ရှုမ၀ဦးကျော် ရာပြည့်မွေးနေ့အခမ်းအနားကျင်းပ
အံ့ဘုန်းမြတ် ၁၁ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9574
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
မြန်မာ့စာပေလောကနဲ့ ရုပ်ရှင်လောကတွေမှာ ရှုမ၀မဂ္ဂဇင်း၊ ရှုမ၀ရုပ်ရှင်ထုတ်လုပ်ရေးစတာတွေနဲ့ ထင်ရှားကျော်ကြားလှတဲ့ ရှုမ၀ဦးကျော် ရာပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှူး ဒေါ်ရွှေကူမေနှင်းက ဆောင်ရွက်ပြီး ရှုမ၀ဦးကျော်ရဲ့ အထ္ထုပတ္တိကို စာရေးဆရာမကြူကြူသင်းက ဖတ်ကြားကာ ပန်းချီပညာ ရှင်တွေကိုယ်စား ပန်းချီမောင်ညိုဝင်း၊ ဆရာချစ်ဦးညိုနဲ့ ဒေါ်ဆွေဇင်ထိုက်တို့က အမှတ်တရစကားတွေအသီးသီး ပြောခဲ့ကြပါတယ်။
အခမ်းအနားမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာကြီး ဒဂုံတာရာ၊ ဆရာကြီးပါရဂူ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ၊ ဒေါ်ဆွေဇင်ထိုက်တို့ အပါအ၀င်ရှုမ၀မဂ္ဂဇင်း ၀ိုင်းတော်သားဟောင်းတွေနဲ့ မျိုးဆက်သစ်စာပေပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရှုမ၀ဦးကျော်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သတင်းစာဆရာကြီး ဆရာဦးဝင်းတင်က ရှုမ၀ဦးကျော်နဲ့ ပတ်သက်ပြီး အခုလို အောင့်မေ့ပြောဆိုပါတယ်။
“ကျနော်သူ့ကို နမြောနေတာ၊ သူ့ကိုလွမ်းနေတဲ့ဟာက ဘာလဲဆိုတော့ သူကသတင်းစာထုတ်ဖို့ ကြံသေးတယ်ဗျ။ သတင်းစာထုတ်မယ့်လူ ရှုမ၀လိုဟာမျိုးကို ကိုင်တွယ်ပုံ၊ သူ့ရဲ့စာအုပ်တွေကို ကိုင်တွယ်ပုံ၊ ဒါမှမဟုတ် သူ့ရဲ့ရုပ်ရှင်လုပ်ငန်းတွေကို ကိုင်တွယ်ပုံဆိုတဲ့ သူ့ရဲ့ အသိညာဏ်မြင့်မားမှုကို သူ့ရဲ့ စာပေစိတ်၊ အနု ပညာစိတ်၊ ဖြတ်သန်းမှုတွေနဲ့ သူ့ရဲ့ခေတ်အမြင်ပေါ့ သတင်းစာအမြင်တွေနဲ့သာ ပေါင်းစပ်ပြီးတော့ သတင်းစာ တစောင်သာ ဦးကျော် ထုတ်မယ်သွားနိုင်မယ်ဆိုရင် အလွန်ကို ထူးခြားတဲ့ သတင်းစာတစောင်ဖြစ်မယ်၊ ထက်မြက်တဲ့ သတင်းစာတစောင်ဖြစ်မယ်။ ဗမာစာသတင်းစာလောကမှာ အမှတ်တရဖြစ်လောက်တဲ့ သတင်းစာ တစောင်တော့ ဖြစ်ကျန်ခဲ့မှာပဲ။ ကျနော့် စိတ်ထဲမှာတော့ ဦးကျော်ကို သတိရတဲ့အခါတိုင်း ဦးကျော်ကို စာပေသမားတယောက်အနေနဲ့ သတိရတာထက်၊ ရှုမ၀ကိုတည်ထောင်ဖန်ဆင်းခဲ့တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ သတိရတာထက်။ ဒါမှမဟုတ် များစွာသောရုပ်ရှင်တွေ လုပ်ငန်းတွေကို သတိရတာထက်။ ကျနော် ဦးကျော်ကို ဒီကနေ့ အထိအမှတ်ရနေတာက ဦးကျော်မထုတ်ဖြစ်ခဲ့တဲ့ သတင်းစာအတွက် ဦးကျော်ကို ကျနော်ပိုပြီးတော့ သတိရတယ်လို့ ပြောချင်ပါတယ်။”
အခမ်းအနားမှာ ရှုမ၀ဦးကျော် ရာပြည့်အထိမ်းအမှတ် စာအုပ်ထုတ်ဝေပြီး မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရှုမ၀ဦးကျော်ကို ၁၉၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်က ရွေတောင်မြို့မှာ အဖ ဦးတုပ်၊ အမိ ဒေါ်ညွန့်တို့က မွေးဖွားခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ရှုမ၀စာအုပ်တိုက်ကို တည်ထောင်ခဲ့ပြီး ၁၉၄၇ မှာ ရှုမ၀မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် သြဂုတ်လမှာ ရှုမ၀ရုပ်ရှင်ကို စတည်ထောင်ခဲ့ပြီး ရုပ်ရှင်ကား ၁၁ ကား ကိုယ်တိုင် ဇတ်ညွှန်းရေး စီစဉ်ညွန်ကြား ရိုက်ကူးခဲ့ပါတယ်။ ရှုမ၀ ဦးကျော်ဟာ ၁၉၇၄ ခုနှစ် ဖေဖေ၀ါရီလ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ကြည်သန်းနဲ့ သားသမီး ၆ ဦး ကျန်ရှိခဲ့ပါတယ်။ အခု အသက်တစ်ရာပြည့်ချိန်မှာ ကျန်ရစ်သူမိသားစုနဲ့ အနုပညာတပည့်တပန်းတွေ စုပေါင်းပြီး အခုလို ပွဲကျင်းပခဲ့တာ ဖြစ် ပါတယ်။
Leave a Reply