ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်လည်သုံးသပ်တော့မည်
အံ့ဘုန်းမြတ် ၁၂ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9585
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
နအဖအစိုးရက ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးတော့မယ်လို့ ပြောကြားခဲ့ပေမယ့် ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီကတော့ ရွေးကောက်ပွဲဝင်ဖို့ ပြန်လည်စဉ်းစားတော့မယ်လို ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေအခုထိ ထုတ်ပြန်တာမရှိလို့ ကောက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားရတာလို့ ပါတီဥကဦးသုဝေက ပြောလိုက်ပါတယ်။ အခုထိထုတ်ပြန်တာမရှိ သေးတဲ့အတွက် လုံလောက်တဲ့ ပါတီစည်းရုံးရေးကိစတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဦးသုဝေကအခုလိုပြောပါတယ်။
“ခက်ခက်ခဲခဲကြိုးစားရမှာ မလွယ်ဘူး၊ အခုမှကျနော်တို့က ပါတီတွေဖွဲ့ရတယ်။ နောက်ပြီး ပြည်သူ လူထုက ကြည်ညိုတဲ့လူတွေကို ရွေးကောက်ပွဲဝင်ဖို့ ရှာရတယ်။ အချိန်က နည်းတယ်ဆိုတဲ့အခါကျတော့ ပိုပြီးတော့ ခက်မှာပေါ့။ ၉ လလောက် အချိန်ရမယ်ဆိုရင်တော့ ကျနော်တို့ ကြိုးစားပြီးတော့ ပြိုင်မှာပေါ့။ ဒီလောက် မှ အချိန်မရဘူးဆိုရင် ပြန်စဉ်းစားရမှာပေါ့။ ပြန်စဉ်းစားမယ်ဆိုတာ ကိုယ်လုပ်ရင် ဘယ်လောက်ရမလဲ ဘာလဲဆို တာ ဥပဒေကလည်း ထွက်ရမယ်၊ ဥပဒေက ဘာတွေပါမှန်းလဲ မသိသေးဘူး။ ဥပဒေမှာ လုပ်ပိုင်ခွင့်တွေ များများပါတယ်ဆိုရင် တမျိုးစဉ်းစားရမှာပေါ့။ ဥပဒေက အကန့်အသတ်တွေ များတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ကျနော်တို့ မလုပ်နိုင်ဘူးလို့ ဖြစ်မှာပေါ့။”
ထွက်လာဖို့ရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက် ပြီးတော့လည်း ဦးသုဝေက အခုလို ခန့်မှန်းပြောဆိုပါတယ်။
“ကျနော်တို့ မှန်းတာကတော့ အရင် ၉၀ ခုနှစ် ရွေးကောက်ပွဲလိုတော့ ပါတီတွေ အများကြီးတော့ ဖြစ်လာမယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ကန့်သတ်ချက်တွေ အများကြီး ပါလိမ့်မယ်ထင်တယ်။ ဒီအစိုးရက ရွေးကောက်ပွဲဝင်မယ့်ဟာတွေကို ကန့်သတ်ချက်တွေပါတဲ့အခါကျတော့ ၀င်နိုင်မယ့်အဖွဲ့တွေက နည်းသွားမယ်။ အချိန်ကလည်း တော်တော်လေးကိုနီးကပ်ဖြစ်နေပြီ။ အချိန်မရဘူး ဆိုရင်လည်း လုပ်ပိုင်ခွင့်မရ သလိုဖြစ်နေမယ်။ အချိန်မရရင် လုပ်ရတာ တော်တော်ခက်သွားမှာပေါ့။”
ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးချယ်ရာလမ်းမရှိတာကြောင့်လက်ခံပြီး အရပ်သား အစိုးရ ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအင်အားစု တခုဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေတွေ အချိန်မီထုတ် ပြန်ပေးဖို့တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအင်အားစုတခုလည်း ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက လည်း ခုလိုပြောပါတယ်။
“ရွေးကောက်ပွဲဥပဒေတွေကို စိတ်အားထက်သန်စွာ မျှော်တာကလွဲပြီး တကယ်တန်းကျ ဘာမှမလုပ်နိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ အဆင်သင့်ဆိုတာ စိတ်ဓါတ်ကတော့ အမြဲတမ်း အဆင်သင့်ပဲလေ။ တိုင်းပြည်နဲ့လူမျိုး ကောင်းအောင် အန်တီတို့ က အမြဲတမ်း အဆင်သင့်ပဲ ထောင်လည်း ကျခဲ့ပြီးပြီ။ အမျိုးမျိုးခါးဆီးခံခဲ့ရပြီးပါပြီ ဒုကတွေဆိုတာ မျှော်လင့်ရင်းနဲ့ အဆင်သင့်ဖြစ်တာပါ။ ဘာကိုမှတော့ အခုအချိန်ထိ အန်တီတို့ အဖွဲ့အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့် မရှိသေးပါဘူး။”
လက်ရရှိအခြေအနေမှာတော့ အစိုးရကိုယ်တိုင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့တွေနဲ့ တစညပါတီနဲ့ အခြားဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီတွေ လည်းရှိနေပါတယ်။ ဒါပေမဲ့ စည်းရုံးလှုပ်ရှားခွင့်တွေမှာ ကွဲပြားမှုတွေရှိနေတာကြောင့် ပါတီအချင်းချင်း တန်းတူ ရည်တူလှုပ်ရှားခွင့်တွေပေးသင့်ပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းတွေကို အမြန်ဆုံး ထုတ်ပေးသင့်တယ်လို့ တခြား တတိယနိုင်ငံရေး အင်အားစုတွေလို လူသိများသူတွေက တညီတညွတ်တည်း သုံးသပ်ကြတာတွေ့ ရပါတယ်။ လက်ရှိအခြေအနေတွေအရ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ တတိယနိုင်ငံရေးအင်အားစုတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်အဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) ခေါင်းဆောင် ကိုအေးလွင်က ခုလိုပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အဆင်သင့်ကတော့ ဘယ်လိုမှမဖြစ်ဘူးဗျ။ ၁၀ တန်းစာမေးပွဲဖြေသလိုပေါ့၊ စာသင်ခန်းထဲကနေ ကျနော်တို့က စာမေးပွဲအခန်းထဲရောက်တဲ့ အချိန်ထိက ဘယ်လိုမှအဆင်သင့်ဖြစ်တယ်လို့ ပြောလို့မရဘူးလေ။ အားထုတ်ရင်း ဆက်ပြီး အားထုတ်နေရဦးမှာပေါ့။ ဒါပေမယ့် တခုရှိတာကတော့ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ သဘောသဘာဝတွေနဲ့ မူဝါဒတွေက ပျံ့နှံ့သလောက်ဖြစ်နေပါပြီ။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ ကျနော်တို့က အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ သို့သော် အဖွဲ့အစည်းထူထောင်မှု အပိုင်းနဲ့ ပတ်သက်လာရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အခု ၁၂ ခုလောက်ပဲ ဖြန့်နိုင်ပါသေးတယ်။ အချို့နေရာ တွေမှာ ပီပီပြင်ပြင်မရှိသေးဘူး။ ကျနော်တို့ ပီပြင်အောင် ဆက်လုပ်နေတယ်။ အဖွဲ့အစည်းရဲ့ အနေအထား အရဆိုရင် ဆက်ကြိုးစားရဦးမှာပေါ့။ နိုင်ငံရေးအနေအထားအရ ပြောမယ်ဆိုရင် အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရပါတယ်။”
အခြားဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံတဲ့ တတိယနိုင်ငံရေးအင်အားစုတခုဖြစ်တဲ့ ပဒမဖ (ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်အဖွဲ့) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးဝေကလည်း လက်ရှိအခြေအနေကို အခုလိုပြောပါတယ်။
“အဆင်သင့်ဖြစ်နေပြီလို့ပြောရင် ဒါနည်းနည်းကြီးကျယ်ရာကျမယ်၊ အဆင်သင့်မဖြစ်သေးဘူး ဆိုပေမယ့် ရှေ့တန်းမှာရောက်နေတယ်။ ရှေ့တန်းမှာရောက်နေတယ်ဆိုတာက ကိုယ့်ရှေ့မှာမရှိလို့၊ အဲဒီလိုတော့ ပြောလို့ရ တယ်။ လုံလောက်တဲ့ ပမာဏ အဆင်သင့်မဖြစ်ဘူး၊ ယုံကြည်ချက်တွေ အဆင်သင့်ရှိတယ်။ အဖွဲ့အစည်း ဖွဲ့ဖို့အတွက် ဖြစ်နိုင်ခြေတွေနဲ့ပတ်သက်လို့ ချဉ်းကပ်မိထားတာတွေနဲ့ ပတ်သက်လို့ အဆင်သင့်ရှိတယ်။ နောက်တခုက ဦးတည်ရာလမ်းကြောင်းအနေနဲ့ ဘာတွေလုပ်ရမယ် ဆိုတာ လုပ်ငန်းစဉ်တွေအနေနဲ့ အဆင်သင့်ရှိတယ်။ ခုနပြောသလို သွားမယ့်ပါတီပုံဏ္ဍာန်အနေနဲ့ အခုနလိုအင်အားကြီးပါတီကြီးအနေနဲ့ နောင်မှာလည်းတည်ဆောက် မှာမဟုတ်ဘူး။ ဘာလို့လည်းဆို တော့ နိုင်ငံရေးကို လူတိုင်းလုပ်ဖို့ မလိုဘူး၊ လူတိုင်းနားလည်ရမယ်၊ လူတိုင်း နိုင်ငံရေးနိုးနိုးကြားကြား ဖြစ်နေရမယ်။ လူတိုင်းက နိုင်ငံရေးကို တီးမိခေါက်မိနေရမယ်။ ဒါပေမယ့်သူက ပါတီဝင်ဖြစ်ဖို့ မလိုဘူးလို့ အကိုတို့က သုံးသပ်ထားတယ်။”
နအဖအစိုးရရေးဆွဲအတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်သုံးသပ်ဖို့ ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်တွေနဲ့ တောင်းဆို ထားပေမယ့် နအဖအစိုးရဘက်က တစုံတရာ လိုက်လျောခြင်းမရှိသေးပါဘူး။
Leave a Reply