အစိုးရ၀န်ထမ်းများအား လစာတိုးမြှင့်မည်
အံ့ဘုန်းမြတ် ၂ ဇန်န၀ါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=9482
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
မြန်မာစစ်အစိုးရက အစိုးရ၀န်ထမ်းလစာတွေကို ဒီလကုန်က စပြီးတိုးမြှင့်တော့မယ်လို့ ရန်ကုန်က အစိုးရအရာရှိတချို့ဆီက သိရပါတယ်။ အနိမ့်ဆုံးလခစား ကျပ်တသောင်းခွဲကနေ အလယ်အလတ်တန်း လခစား ကျပ်ရှစ်သောင်း ရနေသူတွေကို ကျပ်နှစ်သောင်းစီ ထပ်တိုးပေးမယ်လို့ သိရကြောင်း ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာနက အရာရှိတဦးကပြောပါတယ်။
လစာတိုးမယ့်သတင်းကို အစိုးရကမထုတ်ပြန်သေးပေမယ့် အစိုးရရုံးတွေမှာ တော့ ဒီသတင်းတွေ ပျံ့နေပါတယ်။ ဒါဟာ နှစ်သစ်မှာ စစ်အစိုးရက ပြည်တွင်း တယ်လီဖုန်းခေါ်ဆိုခတွေကို သုံးဆကျော်တိုးမြှင့်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်ထပ်ထွက်ပေါ်လာတဲ့ နှစ်သစ်ဆန်းချိန် အပြောင်းအလဲ တခုဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန အရာရှိတဦးကတော့ လစာတိုးတဲ့အကြောင်း ဌာနကို တရားဝင်နေပြီ ဖြစ်ပေမယ့် စနေ၊ တနင်္ဂနွေဖြစ်နေတာမို့ မမြင်ရသေးဘူးလို့ အခုလိုပြောပါတယ်။
“၂ သောင်းလို့ ကြားတယ်၊ ဒါပေမဲ့ စာထွက်တာတော့ မမြင်ဘူးသေးဘူး။ စာဝင်တယ်လို့ ကြားတယ်။”
အလားတူ ပင်စင်စားအစိုးဝန်ထမ်းအငြိမ်းစားတွေရဲ့ ပင်စင်ခံစားခွင့်တွေကိုလည်း တိုးပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ၀န်ကြီးဌာနတွေကနေ စာရင်းကောက်ခံနေတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းကို အစိုးရ၀န်ထမ်း တဦးက ခုလိုပြောပါတယ်။
“ပင်စင်လစာတော့ သူတို့ နဲနဲတိုးပေးမယ်လို့ပြောတယ်။ ကျန်တဲ့ဝန်ထမ်းတွေ မေးကြည့်တော့ ၀န်ထမ်း အဟောင်းက တထောင့်ရှစ်ရာလောက်ပဲရတယ်။ တချို့က နှစ်ထောင့်ငါးရာလောက်ရတယ်။ သူတို့ရုံးမှာ ကြားတာတော့ စာရင်းတွေ ဘာတွေစောင့်နေတယ်။ ရှစ်ရာ၊ ကိုးရာ၊ တထောင်ဝန်းကျင်လောက်ရတဲ့ လူတွေလည်း ရှိတယ်။ လမ်းစရိတ်နဲ့တောင် မကာမိတော့ဘူး။ ရတာနည်းလို့ဆိုပြီး ဘာလုပ်ပေးမယ်လို့တော့ မသိဘူး။ သူတို့ ကြံ့ခိုင်ရေးကနေပြီးတော့ စာရင်းလာကောက်တယ်။ လခတိုးပေးမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းက တက်ရင်လည်း တက်လာမှာပေါ့။”
ဒီလိုအစိုးရ၀န်ထမ်းတွေ လစာတိုးတိုင်းလိုလိုမှာ ကုန်ဈေးနှုန်းတွေလည်း ပိုပို တက်သွားလေ့ရှိတာ ကြောင့် အစိုးရ၀န်ထမ်းတော်တော်များများကတော့ အခုလို လစာတိုးလာတဲ့အပေါ် အပြည့်အ၀မပျော်နိုင်ကြပဲ ရှိနေပါတယ်။
ဒီအပေါ်ကို အခြားအစိုးရ၀န်ထမ်းတစ်ဦးကပဲ အခုလိုမှတ်ချက်ပေးပါတယ်။
“ဒါကတော့ မြန်မာပြည်မှာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ၀န်ထမ်းလစာတိုးတယ်ဆိုရင် နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာတော့ ၀န်ထမ်းအနေနဲ့ လစာတိုးလို့ ပျော်ရပေမယ့်လည်း နောက်ထပ် တက်လာမယ့် ကုန်ဈေးနှုန်းနဲ့ မထူးတဲ့ဘ၀ကို ပြန်ရောက်လိမ့်မယ်လို့ စိုးရိမ်စိတ်တော့ရှိတာပေါ့။ ဒီစိုးရိမ်စိတ် တွေကို အခုနက လစာတိုးပေးလိုက်တဲ့ အစိုးရက တာဝန်ရှိတဲ့လူတွေကပဲ တာဝန်ယူပြီးတော့ ဖြေရှင်းပေးမယ် ဆိုရင် ဘာမှမဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ ၀န်ထမ်းလစာတိုးလို့ ကုန်ဈေးနှုန်းတွေ တိုးလာတယ်ဆိုတာ ကုန်သည်တွေ နဲ့ပဲဆိုင်ပါတယ်။ ၀န်ထမ်းလစာတိုးပေးသလိုပဲ ကုန်ဈေးနှုန်း မတက်ဖို့အတွက် ကုန်သည်တွေ ဈေးမကစားအောင် အစိုးရဘက်ပိုင်းက ကြပ်မတ်ပေးမယ်ဆိုရင်တော့ အခုတိုးပေးလိုက်တဲ့ လစာ ၂ သောင်းဟာ ၀န်ထမ်းတွေအတွက် ထိုက်ထိုက်တန်တန် တိုးပြီးရရှိသွားတဲ့ လစာဖြစ်သွားမှာပါ။”
ဝန်ထမ်းတဦးကို ကျပ်နှစ်သောင်းဆီ တိုးပေးလိုက်တာကြောင့် အနိမ့်လုံးလစာ တစ်သောင်းခွဲရရှိတဲ့ ၀န်ထမ်းက သုံးသောင်းခွဲ၊ လစာလေးသောင်းသုံးထောင်ရရှိတဲ့ ၀န်ထမ်းတွေက ခြောက်သောင်းသုံးထောင်။ လစာရှစ်သောင်းရတဲ့ ၀န်ထမ်းတွေက လစာတစ်သိန်းနဲ့ လစာတစ်သိန်းလေးသောင်းရတဲ့ အရာရှိတွေက တစ်သိန်းခြောက် သောင်းဖြစ်သွားမှာ ဖြစ်ပြီး အခုဇန်န၀ါရီလအတွက် လစာတွေကနေ စတင်ရရှိကြတော့မှာ ဖြစ်ပါတယ်။
Leave a Reply