Archive for

ရဲချုပ်သတင်းစာရှင်းလင်းပွဲ သတင်းထောက်အများစု သတင်းယူခွင့်မရ


ရဲချုပ်သတင်းစာရှင်းလင်းပွဲ  သတင်းထောက်အများစု သတင်းယူခွင့်မရ

အံ့ဘုန်းမြတ် ၃၀ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9762

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်၊ ကိုရွှေအောင်ဖတ်ကြားထားပါတယ်။)

ရဲချုပ်ခင်ရီအား သတင်းစာရှင်းပွဲတစ်ခုတွင် မြင်တွေ့ရစဉ်

မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ တခုကို ဒီနေ့မနက် ၁၁ နာရီမှာ ရန်ကုန်မြို့။ ဆရာဆံလမ်းက ပြည်ထဲရေး ၀န်ကြီးဌာနရုံးဟောင်းမှာ ကျင်းပသွားပါတယ်။ ဒီရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ရက်ပိုင်း အတွင်း မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာဖော်ပြခဲ့တဲ့ အကြမ်းဖက်ဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ လူ ၁၁ ဦးကို ဖမ်းဆီခဲ့တာတွေနဲ့ပတ်သက်ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြား သွားတာလို့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းဂျာနယ်တချို့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နီးစပ်တဲ့ နိုင်ငံခြားသတင်းဌနတွေနဲ့ သတင်းထောက် တွေကိုပဲ ကွက်ပြီးရွေးချယ်ဖိတ်ကြားခဲ့တာလို့လည်း သတင်းစာရှင်း လင်းပွဲ တက်ရောက်ခဲ့သူတွေက ပြောပြကြပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်တွေကတော့ ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ ဒီလုပ်ရပ်အပေါ် နားမလည်နိုင်အောင်ဖြစ် နေကြတယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်နိုဝင်ဘာမှာ လွှတ်ပေးနိုင်ခြေရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ကျောက်ပန်းတောင်း မြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့တယ်ဆိုတဲ့ကိစ၊ ဗိုလ်ချုပ်မောင်ဦးသာ အဲဒီလိုပြောခဲ့တယ်ဆိုတာ မှန်ရင်တော့ အဲဒီလုပ်ရပ်ဟာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တဲ့ကိစတို့နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးကြမြန်းကြမှာကို မလိုလားတာကြာင့် အခုလို နိုင်ငံခြားသတင်း ထောက်အများစုကို ဖယ်ထုတ်ပြီး ချန်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်တွေ ဝေဖန်သုံးသပ်ပါတယ်။ ဒါအပြင် နောက်ပိုင်း ရွေးကောက်ပွဲအကြိုကာလတွေမှာ နအဖအစိုးရအနေနဲ့ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်ရှိနေဦးမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ဖြစ်ရပါစေ့မယ်လို့ ပြောဆိုနေတာတွေနေတာကို ယုံကြည်နိုင်ကြမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားသတင်း ထောက်တချို့က ပြောပါတယ်။

Advertisements

လတ်တလော အနုပညာသတင်းများ


လတ်တလော အနုပညာသတင်းများ

အံ့ဘုန်းမြတ် ၃၀။ ဇန်န၀ါရီလ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

  • သရုပ်ဆောင်မေသန်းနု

    ဒီကနေ့ညပိုင်း မျှော်စင်ကျွန်းမှာ သရုပ်ဆောင်မေသန်းနုရဲ့ အနုပညာဖြတ်သန်းမှု ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေပါတယ်။ ဒီဖျော်ဖြေပွဲမှာ အနုပညာရှင် အတော်များများ ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်မှာပြီး ၀င်ကြေးကိုတော့ ငါးထောင်ကျပ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

  • နှင်းဆီနှစ်သစ်အငြိမ့်အဖွဲ့သားများ

    ပြီးခဲ့တဲ့အပတ်ထဲက အမျိုးသားကဇာတ်ရုံမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တက် ဆက်တဲ့ နှင်းဆီနှစ်သစ် အနုပညာပဒေသာကပွဲကို ပရိသတ်တွေ အထူးအားပေးခဲ့ကြပါတယ်။ စီစဉ်တင်ဆက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်းကတော့ ဒီအငြိမ့်ကို ပရိသတ် တွေကြည့်ရဖို့အတွက် အမြန်ဆုံးဆင်ဆာအဖွဲ့ကို တင်မှာ ဖြစ်ပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုသလောက်ကိုပဲ ပရိသတ် တွေ ကြည့်ရမှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် သူဦးဆောင်တဲ့ နှင်းဆီသခင် အဖွဲ့သားတွေဟာ မနျွှလေးမြို့မှာလည်း ဖျော်ဖြေ တင်ဆက်ဖို့ရှိသလို လာမယ့်မတ်လထဲမှာလည်း ပြည်ပဖျော် ဖြေပွဲတွေကို သွားရောက်ဖျော်ဖြေ ဖို့ရှိတယ်လို့လည်း သူကဆိုပါတယ် သွားရောက် ဖြေဖျော်မယ့် နိုင်ငံတွေကတော့ စင်္ကာပူ၊ မလေးရှားနဲ့ သြတတျေးလျနိုင်ငံ တို့ဖြစ်တယ် လို့လည်း သိရပါတယ်။

  • ရန်ကုန်မြို့မှာ ရှော့ခ်ရှိတဲ့အချစ်များ ရုံတင်ပြသနေပြီဖြစ်ပြီးတော့ ပရိသတ်တွေ အတော်အကြိုက်တွေ့ကြ တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော် (အာရုံဦး) က ရိုက်ကူးပြီး သရုပ်ဆောင် တွေအဖြစ် ခန့်စည်သူ၊ ပြေတီဦး၊ အိနြာကျော်ဇင်နဲ့ မိုးဟေကိုတို့ အဓိက သရုပ်ဆောင်ထားကြပါတယ်။
  • ဆရာမင်းလူရဲ့ (အောင်ဘာလေ) လုံးချင်းဝထ္ထုသစ်

    စာပေလောက သတင်းတွေဘက်မှာတော့ ဒါရိုက်တာဇင်ယော်မောင်မောင် စီစဉ်ထုတ်ဝေမယ့် အန့်ဘွိုင်းလို့အမည်ပေးထားတဲ့ ဂျာနယ်သစ်တစ်စောင် ထုတ်ဝေဖို့ရှိနေပါတယ်။ ဂျာနယ်မှာတော့ အကြောင်းအရာမျိုးစုံ ပါဝင်မယ်လို့ မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပေမယ့် ဂျာနယ်ကို အယ်ဒီတာဘယ်သူ က ဘယ်လိုတည်းဖြတ်ပြီး ဘယ်လိုစာဖတ်ပရိသတ်ကို ရည်ရွယ်တယ်ဆိုတာမျိုး မပြောကြားပဲ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး မိတ်ဆက်ပွဲလုပ်တဲ့နေမှာ ကြော်ငြာ ထည့်မယ်ဆိုရင် ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ့် ပြောကြားခဲ့တာကြောင့် စာနယ်ဇင်းလောက သားတွေ မျက်လုံးပြူးခဲ့ကြရပါတယ်။ သရုပ်ဆောင်တွေက ဂျာနယ်တွေ မဂ္ဂဇင်းတွေထုတ် လာကြတော့ ဂျာနယ်အယ်ဒီတာတွေ သတင်း ထောက်တွေက ရုပ်ရှင်တက်ရိုက်ကြရမလိုဖြစ်နေ တယ်လို့တောင် စာရေးဆရာတစ်ဦးက ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

  • စာပေလောကသတင်းတစ်ပုဒ်မှာတော့ လူငယ်စာဖတ်ပရိသတ်ရော လူလတ်ပိုင်းအရွယ် စာဖတ် ပရိသတ်တွေပါ အထူးနှစ်သက်ကြတဲ့ စာရေးဆရာ ဆရာမင်းလူရဲ့ လုံးချင်းဝတ္ထုသစ်လည်း ထွက်ရှိထား တာပါတယ်။ စာအုပ်နာမည်ကိုတော့ (အောင်ဘာလေ) လိုအမည်ပေးထားပြီး ငါတို့စာပေက ထုတ်ဝေ လိုက်တာဖြစ်ပြီး တန်ဘိုးကတော့ နှစ်ထောင်ကျပ်ဖြစ်တယ်လို့သိရပါ တယ်။
  • လာမယ့်ဖေဖော် ၀ါရီလ (၆) ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲ ၀က်ဘ်ဆိုက် လွှတ်တင်ထား တယ်လို့သိရပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကိုတော့ www.academy.myanmarcgiaward.com လိပ်စာနဲ့ လွှတ်တင်မှာဖြစ်ပြီးတော့ အကယ်ဒမီဆုပေး ပွဲတွေရဲ့ သမိုင်းနဲ့ ဒီနှစ်စံကာတင်စာရင်းဝင်ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအကျဉ်းတွေနဲ့ ဇာတ်ကားတွေရဲ့ အချက်အလက်တွေကိုပါ စုစည်းဖော်ပြပေးထားပါတယ်။

ရွေးကောက်ပွဲအရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို


ရွေးကောက်ပွဲအရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို

အံ့ဘုန်းမြတ် ၂၉။ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9755

88 Generation Students (၈၈ မျိုးဆက်ကျောင်းသားများ)

မြန်မာစစ်အစိုးရကလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေက တရားမျှတပြီး အားလုံးပါဝင်ခွင် ရှိရမယ်လို့ တောင်းဆိုလိုပါတယ်။ တွေ့ဆုံဆွေးနွေးရေးက ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲကိုပဲ ပြည်သူတရပ်လုံးက လက်ခံ ယုံကြည်နိုင်မှာဖြစ်တာကြောင့် နအဖအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေးရေးကနေ ပေါ်ပေါက် လာတဲ့ တရားမျှတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပလုပ်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာပါ။ ဒီရွေးကောက်ပွဲမှာ အားလုံးလက်ခံ ပါဝင်နိုင်ပြီး အမှန်တကယ် လွတ်လပ်မျှတပြီး ယုံကြည်ရရေးဟာ အရေးကြီးတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုက ပြောထားပေမယ့် စစ်အစိုးရဘက်က အပြုသဘောမတုံ့ပြန်သေးတာကြောင့် ခုလိုကြေညာချက်ထုတ်ပြန်တောင်း ဆိုရတာလို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောကြားပါတယ်။

“အခုထက်ထိ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်သေးဘူး၊ ပြီးတော့ ရွေးကောက်ပွဲ ဥပဒေလည်း မထုတ်သေးဘူး၊ ပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် မရှိသေးဘူး၊ အဲဒီအစား လှုပ်ရှားနေတဲ့လူတွေကို အခုဖမ်းဆီးမှုတွေက ရှိနေတာပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်မှုတွေ ဆိတ်သုဉ်းနေတယ်။ သူတို့ ပြောနေတဲ့အတိုင်း လုပ်တော့မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲက အခုနီးကပ်လာပြီ။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ကို ကျနော်တို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။”

နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလထဲ ပြန်လွှတ်နိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တာ၊ ရွေးကောက်ပွဲကို အောက်တိုဘာလထဲ ကျင်းပမယ်လို့ နအဖအကြီး အကဲတွေရဲ့ ပြောကြားချက်တွေ ဒါတွေကို နှိုင်းယှဉ်ကြည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်ရောက်ခွင့် မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲလို့လည်း ကိုစိုးထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲဏ္ဍအစည်းတွေနဲ့လည်း ဆွေးနွေးအဖြေရှာသင့်ပြီး တန်းတူရည် တူရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးတို့ကို နအဖအစိုးရအနေနဲ့ နားလည်လက်ခံပေးသင့်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်အရ လုပ်နေကြတာဖြစ်တဲ့အတွက် ဝေဖန်စရာမရှိပါဘူးလို့လည်း ကိုစိုးထွန်းကပြော ပါတယ်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီလမ်းစဉ်မှာ လုပ်ငန်းအဆင့်တခုပဲဖြစ်လို့ ဒီရွေးကောက်ပွဲလုပ် ပေးရုံနဲ့ ဒီမိုကရေစီဖေါ်ဆောင်ပေးနေပါတယ်လို့ ပြောလို့မရပါဘူးလို့ ကိုစိုးထွန်းက သုံးသပ်ပြပါတယ်။

“အဲဒီရွေးကောက်ပွဲက ဘယ်လောက်အထိ တရားမျှတမှုရှိမလဲ၊ လွတ်လပ်မှုရှိမလဲ၊ ယုံကြည် စိတ်ချရမှုရှိမလဲဆိုတာ အခုလက်ရှိလုပ်ရပ်တွေက သက်သေပြမှာဖြစ်တယ်။ အဲဒါကြောင့် အားလုံး လက်ခံပါဝင် နိုင်မယ့်ပုံစံမျိုးကိုပဲ ဖော်ဆောင်ပါလို့ ကျနော်တို့ အလေးအနက်ထား မေတ္တာရပ်ခံပြီးတော့ နအဖခေါင်း ဆောင်များကို တိုက်တွန်းချင်ပါတယ်။”

ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်၊ ရွေးကောက်ဥပဒေနဲ့ နိုင်ငံရေးပါတီဖွဲ့စည်းခွင့် ဥပဒေတွေ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီ၊ တရားမျှတစေရမယ်လို့ နအဖအကြီးတွေက နိုင်ငံတကာကို ပြောကြားထားပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို လွှတ်ပြီး တွေ့ဆုံဆွေးနွေးရေးပြုလုပ်မှပဲ တရားမျှတတဲ့ရွေးကောက်အဖြစ် အသိအမှတ်ပြုနိုင်မယ်လို့ ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နအဖစွပ်စွဲချက် မမှန်ဟု ကေအန်ယူနှင့် ရှေ့နေများကောင်စီ ငြင်း


နအဖစွပ်စွဲချက် မမှန်ဟု ကေအန်ယူနှင့် ရှေ့နေများကောင်စီ ငြင်း

အံ့ဘုန်းမြတ် ၂၈ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9744

လွန်ခဲ့တဲ့လပိုင်းတွေက ရန်ကုန်အပါအ၀င် မြို့နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဖောက် ခွဲမှုတွေနဲ့ပတ်သက်ပြီး နအဖအစိုးရက ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) နဲ့ ဘီအယ်လ်စီ (မြန်မာနိုင်ငံရှေ့နေများကောင်စီ) တို့ကို စွပ်စွဲပြီး ဒီနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းနဲ့ လပိုင်းတွေအတွင်း ရန်ကုန်အပါအ၀င် နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကေအန်ယူနဲ့ ပြည်ပအခြေစိုက် ဘီအယ်လ်စီတို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်အစိုးရအာဘော်သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းတို့မှာ ဒီနေ့ဖော်ပြတာပါ။ ဒီလိုဖော်ပြမှုနဲ့ပတ်သက်ပြီး ကေအန်ယူ ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှငွေက တုံ့ပြန်ပြော ကြားပါတယ်။

The Karen National Union (KNU) (ကရင်အမျိုးသားအစည်းအရုံး)

“ကျနော်တို့က လောလောဆယ်မှာ အိုင်စီအာစီတို့ပဲဖြစ်စေ၊ နိုင်ငံတကာပေါ့လေ လူ့အခွင့် အရေးအဖွဲ့အစည်းတွေနဲ့လည်း နီးနီးကပ်ကပ်လက်တွဲပြီးတော့ ကျနော်တို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်တယ်။ အကူအညီထောက်ပံ့ပေးတဲ့ အန်ဂျီအိုမျိုးတွေနဲ့ ဆက်ဆံပြီးတော့ ရှေ့တန်းဒေသမှာရှိတဲ့ လူထုတွေရဲ့ နအဖအကြမ်းဖက်မှုကို ဖော်ထုတ်ပြီးတော့ သူတို့ရဲ့ကူညီစာနာမှု ရယူနေတဲ့သူတွေဖြစ်တယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က အကြမ်းဖက်မှုကိုခံရပြီးတော့ ကျနော်တို့ အကြမ်းဖက်မှုကို ပြန်ကျင့်သုံးဖို့ဆိုတာ ပေါ်လစီလည်းမရှိသလို၊ ညွှန်ကြားချက်လည်းမရှိသလို။ ကျနော်တို့ လုပ်မှာလည်း ဟုတ်ဘူး။ ကျနော်တို့ ပေါ်လစီက ရှင်းရှင်းလင်းလင်း ကျနော်ပြောချင်တဲ့အချက်ပါပဲ။”

ဒီလလယ်ပိုင်းမှာ နအဖစစ်တပ်က ကရင်ပြည်နယ်ထဲက ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့ နယ်တို့က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ရွာသူရွာသားတွေကို သတ်ဖြတ်မှုတွေရှိခဲ့တာတွေကို ကေအန်ယူ ဘက်ကဖော်ထုတ်ခဲ့တာကြောင့် အခုလိုတန်ပြန်စွပ်စွဲတာဖြစ်နိုင်တယ်လို့လည်း ပဒိုစောလှငွေက သုံးသပ်ပါတယ်။ ဒါ့အပြင် နအဖစစ်တပ်တွင်း မကျေနပ်မှုတွေကြောင့် ဖောက်ခွဲဖျက်ဆီးဖို့ အောက်လက် ငယ်သားတွေက ကြံစည်တာလည်း ဖြစ်နိုင်တယ်လို့ စောလှငွေက ခန့်မှန်းပြောကြားပါတယ်။ ဖောက်ခွဲမှုတွေမှာ ပါဝင်ပတ်သက် တယ်ဆိုတဲ့ စွပ်စွဲချက်ချက်နဲ့ပတ်သက်ပြီး ဘီအယ်လ်စီ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဦးမျိုးကလည်း

“ကျနော်တို့ ဘီအယ်လ်စီမှာ အဲဒီလိုဝန်ထမ်းမျိုးလည်း တခါမှလည်းမရှိဘူး။ ဘီအယ်လ်စီက အဲလိုလုပ်ငန်းမျိုး ဘယ်တော့မှလည်း မလုပ်ခဲ့ဘူး” လို့ တုံ့ပြန်ပြော ကြားပါတယ်။

“ကျနော်တို့နဲ့လည်း ဘာမှမပတ်သက်ဘူးခင်ဗျ။ ကျနော်တို့ အံ့အားသင့်နေတယ်။ ကျနော်တို့ ဘီအယ်လ်စီကလုပ်တာ အဲဒီအလုပ်တွေ မဟုတ်ဘူးခင်ဗျ။”

ဘီအယ်လ်စီကို စစ်အစိုးရက မတရားအသင်းကြေညာထားပါတယ်။ နအဖအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားဥပဒေချိုးဖောက်မှုတွေကို ဘီအယ်လ်စီက ဖော်ထုတ်နေတာကြောင့် အခုလိုစွပ်စွဲတာ ပါပဲလို့လည်း ဦးမျိုးက ပြောပါတယ်။

The Burma Lawyers' Council (BLC) ဘီအယ်လ်စီ (မြန်မာနိုင်ငံရှေ့နေများကောင်စီ)

“ကျနော်တို့ မြန်မာနိုင်ငံရှေ့နေများကောင်စီကို မတရားအသင်း ကြေညာတာ ကိုက သူတို့မတရားလုပ် တာဖြစ်တယ်။ မတရားအသင်းလည်း မဟုတ်ဘူး။ ကျနော်တို့ လုပ်ရပ်တွေမှာလည်း ကြည့်၏ပါ။ ကျနော်တို့က ဥပဒေရေးရာ သုံးသပ်တယ်။ တရားဥပဒေနဲ့ပတ်သက်လို့ မတရားလုပ်တာတွေကို ဖော်တဲ့ အတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို မတရားအသင်း ကြေညာထားတယ်။ အဲဒီထက် ထပ်ဆင့် ဒီလိုလုပ်တယ်ဆိုတာက ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ သူတို့မဟုတ်တာတွေကို ဖော်ထုတ်နေတဲ့အတွက် ကျနော်တို့ကို တမင်တကာ စွပ်စွဲတဲ့သဘောမျိုး သက်ရောက်နေတယ်ခင်ဗျာ။ ဒီလုပ်ငန်းဟာ အင်မတန် နိုင်ငံရေးအဆင့်မရှိတဲ့လူတွေရဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးအဆင့်ရှိတဲ့လူတွေက ဒါမျိုးမလုပ်ပါဘူး။”

စစ်အစိုးရဘက်က ဒီလိုရေးသားစွပ်စွဲမှုတွေ မကြာခဏလုပ်နေတာနဲ့ပတ်သက်လို့ ကေအန်ယူ ပြန်ကြား ရေးတာဝန်ခံ ပဒိုစောလှငွေကလည်း ဝေဖန်သုံးသပ်ပါတယ်။

“စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး စစ်ဆင်ရေးတွေက များနေတဲ့အခါ အဓိက အမှန်တကယ်အဆုံး အဖြတ်ပေးမယ့်ဟာက ပြည်သူလူထုပဲ။ ဘယ်သူကဖြူတယ်။ ဘယ်သူကမည်းတယ်ဆိုတာ အဲဒါပဲ ကျနော်ပြော ချင်တယ်။”

အနာဂတ်မြန်မာနိုင်ငံရေးနှင့် ခေါင်းဆောင်လိုအပ်မှု


အနာဂတ်မြန်မာနိုင်ငံရေးနှင့် ခေါင်းဆောင်လိုအပ်မှု

အံ့ဘုန်းမြတ် (၂၉။ ဇန်န၀ါရီ ၂၀၁၀)

ကျွန်တော်စာမရေးဖြစ်တာ အတော်ကြာပါပြီ။ စာမရေးဖြစ်ဘူးဆိုတာကလည်း ကိုယ်ရေးတဲ့ စာတစ်ပုဒ်ကို ပြီးပြီးရော ပို့စ်တစ်ခုအနေနဲ့ ပြီစလွယ် မေ၇းချင်တဲ့ဆန္ဒကြောင့်ပါ။ ကျွန်တော်တလောက သတင်းတစ်ပုဒ်ထုတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ “မြန်မာလူငယ်နှင့် နိုင်ငံရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ကျွန်တော်တို့ မြန်မာလူငယ်တွေ နိုင်ငံရေးနဲ့ ဝေးလာရတဲ့အကြောင်းအရင်းတွေကို ပညာရှင်တွေရဲ့ အမြင်တွေနဲ့ စုပေါင်းပြီး ၆ မိနစ် နီးပါရှိတဲ့ သတင်းဆောင်းပါးအနေမျိုးနဲ့ေ၇းဖြစ်ပါတယ်။ ဒီသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး အမည်မသိရတဲ့ လူငယ်ဆိုတဲ့ နာမည်ဝှက်နဲ့ ဝေဖန် အကြံပြုချက်တစ်ခုလည်းရခဲ့ပါတယ်။ အဲ့ဒီမှာတော့ လူငယ်က

“လက်ရှိ လူငယ်ဆိုတဲ့ အပိုင်းအခြားကို အသက်အားဖြင့် သတ်မှတ်ကြည့်ချင်တယ်… မဲပေးလို့ရတဲ့အရွယ်ဆိုတော့ကာ အနည်းဆုံး ၁၈ ဖြစ်ရမယ်… ဒီတော့အဲနောက်ပိုင်းမှာပဲ အသက် ၃၀ ကျော်ကို လူငယ်လို့ ပြောဖို့ခက်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ အိုဗားမား တောင် ၄၀ ၀န်းကျင်ကို… ဒီတော့ ခုလက်၇ှိ လူငယ် ၁၈ နဲ့ ၃၀ ကြားလို့ အကြမ်းဖျဉ်းသတ်မှတ်လိုက်ကြရအောင်။ ကျနော်ကလဲ ဒီဝန်ကျင်ကပဲဆိုတော့ လူငယ်ပဲဆိုပါတော့… ကျနော်လေ့လာမှု အားကောင်၏ မကောင်း၏ ကိုဘေးကိုအသာလေးချိတ်ထားရင်တောင် ကျနော် ပတ်ဝန်းကျင် လူငယ်အသိုင်းအ၀ိုင်း လက်ရှိ အပြင်လောကာမှာပေါ့လေ ဒီ ပို့စ်ကလိုမျိုး … ကိုမင်းကိုနိုင်တို့ စတဲ့… သူတွေလဲ မသိဘူးဗျ… စိတ်မ၀င်စားတာက စိတ်မ၀င်စားတာဘဲ… သူတို့ကို သိလို့ မသိလို့နဲ့ ကိုမဆိုင်တာ… လူငယ်တွေ ယုံကြည်လေးစားရတဲ့ 88 မျိုးဆက်သစ် ခေါင်းဆောင်လို့ ရေးထားတာပါနေလို့ပါ… ထိုစာသားကို လူငယ်တစ်ယောက်ရှေ့မှာသာပြောကြည့် ကျနော် အာမခံနိုင်တယ် အယောက် ၁၀ ယောက်မှာ ၁ယောက် ရှားရှားပါးပါးမှ တွေ့ပါလိမ့်မယ်… ကျန်တဲ့ ၉ ယောက်က အဲ ယုံကြည့်စရာ ဘာမှန်းတောင်မသိတာတွေ့ပါလိမ့်မယ်…။ လူငယ်တွေ ကိုက အသုံးမကျတာပါ… အမှန်ပြောရရင်တော့… နိုင်ငံရေးကို မျက်စိပိတ်နားပိတ် လုပ်ထားတယ်ဆိုတာ မငြင်းပါ…။ ဒါပေမယ့် သူတို့ ကိုယ်တိုင်လဲ သိချင်စိတ်မရှိပါဘူး ဘယ်လောက် ဘယ်သူ ဘာတားတား သူတို့ အပျော် အပါး ဆိုရင် ရှာကျန်တတ်ပါတယ်… ခိုးလုပ်တတ်ပါတယ်… မရရအောင် ရှာဖွေတတ်ပါတယ်… နိုင်ငံတစ်ကာက အသိအမြင် ဗဟုသုတ သာ မ တိုးမယ်… အပျော်အပါး မဟုတ်၇မ်းတယား မှန်သမျှ သူတို့ ရပါတယ်… မြန်မာပြည် လူငယ်တွေ ခေတ်မမှီပြောလျှင် မှားမည်…။ မှီပါသည် မှီသည်မှ တစ်ဘက်ကိုပင် ကမ်းခပ်ပါသေးမည်..။ တစ်ကမ္ဘာလုံး သုံးတဲ့ အင်တာနက်ကို သုံးပါသည်…။ ချက်တင်တတ်သည် ရည်းစားထားသည်လောက်သည် သိသည်…။ ထိုသို့သော လူငယ်များ များပြားနေသေးသည်…။ ဒါဥပမာ တစ်ခုတည်းရယ်ပါ…။ အခြားအခြား အများအပြားရှိသေးသည်…။ လူငယ်တွေကိုက ပါ…” လို့ လူငယ်တစ်ဦး သုံးသပ်ခဲ့တာပါ။

ဒီနေရာမှာ သူနဲ့ အမြင်မတူတဲ့ လူငယ်ရေးရာတွေေ၇းတဲ့ စာရေးဆရာတစ်ဦးရဲ့ အမြင်ကတော့လည်း ထူးခြားနေပြန်ပါတယ်။ သူကတော့ မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် လူငယ်တွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားပဲနေနေကြပေမယ့် သူစိတ်ထဲမှာ အစစအရာရာ တိုးတက်မှုနှောင့်နှေးနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် သူတို့ကိုယ်တိုင် ဒီအခြေ အနေကို ပြောင်းလွဲနိုင်စွမ်းမရှိကြတဲ့အတွက် မသိလိုက် မသိဖာသာနေနေကြရတာဖြစ်ပြီး။ မီးရှုးမီးပန်းနိုင်ငံရေး လူထုလှုပ်ရှားမှု (အကြောင်းအရာတစ်ခုက လူထုလှုပ်ရှားမှုအသွင်းဆောင်လာခြင်း) ဆိုတဲ့ အခြေအနေမျိုး မှာတော့ အင်အားတစ်ခုအနေနဲ့ပါဝင်လာတက်ကြပါတယ်။  လို့ဆိုပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လူထုလှုပ်ရှားမှုမှာ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစက်တင်ဘာလူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိုမ်နင်း လိုက်တဲ့အခါမှာလည်း လူငယ်တွေရဲ့ အတွေးအခေါ်ထဲမှာ ငါတို့ပါဝင်ခဲ့ပေမယ့် ဘာမှထူးမလာပါဘူးဆိုတဲ့ အသိနဲ့အတွေးအခေါ်က ဆွဲသွားပြန်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ ခေါင်းဆောင်သစ်လိုအပ်ချက်နဲ့ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ် ဒဿနပညာရှင်တွေ မရှိသေးတာကြောင့် လူငယ်တွေနဲ့ ပြည်သူလူထုရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေး အသိစိတ်တွေဟာ မီးခဲပြာဖုံးဖြစ်ဖြစ်သွားရတာပါ။ ဒီလိုဖြစ်အောင်လည်း အစိုးရရဲ့အုပ်ချုပ်ရေး ယန္တရားတွေ၊ အီလစ်လို့ခေါ်တဲ့ အစိုးရတပိုင်းစီးပွားရေး လုပ်ငန်းကြီးတွေ၇ဲ့ လက်ဝါးကြီးအုပ်မှုတွေနဲ့  မြန်မာလူမှုအဖွဲ့အစည်းဝင် တွေကို မျှော်လင့်ချက်ကင်းမဲ့နေအောင်၊ နေစဉ်နဲ့အမျှ စားဝတ်နေရေးဆိုတဲ့ ဘ၀ရပ်တည်ရေး စတဲ့အခြေခံအချက် တွေကို ပြေလည်အောင် ဖြေရှင်းနေရုံနဲ့ အချိန်ကုန်အောင် ဖန်တီးထားတာကြောင့်ပါ။

ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ကလည်း…

ငါတို့သေနက်သံတွေကြားမှာ မွေးခဲ့ရတယ်….

သေနက်သံတွေနဲ့ ကြီးခဲ့ ရတယ်…

အုပ်ချုပ်ေ၇းပုံစံအလွဲ… ပညာရေးပုံစံအလွဲတွေနဲ့

ဘ၀ကို ရွေးချယ်ရာမယ့် ဖြစ်တည်လာခဲ့ရတယ်လို့ မတွေးကြပဲ..

အများတကာကို ခေါင်းဆောင်နိုင်မယ့် ဒါထက်

ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်

ကြိုးစားနေသင့်ကြပါတယ်….

အထူးသဖြင့် ဒါတွေအတွက် ကျွန်တော်တို့ လူငယ်တွေ

အကြောင်းပြချက်တွေ မလိုလောက်ဘူးထင်ပါတယ်…..

ဒီအခြေအနေတွေကို ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဖြစ်စဉ်တွေနဲ့ နှိုင်းယဉ် စဉ်းစားကြည့်တဲ့ အခါမှာ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီခေတ်မှာ အမျိုးသားရေးနဲ့ သူကျွန်ဘ၀လွတ်မြောက်ရေးဆိုတဲ့ ကျွေးကြော်သံတွေနောက်မှာ ပြည်သူလူထုက လွယ်လွယ်ကူကူလိုက်ပါ လာတာကိုတွေ့ရပါတယ်။ အခုအခြေ အနေကတော့ စစ်ကျွန်ဘ၀လွတ်မြောက်ရေး ဒီမိုကရေစီရရှိရေး စတဲ့ကျွေးကြော်သံအောက်မှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုက မသိချင်ယောင် စဆောင်လာပါတယ်။ ကိုယ်သားသမီး ကိုယ့်ဆွေ ကိုယ်မျိုးတွေပဲ တပ်မတော်ထဲမှာ အကြီးအကဲအနေနဲ့ အုပ်ချုပ်စေချင်ကြတာမျိုးတွေရှိလာတယ်။ နောက် ဒီမိုကရေစီရရှိရေး ကြွေးကြော်သံအောက်မှာတော့ လက်ရှိ စစ်အစိုးရလက်ထက်မှာ အခွင့်ထူးခံစားနေရတဲ့ အဆင်ပြေနေကြတဲ့ လူ့အဖွဲ့အစည်းဆိုကလည်းရှိနေပြန်တယ်။ သူတို့ကလည်း အုပ်ချုပ်ရေးစနစ်တရပ်ပြောင်းလဲ လိုက်၇င် သူတို့ပိုင်ဆိုင်တဲ့ သူတို့ရရှိနေတဲ့ အခွင့်အေ၇းတွေ ဆုံးရှုံး၇မှာမျိုး မလိုလားကြပြန်ပါဘူး။ ဒီအခြေအနေ မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားလာနိုင်အောင် စည်းရုံးဖို့က အတော်ခက်မယ့် အခြေအနေမျိုးဖြစ်နေတယ်ဆိုတာ တွေ့ရပြန်မှာပါ။

သမိုင်းကို အလွယ်ပြန်ပြီး သုံးသပ်ကြည့်၇င် ကျွန်တော်တို့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေကာလ အစပိုင်းမှာတော့ ဒီမိုကေ၇စီစနစ်ကို လျှပ်ပြက်သလို တွေ့မြင်ခဲ့ကြရပေမယ့် တကယ်ကို အခိုက်အတန့်လေးပါပဲ။ ဦးနုနဲ့ သခင်သန်းထွန်း အကွဲအပြဲကစပြီး လူတန်းစားတိုက်ပွဲတွေ ကတဆင့် သေနက်သံတွေစတင်ခဲ့ရတာ အခုအချိန်ထိ စစ်အုပ်ချုပ်ေ၇းနဲ့ နှစ်ပါးသွားခဲ့ကြရပါတယ်။ ဒါကတော့ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံေ၇းဒဿပညာရှင်တွေ နည်းပါးမှုပါ။ စစ်ကြိုခေတ်၊ စစ်တွင်းကာလနဲ့ စစ်ပြီးကာလနဲ့ စစ်အေးခေတ်ကာလ တွေရဲ့ ကမ္ဘာနိုင်ငံေ၇းကိုကြည့်ရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဦးဆောင်မှုတွေနဲ့ ဒီနေ့ခေတ် ဖွံ့ဖြိုးတိုးတက် နေတဲ့  နိုင်ငံတွေကိုတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သူတို့နိုင်ငံတွေကို ဦးဆောင်နေကြတဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ တော်လှန်ေ၇း စစ်တလင်းက မွေးဖွားပေးလိုက်တဲ့ သူရဲကောင်း ခေါင်းဆောင်တွေ မဟုတ်တော့ပဲ ကမ္ဘာတက္ကသိုလ်ကျောင်းကြီးတွေက မွေးဖွားပေးလိုက်တဲ့ ခေါင်းဆောင်တွေကြည့်ပဲ ဖြစ်နေ ကြတယ်ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံရေးဒဿနဗေဒပညာရှင်တွေလို့ ဆို၇မယ်ထင်ပါတယ်။ တနည်းပြောရရင်တော့ ပလေတိုရဲ့ (ရီပတ်ပလစ်ကျမ်း) ထဲက အခြေအနေမျိုးလို့ဆိုရမှာပါ။

ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီအခြေအနေမျိုးရှိနေကြတဲ့ ပညာတက် ပုဂ္ဂိုလ်တွေအများကြီးရှိနေကြ ပါတယ်။ သူတို့တတွေအနေနဲ့ တိုင်းပြည်ထဲက သေနက်သံတွေ တိတ်သွားဖို့ကြိုးစားသင့်သလို နောက်လက်ဆင့် ကမ်းပေးခဲ့ရမယ့် တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကိုလည်း ဒဿနနဲ့တိုင်ပြည်ကို ခေါင်းဆောင်နိုင်မယ့် မျိုးဆက် တွေအဖြစ် မွေးဖွားပေးခဲ့ဖို့ တာဝန်ရှိတယ်လို့မြင်ပါတယ်။ မင်းတို့ကတော့ဖြင့် သေနက်သံတွေကြားမှာ ကြီးခဲ့ရတဲ့ကောင်တွေ မင်းတို့ ဘာမှ သိမှာမဟုတ်ပါဘူးလို့ ချိုးနှိုမ်နဲ့ အမြင်မျိုးတွေနဲ့ မကြည့်ကြပဲ သူတို့အတွက် ဘယ်လိုပြုစုပျိုးထောင်မှုတွေ လုပ်ပေးသင့်တယ်ဆိုတာ တွေးခေါ်စဉ်းစား လုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်ပါ တယ်။ လက်ရှိနိုင်ငံေ၇းအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် အားထားစရာ ခေါင်းဆောင်တွေ ကျွန်တော် တို့တိုင်းပြည်ရဲ့ လူငယ်တွေအတွက် လိုအပ်နေပါတယ်။ လူငယ်တွေ လိုအပ်နေတဲ့ ခေါင်းဆောင်မှု မျိုးကိုပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ လူငယ်တွေရှေ့ကို ထွက်ကြစေချင်ပါတယ်။

နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ကလည်း ငါတို့သေနက်သံတွေကြားမှာ မွေးခဲ့ရတယ်။ သေနက်သံတွေနဲ့ကြီးခဲ့ရတယ်။ အုပ်ချုပ်ေ၇းပုံစံအလွဲ… ပညာရေးပုံစံအလွဲတွေနဲ့ ဘ၀ကို ရွေးချယ်ရာမယ့် ဖြစ်တည်လာခဲ့ရတယ်လို့ မတွေးကြပဲ.. အများတကာကို ခေါင်းဆောင်နိုင်မယ့် ဒါထက် ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားနေသင့်ကြပါတယ်။ အထူးသဖြင့် ဒါတွေအတွက် ကျွန်တော်တို့ လူငယ်တွေ အကြောင်းပြချက်တွေ မလိုလောက်ဘူးထင်ပါတယ်။

အံ့ဘုန်းမြတ်

Categories

%d bloggers like this: