူထောင်ကြရမယ်။ ပြီးလို့ရှိရင် ရွေးကောက်ပွဲ ကမ်ပိန်းကာလကို ဖြတ်သန်းကြရမယ်ဆိုတော့ ဒီအချိန်ကာလ ပေးထားတာကလည်း ဘာမှမရှိသေးဘူး၊ တရားဝင် ရပ်တည်မှုတခုကို ဘယ်တော့စပြီး ရမယ်ဆိုတဲ့ အခြေအနေတခုကို အားလုံးက ဒီအခြေအနေ ပေါ်မှာ ဆိုင်းငံ့နေတာပေါ့။
“ဆက်လုပ်မယ့် အလုပ်တွေက ဒီပေါ်မှာမူတည်နေတာပေါ့။ တရားဝင်သိရမှာသာလျှင် တရားဝင် ဆောင်ရွက်နိုင်မှာပေါ့။ အဲဒီအခြေအနေကို ခုချိန်ထိ ထွက်မလာသေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပမှာလဲ။ ဘယ်လောက် လွတ်လပ်တရားမျှတမလဲ ဆိုတာကို အခုအချိန်မှာ ပြောဖို့ တော် တော် ခက်နေတယ်။”
လက်ရှိအခြေအနေမှာတော့ အစိုးရကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းတို့ မြာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ရှိနေပြီးဒီအဖွဲ့အစည်းတွေနဲ့ ပါတီဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားခွင့်တွေမှာ ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီမိုကရက်တစ်ပါတီ ဥက္ကဦးသုဝေက
“အစိုးရဘက်ကတော့ သူတို့ပြင်နေတာ ကြာလှပြီ။ သတင်းလည်း ကျနော်တို့ ရနေတာပေါ့။ သူတို့ကတော့ တော်တော်လေး ပြင်ပြီးနေပြီ၊ သူတို့ facility လည်း ပြည့်စုံနေတယ်။ နောက်ပြီးတော့လည်း တရားဝင်ပါတီကလည်း တခုတည်းရှိတယ်လေ။ အန်အယ်လ်ဒီကတော့ အဆုံးအဖြတ်မကျသေးဘူး။ တစညကတော့ ပြင်နေပြီ သူတို့ကတော့ ရှေ့ကသွားနေတာပေါ့။ ရှေ့ကသွားနေတဲ့ လူတွေနဲ့စာရင် ကျနော်တို့က အများကြီး နောက်ကျတာပေါ့။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့

“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်ထားပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့အတိုင်းပဲ လှေကားသုံးထစ်မှာ အလယ်ကောင်မှာ ရပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမ၀င်ဘူး လို့မပြောလိုဘူး။ ၀င်မယ်လို့လည်း မပြောသေးပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ ထွက်ပေါက်ကနေ ထွက်နိုင်အောင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေဆဲပဲ ရှိပါတယ်။”
“သက်ဆိုင်ရာ အာဏာပိုင်တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရတဲ့ အခါမှာ နိုင်ငံရေးပြသနာတွေ ဖြေရှင်းပြီးတော့ ရှေ့နိုင်ငံရေးခရီးကို ဆက်ပြီးလျှောက်နိုင်မှာ ဖြစ်ပါတယ်။ ပထမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် စီအီးစီအဖွဲ့တွေ တွေ့ဖို့ လိုအပ်ပါတယ်။ တွေ့ပြီး နိုင်ငံရေးလမ်းကြောင်းတွေ ဆွေးနွေးဖြေရှင်းပြီး တဆင့်အာဏာပိုင်တွေကို ကျနော်တို့ ဆက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးဖို့ ဒီလမ်းကြောင်းကို ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ အဲဒီ အခါကျတော့မှ အဖြေက ပေါ်မှာပါ။”
နအဖအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကတော့ ၂၀၁၀ ရွေးကောက် ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုအဖြစ် ကျင်းပပြုလုပ်ပေးမှာ ဖြစ်တယ်လို့ အာဆီယံနိုင်ငံများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွှေဂုံတိုင်ကြေညာချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် သုံးသပ်ရေး နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးနဲ့ တွေ့ဆုံဆွေးနွေးရေးစတဲ့ အချက်တွေကို နအဖ အစိုးရဘက်က လိုက်လျောမှသာ တရားမျှတတဲ့ ရွေးကောက်အဖြစ် အသိအမှတ် ပြုနိုင်မယ်လို့ ကြေညာထားပါတယ်။
Leave a Reply