ဒုတိယအအေးလှိုင်း ယခုလလယ် မြန်မာပြည်ကိုဖြတ်မည်ဟု မိုး/ဇလ ခန့်မှန်း
အံ့ဘုန်းမြတ် ၆ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9526
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
မြန်မာပြည်ကို အအေးလှိုင်းနောက်တခု ဒီလလယ်မှာ ထပ်ပြီးဝင်ရောက်မယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကခန့်မှန်း ထားပါတယ်။ ပြီးခဲ့လကုန်ပိုင်းက မြန်မာပြည်ကို ၀င်ရောက်ခဲ့တဲ့ အအေးလှိုင်းဟာ အခုတော့ မြန်မာပြည်ကို ဖြတ်ကျော်သွားပြီဖြစ်ပြီး အရှေ့ဘက် တရုတ်နဲ့ ကိုရီးယာနိုင်ငံတို့ကို ရောက်ရှိနေပြီဖြစ်လို့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေနဲ့ တောင်တန်းဒေသတွေမှာ အနွေးဓာတ်ပြန်ရနေပြီလို့သိရပါတယ်။ အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းတွေဘက်ကလာတဲ့ အအေးလှိုင်း နောက် တခုကတော့ မြန်မာပြည်ထဲကို ဇန်ဝါရီ ၁၄ ရက်လောက်မှာ ထပ်ပြီးဝင်ရောက်ဖို့ ရှိနေတယ်လို့ တွက်ချက်ခန့်မှန်းကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးတဦးက ပြောကြားပါတယ်။
“လက်ရှိအခြေအနေကတော့ ကျနော်တိုဆီမှာ မြောက်ပိုင်းက နည်းနည်းပြန်ပြီးတော့ နွေးလာပြီးတော့ တဖန် ဇန်န၀ါရီ ၁၄-၁၅-၁၆ လောက်ကျရင် တခါ ပြန်အေးလာဦးမယ်။ သို့သော်လည်းပဲ ရှေ့တခုနဲ့က နောက်တခုက ဘယ်သူက ပိုပြင်းထန်မလဲဆိုတာ ကတော့ နည်းနည်းမှန်းရခက်တယ်။ ဖြစ်တဲ့အချိန်မှာ ဖြစ်စဉ်ကိုကြည့်မှသာ ပိုအေးမယ်၊ သိပ်မအေးဘူးဆိုတာ နှစ်ရက်သုံးရက်လောက် ကြိုပြီးတော့သိရမယ်။”
နောက်ထပ် ၀င်ရောက်လာနိုင်တဲ့ အအေးလှိုင်းဟာ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်သန်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။
“အိန္ဒိယဘက်ကလာမယ်၊ မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီးသွားလို့ရှိရင် တရုတ်ထဲကို ယူနန်ထဲကို ရောက်မယ်။ အဲဒီကနေပြီးတော့ ကိုရီးယားကို ရောက်မယ်။ ကိုရီးယားကနေ နောက် ၂ ရက်လောက်ဆို ဂျပန်ကိုရောက်မှာပေါ့။ ဂျပန်ရောက်ရင် ပြီးပြီပေါ့။ ဂျပန်အရှေ့မှာ နောက်ထပ်က ပင်လယ်ပဲရှိတော့တယ်ဆိုတော့ လူနေတဲ့ဟာ မရှိတော့ဘူး။”
ဒီဇင်ဘာလကုန်ပိုင်းတုန်းက ၀င်ရောက်ခဲ့တဲ့ အအေးလှိုင်းကြောင်း စစ်ကိုင်းတိုင်း ကသာမြို့မှာ ရေခဲအမှတ်အထက် ၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ ရွှေဘိုမြို့မှာ ရေခဲအမှတ်အထက် ၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ် အသီးသီးရှိခဲ့ပြီး စံချိန်ကျိုးလောက်အောင် အအေးပိုခဲ့ပါတယ်။ အရင်က ဒီဒေသတွေရဲ့ စံချိန်တင် အပူချိန်တွေက ၆ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်လောက်ပဲ ရှိခဲ့တာကြောင့် ၃ ဒီဂရီစင်တီဂရိတ်ကျော် အပူအချိန်တွေ ကျဆင်းခဲ့တာပါ။ မြန်မာနိုင်ငံကို နှစ်စဉ် ဒီလိုအားပျော့အအေးလှိုင်းတွေ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ၀င်လေ့ရှိပြီး ညအပူချိန်တွေ ကျဆင်းလေ့ရှိတယ်လို့လည်း သိရှိရပါတယ်။ လက်ရှိမိုးလေ၀သအခြေအနေ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်စတဲ့ တောင်ပိုင်းဒေသတွေမှာ မိုးနည်းနည်း ရွာခဲ့ပြီး မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ မြောက်ပိုင်း ကချင်ပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တဲ့ အခြေအနေတွေရှိနေ တယ်လို့ မိုးဇလခန့်မှန်းချက်တွေအရ သိရပါတယ်။
Leave a Reply