၁၄ ကြိမ်မြောက် အမေနေ့စာပေဟောပြောပွဲ၊ မြို့မငြိမ်းရာပြည့်မွေးနေ့ ကျင်းပ
အံ့ဘုန်းမြတ် ၃၀ ဒီဇင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9455
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ် ကိုဇော်ဇော်လှိုင် ဖတ်ကြားပေးထားပါ။)
ဒီနေ့ဟာ ဆရာဦးသုခရာပြည့်မွေးနေ့ ဖြစ်သလို သူဦးဆောင် ကျင်းပပြုလုပ်ခဲ့တဲ့ အမေနေ့ အခမ်းအနားကို ၁၄ ကြိမ်မြောက်အဖြစ် မန္တလေးမြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် ဒီညနေပိုင်းမှာပဲ မန္တလေးမြို့မှာ ဆရာမြို့မငြိမ်းရာပြည့် အထိမ်းအမှတ် ဂီတဖျော် ဖြေပွဲလည်း ကျင်းပပြုလုပ်နေပါတယ်။
ဆရာဦးသုခ ရာပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သူဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ ပြာသိုလပြည့် အမေနေ့ ဟောပြောပွဲအခမ်းအနားကို ၁၄ ကြိမ်မြောက် အဖြစ် မန္တလေးမြို့၊ စင်္ကြာသီဟ ဘုရားဝင်းအတွင်းက ဝေဇယံန္တာမဟာဗန္ဓုရုံမှာ ဒီနေ့နေ့ခင်းက ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီအခမ်းအနားမှာ ဆရာဗိုလ်ကလေးတင်အောင်၊ ဒါရိုက်တာမောင်နေမျိုး၊ စာရေးဆရာ ချစ်သန်းမြင့်၊ ဒါရိုက်တာမောင်နှင်းမိုးတို့နဲ့အတူ အမေနေ့အကြောင်း၊ ဆရာဦးသုခအကြောင်း ဟောပြောခဲ့တဲ့ သရုပ်ဆောင် ချိုပြုံးက ခုလိုပြောပါတယ်။

“ဗိုလ်လေးတင့်အောင်၊ ဒါရိုက်တာမောင်နေမျိုး၊ ဆရာချစ်သန်းမြင့်၊ ဒါရိုက်တာကိုနှင်းမိုး၊ ပြီးတော့ ကိုအေးကြူလေးတို့နဲ့ အမေအကြာင်းနဲ့ ဆရာကြီး ဦးသုခအကြောင်းပေါ့။ မန္တလေးဆိုတဲ့ အသိကလည်း အစွဲလေးပေါ့နော်။ မန္တလေးကိုလည်း ကျေးဇူးတင်တယ်။ ဆရာကြီးရဲ့ ကျေးဇူးကိုလည်း ဖော်ရတော့ ဆရာကြီးရဲ့ ကျေးဇူးကို တစိတ်တဒေသ ဆက်လိုက်ရတယ်လို့ ဆိုပြီးတော့ ရင်းအေးရတယ်။”
ဒီနေ့မှာပဲ ဆရာမြို့မငြိမ်းရာပြည့်မွေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲလည်း မန္တလေးမြို့ မြို့မတူရီယာ အသင်းတိုက်တည်ရှိတဲ့ ၂၁ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ ဒီနေ့ညနေ ၆ နာရီက စတင်ကျင်းပပြုလုပ်နေတယ်။ ဒီဂီတဖျော်ဖြေပွဲမှာ မန္တလေးမြို့မ တူရိယာတီးဝိုင်း ၀ိုင်းတော်သားတွေ နဲ့အတူ စန္ဒယားဆရာ ဦးသိန်းမောင်၊ ဒေါ်ရီရီသန့်၊ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်မြင့်မြင့်သန်းတို့နဲ့အတူ မန္တလေးက စာပေအနုပညာရှင်တွေက ဖျော်ဖြေ တင်ဆက်နေကြတာဖြစ်ပါတယ်။
ဆရာမြို့မငြိမ်းရာပြည့်မွေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကျင်းပရတာနဲ့ ပတ်သက်လို့ ဆရာမြို့ မငြိမ်းအကြောင်း သမိုင်းပြုစုနေတဲ့ စာရေးဆရာဆူးငှက်က မန္တလေးက စာပေအနုပညာရှင်တွေနဲ့ မြို့မတူရိယာ အသင်းတို့ပူးပေါင်းပြီး ဆရာကြီးကို ဂါဝရပြုတဲ့ အထိမ်းအမှတ်အစီအစဉ် ဖြစ်တယ်လို့ပြောပါတယ်။

ဆရာမြို့မငြိမ်းဟာ မဟာဂီတကနေ မြန်မာ့သံဂီတအဖြစ် အနောက်တိုင်း တူရိယာ၊ အနောက်တိုင်း ဂီတသင်္ကေတတွေနဲ့ ရေးသားစပ်ဆိုပြီး မြန်မာ့ကိုယ်ပိုင်ဟန် ဂန္ထ၀င်ဂီတအဖြစ် ကမ္ဘာကို ချပြနိုင်အောင် ကြိုးစားခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ဆရာဘ၀နိဂုံးနဲ့ ပတ်သက်လို့ ဆရာဆူးငှက်က ခုလိုပြောပါတယ်။
“မဟာဂီတထဲက မယ်လိုဒီတွေကို ကမ္ဘာသုံးတူရိယာပစည်းတွေ၊ ကမ္ဘာသုံး ဂီတသင်္ကေတတွေနဲ့ ပူးတွဲပြီးတော့ မြန်မာအောင်ဂင်စာ စင်ပိုနီအော်ဂင်စာ ဆိုတာကြီး ၀ိုင်းဖွဲ့လုပ်ဖို့ ရည်ရွယ်ချက် ကြီးကြီး လုပ်ခဲ့ကြ တာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ တပိုင်းက ခုနအခြေအနေတွေအရ မပေးတဲ့ ပြသနာတွေပေါင်းစုံ၊ ပညာရှင် အခက်အခဲ၊ တူရိယာပစည်း အခက်အခဲ၊ အခြားသော အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပြီး နောက်ဆုံး သူ့ကိုယ်သူ ကားအောက် ခေါင်းထိုးပြီးတော့ ဘ၀အဆုံးသတ်ခဲ့ရတဲ့အထိ ဒီအပေါ်မှာ သံယောဇဉ်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။”
ဆရာမြို့မငြိမ်းတို့ မြို့မတူရိယာတီးဝိုင်း စတင်ထူထောင်ချိန်က မြန်မာ့ကိုယ်ပိုင်ဟန် ဂန္ထ၀င်ဂီတတွေ အဖြစ် ကမ္ဘာကိုချပြဖို့ ကြိုးစာခဲ့ကြတဲ့ အိပ်မက်ဟာ သူကွယ်လွန်ပြီးနောက်ပိုင်း နှစ်ငါးဆယ်ကျော်ကြာတဲ့ အချိန်အထိ မြန်မာပြည်မှာ ဖြစ်မလာသေးဘူးလို့လည်း ဆရာဆူးငှက်က ပြောပါတယ်။

“ဆရာငြိမ်း ၁၉၅၅ မှာ ဆုံးတယ်၊ အခု သူဆုံးတာ ၅၄ နှစ် ရှိပြီးပေါ့။ သို့သော်လည်း သူရည်မှန်းတဲ့ အဆင့်ကို မရောက်သေးဘူးပေါ့။ မရောက်သေးတာ လက်ရှိ သူတို့ဝိုင်းပြီးတည်ထောင်ခဲ့တဲ့ မြို့မတူရိယာ အသင်းအနေနဲ့လည်း မရောက်နိုင်သေးဘူး။ ကျန်တဲ့ မြန်မာစင်ဖိုနီအော်ဂင်စာ အခုအထိ မဖြစ်သေး တာပေါ့ဗျာ။ ဆရာငြိမ်းတို့ ရည်ရွယ်တာက မြန်မာလူမျိုးတွေက ဒီအနောက်တိုင်း တူရိယာတွေနဲ့ ဗစ်သိုဗင်ကိုတီးမယ်။ မိုးစက်ကိုတီးမယ်ဆိုတဲ့ အဆင့်မျိုး မဟုတ်ဘူး။”
“မြန်မာလူမျိုးတွေက အနောက်တိုင်း တူရိယာပစည်းတွေနဲ့ အနောက်တိုင်းသင်္ကေတတွေ အသုံးပြုပြီးတော့ မြန်မာသီချင်းကြီးတွေကို စင်ဖိုနီပုံစံကို တင်ဆက်ချင်တာကိုး။ အခုမဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက ဂီတနဲ့ပတ်သက်လို့ ဥပမာဆိုပါတော့ မြန်မာ့ဆိုင်းဆိုရင် ပျောက်သလောက် ဖြစ်သွားပြီး။ မြန်မာသံဆိုရင် ဒီမှာ နှာခေါင်းရှုံ့ကုန်ကြပြီ၊ အဲဒီတော့ ဘာဖြစ်လဲ ဒီဘက်က မကောင်းလို့လား။ အ ရည်အချင်းမရှိလို့လားမဟုတ်ဘူးဗျ။ အားပေးတာနည်းသွားတာ။”
လက်ရှိအခြေအနေမှာ ဆရာမြို့မငြိမ်းမွေးနေ့ရာပြည့် ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တဲ့အပေါ်ကို မန္တလေးသားစာရေးဆရာ ဆရာကျော်ရင်မြင့်ကတော့ မြန်မာ့ဂီတလောကနဲ့ ပြည်သူထူထုအတွက် အလုပ်အများကြီး လုပ်သွားတဲ့လူကို ဂုဏ်ပြုတာ အင်မတန်ကောင်းတဲ့အစဉ်အလာ တခုဖြစ်ပြီး ပြုလုပ်တဲ့သူ တွေကိုလည်း ကျေးဇူးတင် ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။
Leave a Reply