နာဂရိုးရာ နှစ်သစ်ကူးပွဲတော် နိုင်ငံခြားသားခရီးစဉ်တချို့ ဖျက်သိမ်းရ
အံ့ဘုန်းမြတ် ၁၃ ဇန်န၀ါရီ ၂၀၁0
http://burmese.dvb.no/news.php?id=9599
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
စစ်ကိုင်းတိုင်း အထက်ပိုင်းက နန်းယွန်မြို့မှာ ဒီလ ဇန်န၀ါရီ ၁၅ ရက် ကျင်းပမယ့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို အာဏာပိုင်အစိုးရတွေက လမ်းခရီးလုံခြုံရေး အာမခံချက်မပေးနိုင်တော့ဘူးလို့ ထုတ်ပြန်လိုက်တာကြောင့် နိုင်ငံခြားခရီးသွားတချို့ ခရီးစဉ်တွေဖျက်လိုက်ရတယ်လို့ သိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ဧည့်လမ်းညွှန်တွေရဲ့ ပြောပြချက်တွေအရ နာဂတိုင်း ရင်းသားတွေက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှုတချို့ရှိခဲ့ပြီး အစိုးရက လိုက်လျောမှုမရှိဘဲ တိုင်းရင်းသား တွေနဲ့ အစိုးရအာဏာပိုင်တွေကြား သဘောထားလွဲမှုတွေ ရှိနေခဲ့ပါတယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးအရ နိုင်ငံခြားသားခရီးသွားတွေအတွက် အာမခံချက်မရှိဘူးလို့ ပြောလိုက်တဲ့အတွက် နိုင်ငံခြားသားတွေ ခရီးစဉ်တွေဖျက် လိုက်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧည့်လမ်းညွှန်တဦးကလည်း ခုလိုပြောပြပါတယ်။
“ကျနော်တို့ ကြားသလောက်က အစိုးရနဲ့တိုင်းရင်းသားတွေက ညှိနှိုင်းလို့ သိပ်မရဘူးကြားတယ်။ နောက်တခုကြားတာက အစိုးရအာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ဒါကိုသိပ်ပြီးတာဝန်မယူချင်တဲ့ အပိုင်းလည်း ရှိနိုင်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကုမ္ပဏီတော်တော်များများက ရောင်းပြီးမှ ပြန်ဖျက်လိုက်ရတဲ့ အနေ အထားမှာရှိတယ်။ မြစ်ကြီးနား၊ ဗန်းမော် အဲဒီခရီးစဉ်တွေ ဒီနှစ်မှာများလာတယ်။ ဒီနာဂပွဲတော် အစားကိုပေါ့။”
အိမ်နီးချင်းနိုင်ငံတွေမှာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေနဲ့ နိုင်ငံခြားသားတွေကို အပြိုင်အဆိုင် ဆွဲဆောင်နေကြပေမယ့် မြန်မာစစ်အစိုးရအာဏာပိုင်တွေက အကြောင်းပြချက် အမျိုးမျိုးနဲ့ နိုင်ငံခြားသားတွေမလာအောင် လုပ်နေတာဟာ ခရီးသွားလုပ်ငန်းတိုးတက်အောင် ပြုလုပ်နေတယ်ဆိုတဲ့ အချက်နဲ့ တခြားစီဖြစ်နေတယ်လို့ ဧည့်လမ်းညွှန်က ဝေဖန်သုံးသပ်ပါတယ်။
“ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေကြီးက အခက်အခဲတခုပေါ့နော်။ ပြောရမယ်ဆိုရင် ဧည့်လမ်းညွှန် လုပ်ငန်းတိုးတက်မှုအတွက် အများကြီး အနှောင့်အယှက်တော့ရှိတာပေါ့။ ဒီပွဲတော် တခုလုပ်ဖို့ဆိုတာက အာဏာပိုင်အဖွဲ့အစည်းတခုနဲ့လည်း လုပ်လို့မရဘူး။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး လုပ်ကိုင်ရတဲ့ အပိုင်းလည်း ရှိတာပေါ့။ ဒီပွဲကို တက်ရောက်လာတဲ့ လူမျိုးစုတိုင်းရင်းသားတွေဟာလည်း ပြသနာ လေးတွေရှိတယ်။ သူတို့ကလည်း သူတို့ရဲ့ ဓလေ့ထုံးစံတွေကို သူတို့လုပ်ချင်ကိုင်ချင်တဲ့ ပုံစံလေးတွေမရတဲ့ အခါကျတော့ နဲနဲပြသနာလေးတွေရှိတယ်။ နောက်တခုက နေရာထိုင်ခင်းကိစ၊ စားဖို့သောက်ဖို့ကအစ သိပ်ပြီး အဆင်မပြေဘူးပြောတယ်။”
လက်ရှိကျင်းပပြုလုပ်နေတဲ့ ကချင်ပြည်နယ် မနောပွဲတော်ကို နိုင်ငံခြားခရီးသွားတွေ ပိုသွားနေပြီး အဲ့ဒီဘက်က အခြေအနေတွေကိုလည်း သူကဆက်ပြောပြပါတယ်။
“အဓိကကတော့ သူတို့တိုင်းရင်းသား ဓလေ့လေးတွေနဲ့ ဒီပွဲတော်မှာလာတဲ့ တိုင်းရင်းသားတွေရဲ့ ၀တ်စုံတွေ၊ နေပုံထိုင်ပုံတွေကို ဓိကလေ့လာတာပါဘဲ။ ပတ်ဝန်းကျင်လေးတွေ လှည့်လည်ပြီး ကြည့်ရတာကိုက အရသာတမျိုးဘဲလေ၊ ကျန်တဲ့နေရာနဲ့မတူပါဘူး၊ ပူတာအိုခရီးစဉ်က ဒီနှစ်ထဲမှာ သွားကြတယ်။ ခါတိုင်းနှစ်ထက် စာရင်တော့ ဒီနှစ်က ပူတာအို ခရီးစဉ်က ပိုများတယ်။ ဧည့်သည်တွေလည်း တော်တော် စိတ်ဝင်စားတဲ့အပိုင်းမှာ ရှိတယ်။”
ဒီနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပမယ့် နန်းယွန်းမြို့နယ်ဟာ နာဂတောင်တန်းမှာ နာဂတိုင်းရင်း သားတွေ အများဆုံးနေထိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကစပြီး ဇန်န၀ါရီ ၁၅ ရက်တိုင်း နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင်ပြီး နာဂတောင် ပေါ်မြို့တွေဖြစ်တဲ့ လေရှီးနဲ့ လဟယ်မြို့တို့မှာ တလှည့်စီကျင်းပစဉ်ကတည်းက နိုင်ငံခြားသားတွေ စိတ်ဝင်တစား လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
Leave a Reply