ရာသီဥတု, သတင်း

ဟိမ၀န္တာ အအေးလှိုင်းကြောင့် မြန်မာပြည် ဒေသအချို့ အအေးလွန်


ဟိမ၀န္တာ အအေးလှိုင်းကြောင့် မြန်မာပြည် ဒေသအချို့ အအေးလွန်

အံ့ဘုန်းမြတ် ၂၈ ဒီဇင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9432

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသဘက်ကလာတဲ့ အအေးလှိုင်းတွေက အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင် တန်းကို ဖြတ်ကျော်ပြီး မြန်မာပြည်ဘက်ကို ၀င်လာတာကြောင့် လွန်ခဲ့တဲ့ သုံးရက်လောက်ကစလို့ အအေးပိုလာပြီး ညအပူချိန်တွေ သိသိသာသာကျဆင်းနေလာပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တောင်းတန်းဒေသတွေမှာ အပူချိန်ကျ ဆင်းနေတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒဌာန ညွှန်ကြားရေးမှူးတဦးက ပြောပါတယ်။

မိုး/ဇလဘာသာရပ်မှာ ရေခဲမှတ်အောက် အနုတ် ၇ ဒီဂရီစတင်တီဂရိတ်နဲ့ အောက် အခြေအနေကို အအေးလှိုင်းအဖြစ် သတ်မှတ်ပါတယ်လို့ မိုး/ဇလညွှန်ကြားရေးမှူးက ပြောပါတယ်။

ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - http://www.nairobroo.com)

ညအပူချိန် ၄ ဒီဂရီစင်တီဂရိတ်ရှိနေတဲ့ မေမြို့ ပြင်ဦးလွင်က ၂၀၀၉ အိုင်စီတီ နည်းပညာပြပွဲကို ရောက်ရှိနေတဲ့ ရန်ကုန်သား လူငယ်တဦးက အအေးဓာတ် ခံစားနေရပုံကို ပြောပြပါတယ်။

“ဒီမှာ ညဆိုရင် မတရားကြီးကို အေးတာ၊ စကားတောင်မပြောနိုင်ဘူး၊ တုန်နေတာ၊ တော် တော်အေး တယ်။ ညဆိုရင် အသားထဲကကို အေးတာ၊ အနွေးထည် ဘယ်လောက်ဝတ်ထားဝတ်ထားမရဘူး။ ဒီက မေမြို့မှာ လူတွေက သူတို့နေလာခဲ့တဲ့ သက်တမ်းမှာ အဲဒီလောက် မရှိဘူး။ မေမြို့မှာ ပိုအေးတယ်။ နှင်းက မနက်ဆို တော်တော်ကြီးကို ဖွေးနေတယ်၊ မြူတွေခိုးပြီးတော့ အရမ်းကို ပိတ်နေတယ်။”

ပြင်ဦးလွင်ဒေသခံတဦးကတော့ ဒီနှစ်ရာသီဥတု မမှန်လို့ နှစ်စဉ် ဒီဇင်ဘာလဆန်း စပြီး အေးနေကျ ဖြစ်ပေမယ့် မအေးခဲ့ဘဲ အခုမှစပြီး အအေးပိုလာပုံကို အခုလိုပြောပြပါတယ်။

“ဒီနှစ်ရက်သုံးရက်မှာမှ တော်တော်အေးတယ်။ ဒါပေမယ့် မအေးတဲ့ အချိန်တုန်းကလည်း တန်ဆောင် တိုင်ဆိုရင် ခါတိုင်းဆိုရင် ဆီးနှင်းတွေကျပြီးမှ အေးရမယ့်အချိန်တုန်းက အဲလောက် မအေးဘူး။ မီးပုန်းပျံပွဲတုန်းက မအေးတာရှိခဲ့တယ်။ အေးတဲ့အချိန်ကျတော့လည်း တော်တော့ကို ပိုအေးလာတယ်။”

အပူချိန် ၇ ဒီဂရီဖြစ်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒေသခံတဦးကလည်း

“အခု နည်းနည်းပိုအေးလာတယ်ဗျ။ အေးတာက သုံးရက်လောက် ရှိသွားပြီ” လို့ ပြောပါတယ်။   “နှင်းကတော့ အရင်လိုမကျတော့ဘူး။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ၁၀ နာရီ၊ ၁၁ နာရီ နှင်းတွေကို ပိတ်လို့ပေါ့။ အခုကျတော့ နှင်းကျတာတွေ သိပ်မရှိတော့ဘူး။ အေးတာကတော့ ခပ်ခြောက်ခြောက်ပဲဗျ။ လေကတော့ သိပ်မတိုက်ပါဘူး။”

ချင်းပြည်နယ် ဟားခါးမြို့မှာတော့ ရေခဲမှတ်အောက် အနုတ် ၄ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်နေ ပါပြီ။ အဲဒီဒေသမှာ ရေခဲနေပြီဖြစ်သလို အရင်နှစ်တွေထက်စာရင် အအေးဓာတ်ကျရောက်ချိန် ပိုစောလာတယ်လို့ ဟားခါးမြို့ခံတဦးက ပြောပါတယ်။

“အပြင်မှာ ရေတိုင်ကီတို့ ဘာတို့မှာ ရေခဲတာ၊ မုံညင်းရေလောင်းတာတို့ ဘာတို့လည်း မနက်ပိုင်း လုပ်လို့မရဘူး၊ ရေခဲကုန်တော့လေ။ နေထွက်လာပြီးတော့မှဘဲ ဖြည်းဖြည်း အရည်ပျော်ပြီးမှဘဲ ရေတွေဘာတွေ လောင်းလို့ရတယ်။ ၉ နာရီ၊ ၁၀ နာရီကျမှပဲ ရေပျော်တယ်။”

“ညတော့ ကိုယ့်အိမ်မှာပဲ နွေးနွေးထွေးထွေး မီးလေးဘာလေးလှုံ စောင်လေးဘာလေး ခြုံပြီးတော့ နေကြတာ၊ မနှစ်တုန်းကဆိုရင် ဇန်န၀ါရီလအလယ်လောက် နောက်ဆုံးအပတ်ဆိုမှ မိုင်းနပ်စ် (အနုတ်) ၄ ထိရှိတာ။ ဒီနှစ်က စောစောစီးစီ ဒီဇင်ဘာလမှာ မိုင်းနပ်စ် ၄ ဖြစ်လို့ မနှစ်တုန်းကထက် ပိုအေးတဲ့ သဘောရှိသွား တယ်။”

အအေးဓာတ်လွန်ကဲလေ့ရှိတဲ့ ဒေသတွေက ဒေသဆိုင်ရာ မိုးလေ၀သနှင့်ဇလဗေဒဌာနတွေအနေနဲ့ ဒေသခံပြည်သူတွေကို သတင်းအချက်အလက် တိတိကျကျ ထုတ်ပြန်ပေးစေချင်တယ်လို့လည်း ဟားခါးမြို့ခံတချို့က ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေဘက်မှာတော့ ညအပူချိန် ကျဆင်းမှုကြောင့် သက်ကြီးရွယ်အိုတချို့ သေဆုံးမှုတွေရှိနေတယ်လို့ ရခိုင်ပြည်နယ်ကရရှိတဲ့ သတင်းတွေအရ သိရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အပူချိန်တွေကတော့ ကချင်ပြည်နယ် ပူတာအိုမြို့မှာ ၄ ဒီဂရီ စတင်တီဂရိတ်၊ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ ၄ ဒီဂရီ၊ နမ့်ဆန်မြို့မှာတော့ ရေခဲမှတ် သုညဒီဂရီ၊ ပင်လောင်းနဲ့ ဟဲဟိုးမြို့တို့မှာ တစ်ဒီဂရီ၊ မနျွှလေးတိုင်း မိုးကုတ်၊ ရခိုင်ပြည်နယ် အမ်းမြို့တို့မှာ ၂ ဒီဂရီ၊ ချင်းပြည်နယ် ဟားခါးမြို့မှာ ရေခဲမှတ်အောက် အနုတ် ၄ ဒီဂရီ၊ ပလက်ဝမြို့မှာ ၈ ဒီဂရီ၊ မင်းတပ်မြို့မှာ ၄ ဒီဂရီ အသီးသီးဖြစ်နေတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “ဟိမ၀န္တာ အအေးလှိုင်းကြောင့် မြန်မာပြည် ဒေသအချို့ အအေးလွန်

  1. ဟုတ်ပါတယ်။ ရွှေဘိုလို အပူပိုင်းမြို့မှာတောင် မကြုံစဖူး ၃ ဒီဂရီစင်တီဂရိတ်ဆိုတော့ အရမ်းအေးနေပါတယ်။ ကျနော့်တစ်သက်တာ ရွှေဘိုမှာ အဲလောက်အေးတာ မကြုံခဲ့ဖူးပါဘူး။

    Posted by နွေဆူးလင်္ကာ | December 29, 2009, 12:19 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: