စစ်အစိုးရက ရွေးကောက်ပွဲကျင်းတော့မည်ဟု အဆာဟိရှင်ဘွန်း ရေးသား
အံ့ဘုန်းမြတ် ၈ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9550
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
နအဖအစိုးရက ရွေးကောက်ပွဲကိုလာမယ့် အောက်တိုဘာမှာ ကျင်းပတော့မယ်လို့ စစ်အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်းသတင်းစာက ဖော်ပြလိုက်ပါတယ်။ နအဖအစိုးရ ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရကို အာဏာလွှဲပြောင်းရေးအတွက် ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာ ၁၀ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့ နအဖ အကြီးအကဲတွေက ဒီလ ၆ ရက်နေ့မှာ ပြောကြားလိုက်တာလို့ စစ်အစိုးရအရာရှိတွေက ပြောတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲဝင်ဖို့အတွက် စစ်တပ်က အရာရှိအတော်များများလည်း ဧပြီလ နောက်ဆုံးထားပြီး ရာထူးတွေကနေ နုတ်ထွက်ကြရမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို ၆ လ သတ်မှတ်ပေးထားတယ်လို့လည်း အဲ့ဒီသတင်းကဆိုပါတယ်။
ဒီလိုဖော်ပြလာတာနဲ့ပတ်သက်လို့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဖြိုးမင်းသိန်းက သူ့အမြင်ကို အခုလိုပြောပါတယ်။
“ကျနော်တို့ သဘောထားကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ယူအန်ကနေပြီးတော့ ဟိုနေ့က သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ကိစပေါ့။ အတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အပေါ်မှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိတိကျကျ အစိုးရဖက်ကလုပ်ပေးမယ် မလုပ်ပေးဘူး။ လုပ်ပေးမယ် ဆိုရင် ဘယ်ရက်မှာ လုပ်မယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်သင့်တယ် ဆိုတဲ့ဟာကို ကျနော်တို့ သဘောတူပါတယ်။ ၁၀ ရက် ၁၀ လ ၂၀၁၀ မှာ လုပ်မယ်ဆိုတာကို ရန်ကုန်မှာ ကောလဟာလ သတင်းလိုတော့ ဖြစ်နေတာပေါ့။ တိတိကျကျတော့ မရှိသေးပါဘူး။”
နအဖအစိုးရအနေနဲ့ အောက်လွှတ်တော်အတွက် အမတ် ၄၄၀ နေရာ၊ အထက်လွှတ်တော်အတွက် ၂၄၂ နေရာ ပြင်ဆင်ထားပြီး နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဥပဒေတွေနဲ့ ရွေးကောက်ပွဲစည်းကမ်းတွေကိုလည်း ဧပြီလမတိုင်ခင် ထုတ်ပြန်ကြေညာမယ်လို့ အဆာဟိရှင်ဘွန်းသတင်းက ဆိုတာကြောင့် အသစ်ဖွဲ့စည်းမယ့် နိုင်ငံ ရေးပါတီတွေအတွက် အချိန်မလုံလောက်နိုင်ဘူးလို့ ကိုဖြိုးမင်းသိန်းက ဝေဖန်သုံးသပ်ပါတယ်။
“အခုအချိန်ထုတ်ပြန်ရင် အဲဒီ ၂၀၁၀ ၁၀ ရက် ၁၀ လ ဆိုတဲ့ အခြေအနေမျိုးအတွက်ဆိုရင် ၆ လ၊ ၃ လ ဆိုတဲ့ ကောလဟာလ သတင်းကြားနေတာပေါ့။ အဲဒီအခြေအနေမှာဆိုရင် Campaign ကာလ ၆ လ ဆိုတဲ့ အခြေအနေက ဘာပဲပြောပြော Campaign လိုက်လုပ်တဲ့သူက သူ့မြို့နယ်တွင်းစည်းရုံးရေးအတွက် ၆ လကြိုးစားတယ်ဆိုတော့။ နောက်ပါတီရုံးထူထောင်ပြီး သူ ဒီအခြေအနေလည်းရှိ နေတယ်ဆိုရင် ဒါသူလုပ်လို့ ရနိုင်တယ်။ အခုပါတီတွေက ဘာမှမရှိသေးတာ၊ NLD ပါတီတောင်မှ ပြန်လည်ထူထောင်ရအုံးမှာလေ။ ရုံးတွေက ခိုင်ခိုင်မာမာမှ မရှိဘူး။ NLD ရုံးလည်း ရှိမှမရှိတာ။ ဆိုတော့ အဲဒါတွေကို ပြန်လည်ထူထောင်ဖို့အတွက် ခရီးကာလတွေ သွားမယ်ဆိုလို့ရှိရင် ၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ယှဉ်ထိုးစဉ်းစားမယ် ဆိုလို့ရှိရင်တော့ အချိန် ကာလက တအားနည်းတယ်ပေါ့နော်။”

နိုင်ငံရေးပါတီဖွဲ့စည်းခွင့်နဲ့ ရွေးကောက်ပွဲစည်းကမ်းတွေမရှိသေးတာကြောင့် ပြည်တွင်း နိုင်ငံရေးအင်အားစုတွေအနေနဲ့ အစအစအရာရာ ချိန်ဆပြီး လှုပ်ရှားနေကြရတယ်လို့လည်း ရွေးကောက်ပွဲဝင် မယ်လို့ ဆုံးဖြတ်ထားတဲ့ ဒိပြင်နိုင်ငံရေးအားစုဝင် ပုဂ္ဂိုလ်တချို့ကလည်း ပြောပါတယ်။
ဒီအခြေအနေတွေအပေါ် ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကလည်း ခုလိုပြောပါတယ်။
“ဒီ ၂၀၁၀ အတွင်းမှာ လုပ်မယ်ဆိုရင် အခုကတည်းက နိုင်ငံရေးပါတီတွေကို ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်ပေးရမယ်။ ဒါမှသာလျှင် ဒီမိုကရေစီကျတဲ့ ဓမ္မဓိဌာန်ကျတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာမှာပေါ့။ ကပ်ပြီးတော့မှ ကြံ့ခိုင်ရေးလိုဟာမျိုးကနေပြီးတော့ အစီအစဉ်ကတော့ ခုကတည်းကလုပ်နေတာပဲ။ လုပ်နေတော့ အစီအစဉ်က စည်းရုံးရေး ရှိပြီးသားအနေနဲ့ ကြံ့ခိုင်ရေးက နိုင်အောင်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်ရင်တော့ ဒါ တမျိုးပေါ့လေ။ သို့သော်လည်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးကို တို့လုပ်ပေးခဲ့တယ်၊ တို့တပ်မတော်က လုပ်ပေးခဲ့တယ်ဆိုတဲ့ သဘောမျိုးထားရင် အခုကတည်းက နိုင်ငံရေးပါတီတွေကို အောက်တိုဘာလုပ်မယ်၊ နိုဝင်ဘာလုပ်မယ် အစရှိသဖြင့် အနည်းဆုံးတော့ လကိုသတ်မှတ်ပေးပြီးတော စည်းရုံးကြ၊ ဖွဲ့စည်းကြဆိုပြီးတော့ ဟောပြောပြီးတော့ အခွင့်အရေးတွေ ပေးဖို့ကောင်းတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်ကလည်း ခုလို ပြောပြပါတယ်။
“ဒီ နအဖလုပ်မယ့် ရွေးကောက်ပွဲက တိတိကျကျ မကြေညာပဲနဲ့ အခုလို ဂျပန်သတင်းဌာနကတဆင့် ပြန်ပြောတဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ ဝေဖန်ဘို့တော့ ခက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ဘယ်လိုပဲ လုပ်လုပ် ပြောင်းလဲမှုရှိလာမှာ မဟုတ်တဲ့အတွက်ကြောင့် နအဖလည်း ဒီရွေး ကောက်ပွဲ ကို ဒီသူတို့ရဲ့ တရားဝင်မှုအတွက်ကို အဓိကလုပ်တဲ့အတွက်ကြောင့် အခုနပြောသလို ဒီသတင်းဌာနတွေကနေ ပြီးတော့ရတဲ့အပေါ်ကနေပြီးတော့ နအဖအခုလုပ်မယ်ဆိုတဲ့ဟာကို ကျနော်တို့ အကြမ်းဖျင်းတော့ သိရပါတယ်။ ဒါပေမယ့် ဘာမှပြောင်းလဲနိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက်ကြောင့် နအဖကြေညာတာကိုလည်း ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ တရားဝင်မပြောတဲ့အတွက်ကြောင့် နအဖ ဘယ်အချိန်မှာပဲလုပ်လုပ် ဒီရွေးကောက်ပွဲက တကယ်စစ်မှန်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့ ရွေးကောက်ပွဲတခု မဟုတ်သေးဘူးဆို တာတော့ ကျနော်တို့ ပြောနိုင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နအဖအစိုးရအနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက် တွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို ဆောင်ရွက်မှပဲ တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြုနိုင်မယ်လို့ ကြေညာထားပါတယ်။
Leave a Reply